ရုရှား၏ မျိုးဆက်သစ် ကိုယ်ပျောက်တိုက်လေယာဉ် မနေ့က ပြသ

Military News

ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြသမည့်ဟု ကြေငြာခဲ့သည့် ရုရှားတို့၏ မျိုးဆက်သစ် တိုက်လေယာဉ်ကို MAKS လေကြောင်းပြပွဲတွင် ပြသပြီး ဖြစ်ပါတယ်။

ဒီလေယာဉ်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒီတိုက်လေယာဉ်သစ်ဟာ ပြည်ပသို့ တင်ပို့ ရောင်းချရန်အတွက် ရည်ရွယ် ထုတ်လုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

“Checkmate” လို့ တင်စားထားတဲ့ ဒီ တိုက်လေယာဉ်သစ်ဟာ အမေရိကန်တို့ရဲ့ F-35 ကို ယှဉ်ပြိုင်ဖို့ ရာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်လောက်တွင် စတင် ပျံသန်းဖို့ မျှော်လင့်ထားကာ ၂၀၂၆ တွင် ပထမအသုတ် ထုတ်လုပ်ရေးများကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ United Aircrraft Corporation ၏ ဥက္ကဌ Yury Slyusar က ပြောပါတယ်။

ရုရှားတို့ဟာ ထုတ်လုပ်မှုတွေ စတင် နိုင်ပါက ၁၅ နှစ်တာ ကာလအတွင်း အစင်းရေ ၃၀၀ လောက် ဆက်တိုက်ထုတ်လုပ်သွားဖို့ မျှော်လင့်ထားပါတယ်။

Rostec ကုမ္ပဏီကတော့ ဒီလေယာဉ်ဟာ ရေဒါပျောက် စွမ်းရည်ရှိပြီး တွေ့မြင်နိုင်ဖို့ ခဲယဉ်းကာ ပျံသန်းမှု ကုန်ကျစရိတ်ဟာလည်း သက်သာတယ်လို့ ဆိုပါတယ်။

RIA သတင်း အေဂျင်စီမှ သတင်းများအရ ဒီလေယာဉ်သစ်ဟာ အမေရိကန် ဒေါ်လာ ၂၅ သန်းမှ သန်း ၃၀ ကြားသာ ကျသင့်မယ်လို့ သိရပါတယ်။

မော်စကိုဟာ အရှေ့အလယ်ပိုင်း၊ အာရှဖစိဖိတ် ဒေသနှင့် လက်တင် အမေရိကဒေသများမှ ဒီလေယာဉ်အတွက် အမှာစာများ ရရှိမယ်လို့ မျှော်လင့်နေပါတယ်။

Slyusar မှ “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လေယာဉ်ကို ဝယ်ယူနိုင်ရုံသာမက၊ ပျံသန်းနိုင်အောင် ပျံသန်းမှုကုန်ကျ စရိတ်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အချက်အလက်များအရ ဒီတိုက်လေယာဉ်ဟာ ကီလိုမီတာ ၃,၀၀၀ လောက် ကို စစ်ဆင်နိုင်ပြီး၊ ပြေးလမ်းတိုနှင့် တက်နိုင် ဆင်းနိုင်ပါတယ်။

အင်ဂျင်တလုံးတပ်ဖြစ်ပြီး အသံထက်၂ ဆလောက် အမြန်နှုန်းဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပြီး ၎င်းကို ယခင်ခန့်မှန်းထားသည့်အတိုင်း Su 57 ၏ Izdelye 30 အင်ဂျင်မှ မောင်းနှင်စေမှာ ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ ဝန်အပြည့် ၁၈ တန်နှင့် လက်နက် လက်နက်တန်ချိန် ၇တန် လောက် တင်ဆောင် စစ်ဆင်နိုင်မယ့် အပေါ့စားတိုက်လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။

လက်နက်များအနေဖြင့် Su-57 တွင်ပါဝင်သည့် GSh-30-1 ကဲ့သို့ ၃၀ မီလီမီတာ စက်အမြောက်ပါဝင်နိုင်ပြီး RVV-BD တာဝေးပစ် ဝေဟင်မှ ဝေဟင် ပစ်ဒုံးကျည် ၃ လုံးကို သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီ ဒုံးကျည်ဟာ ဟိုက်ပါဆိုးနစ် ဒုံးကျည်ဖြစ်ကာ ၁၂၄ မိုင်လောက်က ပစ်မှတ်ကို အသံထက် ၆ ဆ အမြန်နှုန်းဖြင့် တိုက်ခိုက်နိုင်ကာ ဒုံးကျည်ကို ထိန်းချုပ်ဖို့ လေယာဉ်၏ ကွန်ပျူတာနှင့် datalink ချိတ်ဆက် ထားဖွယ်ရှိပါတယ်။

အမည်အားဖြင့် ပြသထားသည့် လေယာဉ်ကိုယ်ထည်တွင် 75 ဟူသည့် နံပါတ်ကို ဖော်ပြထားသဖြင့် Su-75 လို့ အမည်ပေးနိုင်ဖွယ် ရှိပါတယ်။

မျိုးကွဲအနေဖြင့် လူမှ ထိန်းချုပ် မောင်းနှင်နိုင်သည့် တိုက်လေယာဉ်နှင့် မောင်းသူမဲ့ တိုက်လေယာဉ် ဆိုပြီး ၂ မျိုး ထွက်လာဖွယ်ရှိပါတယ်။

ကုန်ကျစရိတ်သက်သာစေရန် လက်ရှိ ရုရှား လေယာဉ်များတွင် တပ်ဆင်အသုံးပြုနေသည့် အီလက်ထရောနစ်စနစ်များကို ဆက်လက်သုံးစွဲ သွားဖွယ်ရှိပြီး ရေဒါအနေဖြင့် AESA ရေဒါကို အသုံးပြုနိုင်ပါတယ်။

အားနည်းချက်ကတော့ အခြား ပဥ္စမမျိုးဆက် တိုက်လေယာဉ်များဟာ 9G နှင့်အထက်ခံနိုင်အောင် တည်ဆောက်ထားပေမယ့် ဒီတိုက်လေ ယာဉ်ဟာ 8G အထိသာ ခံနိုင်သောကြောင့် dog fight တွင် အခြား ပဥ္စမမျိုးဆက် တိုက်လေယာဉ်များကို ယှဉ်ပြိုင်နိုင်ဖွယ် မရှိပါဘူး။

ရုရှားဟာ ဒီနှစ်ပိုင်းတွေ အတွင်းမှာ လက်နက်အသစ်များ၏ ရှေ့ပြေးပုံစံများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပေမယ့် ထုတ်လုပ်နိုင်ဖို့ရာအတွက်တော့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အရ F-35 များဟာ မျိုးကွဲအပေါ်မူတည်ပြီး ဒေါ်လာ သန်း ၁၁၀ မှ ၁၃၆ သန်းလောက်အထိ ကုန်ကျပါတယ်။ တရုတ်တို့၏ J-20 ဟာ သန်း ၁၂၀ ခန့် ကုန်ကျနိုင်ပြီး Su-57 ဟာ ဒေါ်လာ သန်း ၁၀၀ နီးပါး ကုန်ကျပါတယ်။

ဒါ့ကြောင့် ၂၅ သန်းမှ သန်း ၃၀ ကြားသာရှိမည့် ဒီလေယာဉ်သစ်တွင် ပဥ္စမမျိုးဆက် တိုက်လေယာဉ်များကို ယှဉ်နိုင် မယှဉ်နိုင်ဆိုတာ သံသ ယ ဖြစ်စရာပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *