ရုရှားတို့ ထုတ်လုပ်နေဖွယ်ရှိသည့် ပဥ္စမျိုးဆက် တိုက်လေယာဉ်သစ်

News

ရုရှားလေတပ်အတွက် တိုက်လေယာဉ် တွေထုတ်လုပ်ပေးနေတဲ့ Sukhoi ရဲ့ ဒီဇိုင်းထုတ်လုပ်ရေးဟာ အသံထက် ၂ ဆ အမြန်နှုန်းထက် ပိုမို ပျံသန်းနိုင်မည့် ပဥ္စမမျိုးဆက် အပေါ့စား တိုက်လေယာဉ်သစ် တစီး ထုတ်လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံပိုင် မီဒီယာဖြစ်တဲ့ RIA Novosti အရ ၎င်း ပဥ္စမမျိုးဆက် တိုက်လေယာဉ်သစ်ဟာ အင်ဂျင် တစ်လုံးတပ်၊ ရေဒါမှ မြင်တွေ့နိုင်မှုလျှော့ချထားကာ အထူး စစ်ကစားလှုပ်ရှားနိုင်စွမ်းရှိပြီး thrust vectoring စနစ် ကိုတပ်ဆင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

သတင်းများအရ လူမောင်းနှင်သည့် အမျိုးအစားနှင့် မောင်းသူမဲ့ အမျိုးအစားဆိုပြီး ၂ မျိုး ထုတ်လုပ်ဖို့ရာရှိနေပါတယ်။

မောင်းသူမဲ့ မျိုးကွဲကတော့ ၎င်းထက်ပိုပြီး ကြီးပြီး ပိုပြီး အလေးချိန်များတဲ့ Su-57 တိုက်လေယာဉ်များနှင့် တွဲဖက် အသုံးပြုနိုင်ကာ လေယာဉ်ရဲ့ အချို့အစိတ်အပိုင်းများကို Su-57 မှာအသုံးပြုထားတဲ့အတိုင်း ထုတ်လုပ်ဖို့ ရှိပါတယ်။

ရုရှားဒုဝန်ကြီးချုပ် စားပွဲပေါ်ရှိ လေယာဉ်သစ်ပုံ (ဝဲ) JSF program တွင် F-35 အားရှုံးနိမ့်ခဲ့သည့် Boeing X-32 (ညာ)

Thrust vectoring မှာ ပတ်လည် လှည့်နိုင်တဲ့ အိတ်ဇော ပါဝင်မှာပါ။ လေယာဉ်များဟာ အိတ်ဇော ဦးတည်ရာအတိုင်း တွန်းအားပေး ပျံသန်းလေ့ရှိရာ သမားရိုးကျ တိုက်လေလေယာဉ် တော်တော်များများတွင် အိတ်ဇောအား ပတ်လည် လှည့်နိုင်စွမ်း မရှိပါ။

ထိုသို့ အိတ်ဇောအား ပတ်လည် လှည့်နိုင်သောကြောင့် စိတ်ကြိုက် ဦးတည်ရာကို တွန်းကန်အား ပေးနိုင်ကာ လေယာဉ်ကို ထူးခြားတဲ့ စစ်ကစား ပျံသန်းမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လေယာဉ်အချင်းချင်း လေပေါ်တွင် တိုက်ခိုက် (dog fight) သည့်အခါ အသာစီး ရရှိစေမှာဖြစ်ပါတယ်။

ဒါ့အပြင် လေယာဉ် ပျံတက်ရာမှာလည်း Thrust vectoring စနစ်ကြောင့် အိတ်ဇောကို အနည်းငယ် အောက်သို့စိုက်ထားခြင်းဖြင့် လေယာဉ်ပြေးလမ်း လိုအပ်မှုကို လျှော့ချနိုင်မှာပါ။

RIA Novostic မှ အဆိုပါ လေယာဉ်သစ်ကို “Hypersonic” ဟု ဆိုထားသော်လဲ ၎င်းတို့ ဖော်ပြသည့် သတင်းတွင် အသံထက် ၂ ဆ ဟု ဖော်ပြထားပြန်သောကြောင့် အသံထက် ၅ ဆ ဖြစ်သည့် Hypersonic အမြန်နှုန်း မရှိတာကိုတွေ့ရပါတယ်။

ဒါ့ကြောင့် ၎င်းလေယာဉ်သစ်ဟာ Supersonic ပဥ္စမမျိုးဆက် တိုက်လေယာဉ် တစ်စီးသာ ဖြစ်လာဖွယ်ရှိပါတယ်။

ရုရှား စစ်ရေးကျွမ်းကျင်သူ ရော့ဘ်လီ ကလည်း ဒီလေယာဉ်သစ်ဟာ Su-57 မှာ အသုံးပြုထားတဲ့ Izdeliye 30 အင်ဂျင်ကိုသာ အသုံးပြုထားတဲ့အတွက် ၁၈ တန်လေးတဲ့ တိုက်လေယာဉ်အတွက် အသံထက် ၂ ဆ လောက်သာ ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။

လေယာဉ်သစ်၏ ခန့်မှန်း ပုံစံ

ရုရှား မီဒီယာများဟာ ရုရှားတို့ရဲ့ ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို မကြာခဏဆိုသလို ဖော်ပြကြပေမယ့် များသောအားဖြင့် မသေချာ မရေမရာ ဖြစ်သွားကြတာ မကြာခဏပါပဲ။

ဒါပေမယ့် ရုရှား ဂျာနယ်တစ်ခုဖြစ်တဲ့ BMPD ကတော့ မကြာသေးမီက ရုရှား ဒုဝန်ကြီးချုပ် ယူရီ ဘော်ရီဆော့ ရဲ့ စားပွဲပေါ်မှာ တွေ့မြင်ခဲ့ရတဲ့ တိုက်လေယာဉ်အသစ်ရဲ့ ပုံကို ကိုးကားပြီး သုံးသပ်ပြထားခဲ့လို့ ဒီ သတင်းဟာ ဖြစ်နိုင်ချေ များနေပါတယ်။

အဲဒီ့လေယာဉ်ဟာ လေဝင်ပေါက် air intake ကို F-16 များကဲ့သို့ လေယာဉ်ရဲ့ မေးစေ့ အောက်နားမှာ တပ်ဆင်ထားပါတယ်။

ပုံစံအားဖြင့် အမေရိကန် Joint Strike Fighter (JSF) program မှ F-35 ဒီဇိုင်းနှင့် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်သွားတဲ့ Boeing ရဲ့ X-32 ဒီဇိုင်းနှင့် ဆင်တူပါတယ်။

ဒီသတင်းသာ မှန်ကန်ပါက တိုက်လေယာဉ်သစ်ဟာ ၂၀၃၀ ခုနှစ်များမှာ စတင် မိတ်ဆက်လာဖွယ်ရှိပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *