တောင်တရုတ်ပင်လယ် ပြသနာ နှင့် သိရသလောက်

Article Knowledge

တောင်တရုတ် ပင်လယ်ထဲမှာ အဓိက ကျွန်းစုကြီး နှစ်ခုရှိပါတယ်။ အဲဒီ့နှစ်ခုက Paracel ကျွန်းစု နှင့် Spratly ကျွန်းစုတွေ ဖြစ်ပါတယ်။ ဒါ့အပြင် Scarborough သောင်ခုံလဲ ရှိပါတယ်။

Paracel ကျွန်းစုတွေကို တရုတ်နိုင်ငံက ထိန်းချုပ်ထားပါတယ်။ ရာစုနှစ်တွေနှင့် ချီပြီး တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံဟာ ဒီကျွန်းစုကို ပိုင်ဆိုင်ခဲ့ကြပေမယ့် ၁၉၇၄ ခုနှစ်မှ ဖြစ်ပွားခဲ့တဲ့ ဗီယက်နမ် တရုတ် တိုက်ပွဲမှာ တောင်ဗီယက်နမ်ဟာ စစ်ရှုံးခဲ့ပြီး တရုတ်က ကျွန်းစုတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဗီယက်နမ်ဟာ ကုလသမ္မဂကို တင်ပြခဲ့ပေမယ့် တရုတ်နိုင်ငံက လုံခြုံရေးကောင်စီမှာ ဗီတို အာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ ၁၉၇၅ နောက်ပိုင်း ဗီယက်နမ်နိုင်ငံ တစ်ခုလုံးပေါင်းစည်းသွားပြီးနောက် ယနေ့အချိန်ထိ အဆိုပါ ကျွန်းစုကို ပြန်ပေးဖို့ တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။

Spratly ကျွန်းစုတွေက ပိုရှုပ်ထွေးပါတယ်။ Spratly ကျွန်းစုမှာ ကျွန်းပေါင်း ၁၉ ခုလောက် ရှိပါတယ်။ ၁၉၈၆ ခုနှစ် တရုတ်အဆိုအရ ဒီကျွန်းစုတွေမှာ ကျွန်းကြီး ကျွန်းငယ် ၁၄ ခု၊ ကျောက် ဆောင် ၆ ခု၊ ကျောက်တန်းပေါင်း ၁၁၃ ခု၊ ရေအောက်ကျောက်ဆောင် ၃၅ ခုနှင့် ရေတိမ်သောင် ပြင်ပေါင်း ၂၁ ခု ရှိတယ်လို့ သိရပါတယ်။

ဒီ ကျွန်းစုတွေကို ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့က ခွဲဝေပိုင်ဆိုင် ကြပါတယ်။ တရုတ်ကတော့ အားလုံးကို ပိုင်ဆိုင်တယ်ဆိုပြီး ပြောနေတာပါ။ ဒီကျွန်းစု ၂ ခုလုံးဟာ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ နှစ်ခုလုံးရဲ့ သမိုင်းမှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။

ပြသနာက ရေပိုင်နက်ပါ။ တောင်တရုတ် ပင်လယ်ပြင်ဟာ စတုရမ်း ကီလိုမီတာပေါင်း ၃ သန်းလောက် ကျယ်ပါတယ်။

အငြင်းပွားနေသော ရေပိုင်နက်

သက်ဆိုင်ရာနိုင်ငံအသီးသီးက ရေပိုင်နက်တွေကို တောင်းဆိုနေကြပေမယ့် တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးကို ၎င်းတို့ပိုင်ဖြစ်တယ်ဆိုပြီး စစ်အခြေစိုက် စခန်းတွေ ပိုမို တိုးချဲ့ တည်ဆောက်နေသည့်အပြင် စစ်ရေးအရ ခြိန်းခြောက်မှုတွေပါ ပြုလုပ် လာတာ ဖြစ်ပါတယ်။

ဒီ တောင်တရုတ်ပင်လယ်ပြင်ဟာ ကမ္ဘာ့ ကုန်သွယ်ရေးမှာ အဓိက နေရာကပါဝင်ပြီး နှစ်စဉ် ကုန်တန်ဖိုး ဒေါ်လာ ဘီလီယံပေါင်း ၅ ထောင် (၅ တြီလီယံ) လောက် စီးဆင်း လည်ပတ်နေတာပါ။

ဒါဟာ ကမ္ဘာ့ ကုန်သွယ်ရေးရဲ့ ၃ ပုံ ၂ ပုံလောက် ရှိပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှ မရှာဖွေရသေးတဲ့ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၉၀ တြီလီယံလောက် နှင့် ရေနံစည်ပေါင်း ၁၁ ဘီလီယံ စာလောက် ဒီတောင်တရုတ် ပင်လယ်ပြင်အောက်မှာ ရှိနေမယ်လို့ ယုံကြည်နေရပါတယ်။

ဒါ့ကြောင့် စီးပွားရေးအရရော စစ်ရေး အရပါ အသက်တမျှ အရေးပါနေတာကို ပထဝီအနေ အထားနှင့် ရရှိနိုင်မယ့် သဘာဝရင်းမြစ်များက သက်သေပြနေပါတယ်။ ယခင်က တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှုများကို အမေရိကန်က ရှောင်ရှားခဲ့ပေမယ့် နောက်ပိုင်းတွင် ရပ် တည်ချက်များ ပြောင်းလဲလာခဲ့တာပါ။

အမေရိကန်အနေဖြင့် စိုးရိမ်တာကတော့ အရှေ့တောင် အာရှနိုင်ငံများ ပိုင်နက်ဆုံးရှုံးမှာထက် တရုတ်ရဲ့ ဒေသတွင်း စိုးမိုးမှု ပိုမိုလာကာ တောင်တရုတ်ပင်လယ်၏ သဘာဝရင်းမြစ်များကိုပါ ထိန်းချုပ်နိုင်ပြီး ကမ္ဘာ့ နံပါတ် ၁ နေရာကိုရောက်ဖို့ တဖြည်းဖြည်း နီးကပ်လာမယ့် အရေးကို မြင်လာလို့ပါ။

တောင်တရုတ်ပင်လယ်ရှိ ကန်နှင့် ဗြိတိန်တို့၏ လေယာဉ်တင် သင်္ဘောများ

Scarborough သောင်ခုံဟာ ဖိလစ်ပိုင်နှင့် နီးကပ်စွာ တည်ရှိပြီး ဖိလစ်ပိုင်က ပိုင်ဆိုင်ကြောင်းကို အမေရိကန်က အတည်ပြုပေးခဲ့ပါတယ်။ ထိုသောင်ခုံဟာ ၂၀၁၂ ခုနှစ်လောက်က တရုတ်နိုင်ငံ ထိန်းချုပ်မှုအောက် ရောက်သွားခဲ့တာပါ။

တရုတ်က တောင်းဆိုနေသည့် Second Thomas သောင်ခုံ နှင့် Mischief ကျောက်တန်းကိစ္စကိုလည်း အမေရိကန်က ဖိလစ်ပိုင်ဘက်မှ ရပ်တည်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တရုတ်ကမ်းရိုးတန်းမှ ရေမိုင် ၁ ထောင်လောက်ဝေးသည့် James သောင်ခုံကို ၎င်းပိုင်ဆိုင်ကြောင်း ပြောဆိုသည်ကိုလည်း ရေမိုင် ၅၀ သာ ဝေးသည့် မလေးရှားနိုင်ငံက ပိုင်ဆိုင်ကြောင်း အမေရိကန်က ထောက်ခံခဲ့ပါတယ်။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံ၏ Vanguard ကျောက်ဆောင်၊ မလေးရှား၏ Luconia သောင်ခုံ၊ ဘရူနိုင်းနိုင်ငံ၏ EEZ နှင့် အင်ဒိုနီးရှားနိုင်ငံ၏ Natuna Besar ရေပိုင်နက်များကို တရုတ်က ပိုင် ဆိုင် သည်ဟု ကြေငြာချက်ကို အမေရိကန်က ငြင်းပယ်ခဲ့ပါတယ်။

ဒါ့အပြင် ယခုအခါ ထိုင်ဝမ်နိုင်ငံ အပေါ်ပါ စစ်ရေးအရ ရန်စခံရမှုများ ရှိလာသောကြောင့် တောင်တရုတ်ပင်လယ်ပြင်မှာ စစ်ရေးတင်းမာမှု အမြင့်ဆုံး အနေအထားကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်က ထိုင်ဝမ်ကို တရုတ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ အမေရိကန်က ဝန်ခံခဲ့ဖူးပါတယ်။

အဲဒါကြောင့် တောင်တရုတ်ပင်လယ်အရေး ကိစ္စဟာ နိုင်ငံကြီး ၂ နိုင်ငံရဲ့ ချိန်ခွင့်လျှာ ချိန်ညှိဖို့ တာစူနေတဲ့ ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။

B-1B ဗုံးကြဲလေယာဉ်

အမေရိကန်အနေဖြင့် မကြာသေးမီက ရုရှားနှင့် နျူကလီးယား သဘောတူညီမှုကို ချုပ်ဆိုနိုင်ခဲ့သည့်အပြင် လက်ရှိအနေအထားကို ထိန်းချုပ်ဖို့ရာ လွန်ခဲ့တဲ့ တပတ်က နျူကလီးယားလက်နက် တင်ဆောင်နိုင်တဲ့ B-1B ၄ စီးကို နော်ဝေနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

ဒီ B-1B ဗုံးကြဲလေယာဉ်တွေဟာ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ ဖြစ်ပြီး ထူထပ်စွာ ကာကွယ်ထားတဲ့ ရန်သူ့နယ်မြေထဲကို အနိမ့် ပျံသန်းပြီး တိုက်ခိုက်နိုင်ပါတယ်။

နျူကလီးယား သဘောတူညီချက်အရ ဒီလေယာဉ်တွေကို နျူကလီးယားလက်နက် မတပ်ဆင်နိုင်သည့် အပြင် ရုရှားက တစ်နှစ်တခါ လာရောက် စစ်ဆေးလေ့ရှိပါတယ်။

ဒါပေမယ့် သမား ရိုးကျစစ်ပွဲအတွက် ချိန်းခြောက်မှု ကောင်းကောင်းပေးနိုင်တဲ့အတွက် တောင်တရုတ်ပင်လယ်ကိစ္စ အမေရိကန် အာရုံစိုက်နေချိန်မှာ ရုရှားကို ထိန်းချုပ်ဖို့အတွက် ဘိုင်ဒန်ရဲ့ ဗျူဟာဖြစ်နိုင်ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် တောင်တရုတ် ပင်လယ် ကိစ္စမှာ အမေရိကန်အနေဖြင့် ဘယ်လောက်အထိ ပါဝင်ဖို့ ရည်မှန်းထားသလဲဆိုတာ သိသာပါတယ်။

တောင်တရုတ်ပင်လယ်ရှိ အမေရိကန် နှင့် အနောက်ဘက် အခြေစိုက်စခန်းများနှင့် အင်အားများ

လက်ရှိမှာ အမေရိကန်နိုင်ငံအပြင် ဗြိတိန်၊ ပြင်သစ် နိုင်ငံမှ စစ်ရေယာဉ်များဟာ တောင်တရုတ်ပင်လယ်ထဲတွင် ရောက်ရှိနေကြပြီး တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေပါတယ်။

ဒီ စစ်ရေး လှုပ်ရှားမှုကို အမေရိကန်နှင့်အတူ တချို့နိုင်ငံများလည်း ပူးပေါင်းလာဖွယ် ရှိပါတယ်။ အမေရိကန်ရဲ့လက်ဝါးကြီးအုပ် မူဝါဒကို နိုင်ငံတော်တော်များများက မကြိုက်ကြပေမယ့် တရုတ် နိုင်ငံ၏ စီးပွားရေး မူဝါဒများဟာ ပိုမို ဆိုးရွားလာတဲ့အတွက် ဆန့်ကျင်မှုတွေလဲ မြင့်တက်လာနေပါတယ်။

ဒါ့ကြောင့် တောင်တရုတ်ပင်လယ် ပြသနာဟာ တရုတ်နိုင်ငံရဲ့ မူဝါဒများအပေါ် ဘယ်လောက်အထိ ရိုက်ခတ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *