စစ်ကိုင်းခံတပ် (ခေါ် ) အစေခံခံတပ်

History News Travel

မြန်မာနိုင်ငံရဲ့ ကျောရိုးသဖွယ်စီးဆင်းနေတဲ့ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်မှာ ရှေးမြန်မာကြီးတွေက အမြော် အမြင်ရှိရှိ ခံတပ်ကြီးတွေတည်ဆောက်ခဲ့ကြရာ

မင်းလှ ခံတပ်(မင်းလှ)၊ ကွေ့ချောင်းခံတပ်၊ဆင်ကျုံး ခံတပ်(အင်းဝ)၊ အစေခံ ခံတပ် (စစ်ကိုင်း)၊ သပြေတန်းခံတပ် (အမရပူရ) တို့သည် အထင်ရှားဆုံးဖြစ်ပါတယ်။

ယင်းခံတပ်များကို ကင်းဝန်မင်းကြီး ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် အင်္ဂလိပ်ရေလက်ကြားတွင် မြင်တွေ့ခဲ့သည့် ပို့စ်မောက်မြို့ ခံတပ်များကို နမူနာယူကာ တည်ဆောက်ခဲ့ဖြစ်သည်။

နယ်ချဲ့တွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ရင် ခံတပ်ကြီး တွေကတစ်ဆင့် ခုခံတိုက်ခိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ခံတပ်အားလုံး ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ မြန်မာ မှူးကြီးမတ်ရာတွေနဲ့ ပြည်ပ ပညာရှင်တွေ ပူးပေါင်းပြီး တည်ဆောက်ခဲ့ကြတာပါ။

သပြေတန်း၊ ဆင်ကျုံးနှင့် အစေခံ ခံတပ်တို့သည် စစ်ကိုင်းမြို့ အနီးဝန်းကျင်တွင် တည်ရှိကြ၍ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာလျှင် မန္တလေးမြို့သို့ မရောက်မီ စစ်ကိုင်းနှင့် အင်းဝအနီး၊ ရာဝတီမြစ်ကမ်းပေါ်တွင် ယင်းခံတပ်သုံးခုကို ထောင့်ကျယ်တြိဂံတစ်ခု အနေအထားအတိုင်း မြင်တွေ့ ကြရမှာ ဖြစ်ပါတယ်။

စစ်ကိုင်းခံတပ် (ခေါ် ) အစေခံခံတပ်

စစ်ကိုင်း ခံတပ် ခေါ် အစေခံ ခံတပ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့၏ အနောက်တောင်ဘက် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း အနီးအစေခံ အရပ်တွင်တည်ရှိပါတယ်။

စစ်ကိုင်းခံတပ်ကို မင်းတုန်းမင်းလက်ထက် ခရစ် သက္ကရာဇ် ၁၈၇၉ ခုနှစ်တွင် ဒိုင်းဝန်မင်းနှင့် ကသည်းဝန်မင်းတို့က ကြီးကြပ်၍ အီတလီရေတပ်မှ ကွန်မိုဒိုပဲရီ၊ မိုလီနာရီ နှင့် မြန်မာအင်ဂျင်နီယာများက ပူ‌ပေါင်းတည်ဆောက်စေခဲ့ပါတယ်။

ကင်းဝန်မင်းကြီး၏ တိုက်တွန်းစီမံချက်ဖြင့် ပြည်ပရန်သာမက ပြည်တွင်းရန်ကိုပါ ကာကွယ်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ခံတပ်ပြီးစီးချိန်တွင် ဗိုလ်ကြယ်နှင့် စစ်သား ၅၀ က ခံတပ်ကို စောင့်ကြပ်ခဲ့ကြပါတယ်။

အစေခံခံတပ်သည် စက်ဝိုင်းခြမ်းပုံဖြစ်ပြီး မျဉ်းဖြောင့်ဘက်ခြမ်းသည် စစ်ကိုင်းမြို့သို့ မျက်နှာမူ၍ စက်ဝိုင်းခုံး အခြမ်းက ဧရာဝတီမြစ်ကို မျက်နှာပြုထားပါတယ်။ ခံတပ်မျက်နှာစာ အရှေ့ရှိ လမ်းမသည် ခံတပ်မှ အထက်သို့ ကိုးပေ မြင့်သဖြင့် ခံတပ်သည် လမ်း၏အောက်၌ ရှိနေပါတယ်။

အကျယ်အဝန်းမှာ တောင်နှင့်မြောက် ပေ ၂၄၀၊ အရှေ့နှင့်အနောက် ပေ ၃၂၀ ရှည်လျားပြီး ခံတပ်အတွင်းသို့ ဝင်ရန် မြောက်ဘက်နှင့် အရှေ့ဘက်တွင် ဝင်ပေါက် ၂ ပေါက်ရှိပါတယ်။အဝင်လမ်း၏ တစ်ဖက်တစ်ချက်၌ “အစေခံ ခံတပ်” ကျောက်စာတစ်ချပ် နှင့် ခံတပ်သမိုင်းကြောင်း မှတ်တမ်းကျောက်စာကို စိုက်ထူထားပါတယ်။

ခံတပ်ထုသည် တောင်ဘက်၌ မြေသားရော အုတ်ရိုးထု ၃၀ ပေ ခန့်ထူ၍ ကျန် ၃ ဘက်တွင် အုတ်ရိုးထု ၂ ပေရှိပြီး မြေသားမဖို့ဘဲ အုတ်ရိုးသက်သက် မတ်မတ်ထောင်၍တည်ဆောက်ထားပါတယ်။

တောင်ဘက်မှလွဲ၍ ကျန်အုတ်ရိုး ၃ ဘက်တွင် အမြောက်၊ သေနတ်ပြောင်းပေါက်များကို အစီအရီဖောက်ထားသည်။ ဧရာဝတီမြစ်တစ်လျှောက် ဆန်တက်လာမည့် ရန်သူ့သင်္ဘောများကို အသင့်ချိန်ရွယ် ခုခံဖို့ဖြစ်ပါတယ်။

တောင်ဘက်တွင် အလျား ၄၂ ပေ၊ အနံ ၂ ပေ၊ ထု ၃ ပေရှိ အခန်း ၂ ခန်းရှိသည်။ ခံတပ်ပေါ်သို့ တက်ရန် အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် အုတ်လှေကား ၃ ဆင့်ပါရှိပါတယ်။

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအတွင်း ပင်းမြို့စားမင်းကြီး မင်းခေါင်မဟာမင်းကျော်သူရှိန် ခေါင်းဆောင်မှု နှင့်အတူ တောင်မာရဘင်မှူထမ်း ၃၄၅ယောက်၊ လင်ဇင်းမှုထမ်း ၃၂၈ယောက်၊ ဘုန်းတော်မြစ်အမှုထမ်း ၇၀ ယောက်၊ ဘုန်းတော်တိုး အမှုထမ်း ၃၁၈ ယောက်၊ ကသည်းမြင်းအမှုထမ်း ၂၅၂ ယောက်၊ ရှမ်းမြင်းအမှုထမ်း ၃၁၂ယောက်၊ ဇင်းမယ်ပါ မြင်းအမှုထမ်း ၂၄၄ ယောက်မြန်မာမြင်းအမှုထမ်း ၂၁၅ယောက်၊ သူကောင်းထမ်း ၂၀၀ ယောက်၊ စုစုပေါင်း ၂၇၂၆ ဦးတို့က အစေခံ ခံတပ်တွင် တပ်စွဲကြီးကြပ်ခဲ့ကြပါတယ်။ 

သို့သော် မြန်မာလွှတ်တော်မှ ပေးပို့သည့် မတိုက်ရဟူသော အမိန့်ကြောင့် ၁၂၄၇-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက် (၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်)တွင် ဂျင်နရယ်ဝှိုက် ဦးစီးသည့် ဟမ်းရှိုင်းယားစစ်တပ်က အစေခံ ခံတပ်ကို သိမ်းပိုက်ခဲ့ရတယ်။

အစေခံခံတပ်၏ မြောက်ဘက်နံရံရှိ တံခါးပေါက်မှ အပြင်ဘက်သို့ ထွက်လိုက်လျှင် အုတ်တံတိုင်းငယ်တစ်ခု ကာရံထားသော အုတ်ဂူသုံးလုံးကို မြင်တွေ့ရမည်ဖြစ်ပါတယ်။

ယင်းဂူသုံးလုံးတွင် သေဆုံးသူများ၏ အမည်များကို ရေးထိုးထားပြီး ဂူတစ်လုံးတွင် ၁၈၈၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် တိုက်ပွဲကျဆုံးသည်ဟုလည်းကောင်း အခြားဂူတစ်လုံးတွင် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ကျဆုံးသည်ဟုလည်းကောင်း၊

တတိယဂူတွင် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် တာဝန်ထမ်းဆောင်စဉ် ကျဆုံးသည်ဟုလည်းကောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားပါတယ်။ အဆိုပါရက်စွဲများသည် သီပေါမင်းပါတော်မူပြီး တစ်လနီးပါးအကြာ ဖြစ်ပါသည်။

သီပေါမင်း ပါတော်မူပြီးစတွင် ကနောင်မင်းသား၏ သားတော် ကျွန်းညွန့်မင်းသားခေါင်းဆောင်သည့် မျိုးချစ်မြန်မာတပ်သားများသည် စစ်ကိုင်း အစေခံ ခံတပ်နီးတွင် အင်္ဂလိပ်တို့ကို တိုက်ခိုက်ခဲ့ကြသည်။

အုတ်ဂူတွင် ရေးထိုးထားသော ရက်စွဲများသည် သီပေါမင်း ပါတော်မူပြီးစအချိန် ဖြစ်သောကြောင့် အုတ်ဂူအတွင်း မြှုပ်နှံထားသူများသည် ကျွန်းညွန့်မင်းသား ဦးဆောင်သည့် မြန်မာမျိုးချစ်တို့၏ လက်ချက်ဖြင့် ကျဆုံးသွားရသူများဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ 

စစ်ကိုင်းခံတပ်ကို ဇယားဝင် အဆောက်အဦးများအဖြစ် သတ်မှတ်၍ ၁၉၅၇ ခုနှစ်မှစ၍ ယခုအချိန်အထိ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိန်းစောင့်ရှောက်လျက် ရှိပါသည်။ 

၂၀၁၈ ခုနှစ်တွင် အစေခံ ခံတပ်အား ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ လေ့လာချင်စရာဖြစ်အောင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ရှေးဟောင်းသုတေသန၏ အနီးကပ် ကြီးကြပ်မှုနှင့်အတူ

စည်ပင်သာယာရေးကော်မတီမှ အစေခံ ခံတပ်အုတ်တံတိုင်းအား ရှေးမူမပျက်မြေဝါ ဆေးသုတ်ခြင်း၊ လက်နက်တိုက် ပြုပြင်မွမ်းမံခြင်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစင်ရေကန်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်ခြင်း လျှပ်စစ်မီးလိုင်းများသွယ်တန်းခြင်း၊ ဆလိုက်မီးများ တပ်ဆင်ခြင်း၊အများသုံး သန့်စင်ခန်းတည်ဆောက်ခြင်း၊

အစေခံ ခံတပ် အဝင်ကတ္တရာလမ်းထိပ်မှ ခံတပ်အတွင်းဘက်သို့ ချိတ်အုတ်လမ်းခင်းခြင်း၊ အစေခံခံတပ် ခံတပ်အဝင်ရှေ့မျက်နှာစာ ကတ္တရာလမ်းနှင့် အစေခံ ခံတပ်အုတ်တံတိုင်းကြား မြေခင်းအလှများ ပြုပြင်မွမ်းမံဆောင်ရွက် ခြင်းနှင့်

အစေခံခံတပ် အုတ်တံတိုင်းအတွင်း ပိုင်းရှိလွတ်နေသော နေရာများတွင် မြေခင်းအလှများ ပြုပြင်မွမ်းမံဆောင်ရွက်ခြင်း၊ ကားရပ်နားရန် ကားပါကင် ဆောင်ရွက်ခြင်း စသည့်တို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.