ရုရှားဟာ ၎င်းတို့၏ ဒုံးပစ်စင်ဖြင့် ပစ်လွှတ်ရသည့် အဆင့်မြင့် တိုက်ချင်းပစ် ဒုံးပျံ ICBM ဖြစ်သည့် Sarmat ကို ယခုနှစ် ဆောင်းဦးရာသီတွင် ပထမဆုံး ပစ်လွှတ်ဖို့ရာအတွက် ဆောင်ရွက်နေတယ်လို့ ရုရှားမီဒီယာ TASS အရ သိရပါတယ်။
Sarmat ကိုပထမဆုံး ပစ်လွှတ်မှုဟာ ဒုံးပျံ ပျံသန်းနိုင်စွမ်း တိုးတက်မှုကို အကဲဖြတ်ခြင်း၏ တစိတ်တဒေသ ဖြစ်ပြီး ဒီနှစ်ဆောင်းဦးမှာ ပထမ ဒုံးပျံကို စမ်းသပ်မှာဖြစ်ကာ ဒုတိယမြောက်ကို ၂၀၂၁ နှောင်းပိုင်းတွင် စမ်းသပ်မည် လို့ TASS က ပြောပါတယ်။
ဒါပေမယ့် အဆိုပါ သတင်းဌာနဟာ Sarmat နှင့် ပတ်သက်သည့် သတင်းအချက်အလက်တွေကို ဘယ်အချိန်မှာ ထုတ်ပြန်ခဲ့သလဲဆိုတာတော့ တရားဝင် အတည်ပြုချက် မရရှိခဲ့ပါဘူး။
ဇွန်လအတွင်း Krasmash ထုတ်လုပ်ရေး စက်ရုံ၏ ညွှန်ကြားရေးမှူးချုပ် Alexander Gavrilov ကတော့ Sarmat ဒုံးပျံကို ၂၀၂၁ ခုနှစ် တတိယ ၃ လပတ်အတွင်း စမ်းသပ်ဖို့ စီစဉ်ထားတယ်လို့ TASS သတင်းဌာနကို ပြောပါတယ်။
ရုရှားတို့၏ SSX-X-30 “Satan II” လို့သိကြတဲ့ RS-28 Sarmat ဟာ ဆိုဗီယက်ခေတ် ၁၉၇၀ ခုနှစ်များကတည်းက ထုတ်လုပ်ထားတဲ့ ကမ္ဘာ့ စွမ်းအားအပြင်းဆုံးထဲမှာ ပါဝင်သော တိုက်ချင်းပစ် ဒုံးပျံဖြစ်တဲ့ R-36M2 Voevoda တွေနေရာမှာ အစားထိုးဖို့ စမ်းသပ်နေတာ ဖြစ်ပါတယ်။
Sarmat ဟာ ယခင် ဒုံးပျံထက် သိသိသာသာ ပိုမို ကြီးမားပါတယ်။ ၎င်း၏ အချို့ ထူးခြားချက်များကိုတော့ Army-2019 ဖိုရမ်တွင် ထုတ်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။
တိုက်ချင်းပစ် ဒုံးပျံသစ်ဟာ အလေးချိန် ၂၀၈.၁ တန်၊ ထိပ်ဖူးရှိ လက်နက်အလေးချိန် ၁၀ တန်ရှိပြီး လောင်စာမှာ ၁၇၈ တန်အထိ အလေးချိန် ရှိပါတယ်။
Sarmat ၏ ရောက်ရှိနိုင်စွမ်းကတော့ အံ့မခမ်း ၁၈,၀၀၀ ကီလိုမီတာ အထိရှိပါတယ်။

ဒါ့အပြင် ၎င်းဟာ မခန့်မှန်းနိုင်လောက်တဲ့ လမ်းကြောင်းများနှင့် လေကြောင်းကာကွယ်ရေး ထူထပ်စွာချထားတဲ့ နယ်မြေများကို ကျော်လွှားနိုင်မယ်လို့ သိရပါတယ်။
၎င်းဟာ မြောက်ဝင်ရိုးစွန်းနှင့် တောင် ဝင်ရိုးစွန်းများကို ဖြတ်ကျော်နိုင်ကာ ကြားဖြတ်ဖို့ မမျှော်မှန်းနိုင်တဲ့ လမ်းကြောင်းများမှနေပြီး ပစ်မှတ်ဆီသို့ ချဉ်းကပ်နိုင်မှာပါ။
Sarmat ဒုံးပျံတွင် ဟိုက်ပါဆိုးနစ် Avangard glider များအပါအဝင် အာကာသအတွင်းမှ လေထုထဲသို့ ပြန်လည် ဝင်ရောက်သွားလာနိုင်တဲ့ reentry vehicle များကိုပါ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ယခင် Knowledgeworms မှ တင်ခဲ့သည့် Sarmat နှင့် သက်ဆိုင်သည့် အချက်အလက်များအရ ဒီဒုံးကျည်ဟာ တခြား ဒုံးကျည်များထက် ထိပ်ဖူးပိုမိုသယ်ဆောင်နိုင်ပြီး ပြင်သစ် သို့မဟုတ် အမေရိကန် တက်ဆက်စ် ပြည်နယ် အရွယ် အစားလောက်အထိ ဖျက်ဆီးနိုင်တယ်လို့ ဆိုထားပါတယ်။
၂၀၁၆ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာနျူကလီးလား စောင့်ကြည့်ရေးအဖွဲ့မှ ရုရှားတို့၏ ဒုံးကျည်ဟာ အကြီးစားနျူကလီးယားထိပ်ဖူး ၁၀ ခုသို့မဟုတ် အလယ်အလတ်ထိပ်ဖူး ၁၅ ခု အထိ သယ်ဆောင်နိုင်ဖွယ်ရှိပြီး ဧရိယာများကို ဖြန့်ကျက်ထိခိုက်စေနိုင်တယ်လို့ ပြောထားပါတယ်။
လက်ရှိ အမေရိကန်တို့၏ LGM-30G Minuteman III သည် ထိပ်ဖူး ၃ ခုထိသာ သယ်ဆောင်နိုင်ပါသေးတယ်။
ဒါ့ကြောင့် Sarmat တိုက်ချင်းပစ်ဒုံးပျံများဟာ အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ဒုံးကျည်ကာကွယ်ရေး စနစ်များကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ စစ်ဘက်ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။
K Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။