ရုရှား သတင်းဌာန ဖြစ်တဲ့ TASS မီဒီယာ သတင်းအရ ရုရှား နိုင်ငံပိုင် ကုမ္ပဏီ တခုဖြစ်တဲ့ Almaz-Antey ဟာ ၎င်း၏ နောက်ဆုံးပေါ် ရေတပ်သုံး လေယာဉ် ပစ် စက်အမြောက် နှင့် ဒုံးကျည် တွဲလျက် စနစ် Palma naval anti-aircraft gun-missile (AAGM) system ကို ထုတ်လုပ်ပြီးပြီလို့ သိရပါတယ်။
ဒီ လက်နက်အသစ်ကို ၂၀၂၁ ခုနှစ် ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကာကွယ်ရေး ပြပွဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။
Palma လို့အမည်ပေးထားတဲ့ ဒီလက်နက်စနစ်ဟာ လေယာဉ်ပစ် စက်အမြောက် နှင့် ဒုံးကျည်ကို စနစ်တခုထဲမှာ တွဲလျက် တပ်ဆင်ထားတာ ဖြစ်ပါတယ်။
လက်နက်တင်ပို့ရောင်းချသည် ကုမ္ပဏီ Rosoboronexport အဆိုအရ ဒီစနစ်မှာ အနီးကပ် အတွဲလိုက်ပစ် ၃၀ မီလီမီတာ စက်အမြောက် ၂ လက်၊ ပြွန် ၄ ခုပါ Sosana-R လေဆာလမ်းညွှန်စနစ်သုံး တာတိုပစ် ဒုံးကျည်ပစ်စနစ် ၂ ခုနှင့် optical- အီလက်ထရောနစ် အာရုံခံကိရိယာ များ ပါဝင်ပါတယ်။
ဒီစနစ်ရှိ စက်အမြောက်ဟာ ဝေဟင်မှ ပစ်မှတ်များကို ၀.၂ ကီလိုမီတာ မှ ၄ ကီလိုမီတာ အကွာအဝေးကြားမှာ ဟန့်တားနိုင်မှာ ဖြစ်ပြီး ဒုံး ကျည်စနစ်ကတော့ ၁၀ ကီလိုမီတာ အကွာအဝေးကြားမှာ ဟန့်တားနိုင်မှာပါ။

အမြင့်အားဖြင့် စက်အမြောက်ဟာ ၃ ကီလိုမီတာ အမြင့်မှ ပစ်မှတ်ကို ဟန့်တားနိုင်ပြီး ဒုံးကျည်ကတော့ ၅ ကီလိုမီတာ အမြင့်အထိ ရောက်ရှိနိုင်ပါတယ်။
စက်အမြောက်၏ ပစ်အားမှာ တမိနစ်လျှင် ကျည် ၁ သောင်းခန့်နှုန်းဖြင့် ပစ်ခတ်နိုင်လို့ အလွန်ကောင်းတဲ့ ပစ်အားလို့ ဆိုရမှာပါ။
၃၀ မီလီမီတာ စက်အမြောက်ကျည် ၁ ထောင် နှင့် ဒုံးကျည် ၈ လုံးကို အဆင်သင့်အနေအထားဖြင့် တပ်ဆင်ထားနိုင်ပြီး တုံ့ပြန်မှုဟာ ၃ စက္ကန့်မှ ၅ စက္ကန့်အတွင်း ဖြစ်ပါတယ်။
ဒီလက်နက် စနစ်ဟာ အလေးချိန် ၆,၉၀၀ ကီလိုဂရမ်ရှိပြီး ရေယာဉ်ငယ်များမှာ တပ်ဆင် အသုံးပြုနိုင်ပါတယ်။
Palma ကို နေ့/ည သုံး optical အီလက်ထရောနစ် ထိန်းချုပ်ပစ်ခတ်စနစ် ဖြင့် တွဲဖက် တပ်ဆင်ထားပြီး အာရုံခံ ကိရိယာများဟာ လုံးဝ အလိုအလျှောက် စနစ်များဖြင့် လည်ပတ်ကာ၊ ဖိဖျက်စနစ် ခံနိုင်မှုနှင့် အီလက်ထရို မဂ္ဂနက်တစ်လှိုင်း ထုတ်လွှင့်မှု မရှိပါဘူး။
Rosoboronexport အဆိုအရ ဒီစနစ်ဟာ အနိမ့်ပျံလာတဲ့ သင်္ဘောဖျက်ဒုံးများ၊ အရွယ်အစား သေးငယ်တဲ့ ပစ်မှတ်များ နှင့် လေထိုး လှေများကို ပစ်ခတ်နိုင်သည့်အပြင် မောင်းသူမဲ့လေယာဉ်များကိုပါ တားဆီးနိုင်မယ်လို့ ယုံကြည်ရပါတယ်။
အဆိုပါ စနစ်ကို လက်ရှိမှာ ပြည်ပ တင်ပိုဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ Project 22160E ပဲ့ထိန်းဒုံးတင် ကော်ဗက်စစ်သင်္ဘောများမှာ တပ်ဆင် စမ်းသပ်ထားပြီး ဖြစ်ပါတယ်။
Project 22160 ကော်ဗက်များဟာ ကမ်းဝေး ကမ်းနီး စောင့်ကြည်ရေးနှင့် ကာကွယ်ရေး ကင်းလှည့် စစ်သင်္ဘောများ အဖြစ် ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒီသင်္ဘောများကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ မှာ စတင်ရေချခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာတွေ ၅ စီး တည်ဆောက်နေဆဲဖြစ်ကာ ပထမဆုံး တစီးဟာ ၂၀၁၈ ဒီဇင်ဘာမှာ ရုရှားရေတပ်တွင် စတင် တာဝန်ထမ်းဆောင် နေတာ ဖြစ်ပါတယ်။
Almaz-Antey ကုမ္ပဏီဟာ Antey ကော်ပိုရေးရှင်း နှင့် NPO Alamaz ကုမ္ပဏီတို့ ပူးပေါင်းခြင်းမှ ဖြစ်ပေါ်လာတာ ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ဒီကုမ္ပဏီဟာ ရုရှားနိုင်ငံမြို့တော် မော်စကိုတွင် အခြေစိုက်တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ကာကွယ်ရေး ရောင်းချမှု ဝင်ငွေ တိုင်းတာချက်အရ ကမ္ဘာ့ပေါ်တွင် နံပါတ် ၈ အကြီးဆုံး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021