ရုရှား နောက်ဆုံးမျိုးဆက် လေကာစနစ် S-500 စမ်းသပ်အောင်မြင်

Military News

ရုရှားဟာ ၎င်းတို့၏ နောက်ဆုံးမျိုးဆက် မြေပြင်မှ ဝေဟင်ပစ် လေကြောင်းကာကွယ်ရေး စနစ်တခု ဖြစ်တဲ့ S-500 ကို မကြာသေးမီကပဲ ပြသလိုက်ပြီ ဖြစ်ပါတယ်။

ပထမဆုံး အနေဖြင့် ဒီ S-500 လေကြောင်း ကာကွယ်ရေးစနစ်ကို BAZ-69096 ၁၀ ဘီးတပ် စစ်ဘက်ဆိုင်ရာသုံး ထရပ်ကားပေါ်တွင် အခြေ ပြုပြီး ပြသခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်သည့် အဆိုအရ S-500 လေကြောင်း ကာကွယ်ရေး စနစ်ဟာ လျှင်မြန်စွာ ရွေ့လျားနေတဲ့ ပဲ့ထိန်းဒုံးကျည် တခုကို တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီ စမ်းသပ်မှုကို Kapustin Yar ပစ်ကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့နေရာဟာ စတာလင်ဂရတ် (ယခု ဗော်ဂိုဂရတ်) မြို့မှ ကီလိုမီတာ ၁၀၀ အကွာအဝေးမှာ တည်ရှိတာ ဖြစ်ကာ ဆိုဗီယက်တို့၏ ပထမဆုံး ဒုံးကျည် စမ်းသပ်ရာ နေရာလည်း ဖြစ်ပါတယ်။

“နိုင်ငံ၏ အဆင့်အမြင့်ဆုံး ဖြစ်တဲ့ S-500 ဒုံးကျည်စနစ်ကို Kapustin Yar လေ့ကျင့်ရေးကွင်းမှာ လျှင်မြန်စွာ ရွေ့လျားနေတဲ့ ပဲ့ထိန်းဒုံးကျည်ကို တားဆီးခဲ့ပြီး အချက်အလက် မှတ်တမ်းများအရ ပစ်မှတ်ကို ကြားဖျက်နိုင်ခဲ့တယ်” လို့ စစ်ဘက်ဆိုင်ရာ အေဂျင်စီမှ မှတ်ချက်ပြုခဲ့ပါတယ်။

ဝန်ကြီးဌာနမှ “စမ်းသပ်ပစ်လွှတ်မှုဟာ ဒုံးကျည်၏ နည်းဗျူဟာနှင့် နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ ရုရှား လေကာစနစ်တို့၏ မြင့်မားတဲ့ စိတ်ချရမှုပိုင်းတွေကို အတည်ပြုနိုင်ဖို့ ပြုလုပ်ခဲ့တာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “S-500 လေကာစနစ်ကို စမ်းသပ်မှုများ အပြည့်အဝ ပြီးဆုံးသွားပါက မော်စကိုမြို့ တဝိုက် လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး ဌာနမှ ဝယ်ယူသွားဖို့ စီစဉ်ထားတယ်” လို့ ထပ်လောင်းပြောကြားပါတယ်။

သတင်းများအရ ဒီ ဒုံးကျည်အသစ်ဟာ ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် ပျံသန်းနေသည့် ပဲ့ထိန်းဒုံးပေါင်း ၁၀ ခုလောက်ကို တပြိုင်နက် ရှာဖွေတွေ့ရှိနိုင်ပြီး အမြန်နှုန်း တနာရီလျှင် ၁၁,၀၀၀ မှ ၁၆,၀၀၀ မိုင်နှုန်းဖြင့် ကြားဖျက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေဟာ မှန်ကန်လား တမင်ချဲ့ကား ပြောတာလားဆိုတာ S-500 များ အပြည့်အဝ စမ်းသပ်ပြီး စစ်မြေပြင်သို့ ရောက်ရှိလာသည့် အချိန် သို့မဟုတ် ရောင်းချသည့် အချိန်မှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

တနာရီလျှင် မိုင် ၁၁,၀၀၀ မှ ၁၆,၀၀၀ အထိဟု ဆိုသည့် အမြန်နှုန်းမှာ အလွန့်အလွန် မြန်ဆန်သည့် အမြန်နှုန်းဖြစ်ပြီး အသံထက် ၁၄ ဆမှ ၂၁ ဆ ထိ အမြန်နှုန်းရှိပါတယ်။

လက်ရှိ တိုက်ချင်းပစ် ဒုံးပျံများ၏ အမြန်နှုန်းများမှာ အများဆုံး အသံထက် ၁၄ ဆ ကျော်ကျော် လောက် ရှိပါတယ်။

ဒါ့ကြောင့် S-500 ဟာ တကယ်ပဲ စမ်းသပ်ထားသည့်အတိုင်း စွမ်းဆောင်နိုင်ပါက ကမ္ဘာ့အကောင်းဆုံး လေကြောင်းကာကွယ်ရေး စနစ်များထဲက တခုအဖြစ် လေကာစနစ် လောကထဲကို ဝင်ရောက်လာမှာပဲ ဖြစ်ပါတယ်။

ရုရှားဟာ စမ်းသပ်မှုများကို အဆက်မပြတ် လုပ်ဆောင်နေပြီး မကြာသေးမီကပဲ Tsirkon (Zircon) ဟုခေါ်သည့် ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည်ကို Admiral Grigorovich ဖရီးဂိတ်သင်္ဘောပေါ်မှာ စမ်းသပ်ခဲ့ပါသေးတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.