နေလုံးကြီးကို ပိတ်ဆို့ပြီး နေရောင်မှိန်အောင် လုပ်ဖို့ အစီအစဉ် သုတေသီများက ကန့်ကွက်နေတဲ့ အကြောင်း

News Science

နေရောင်ခြည်ကို ပိတ်ဆို့နိုင်ဖို့ လေ့လာမှုတွေလုပ်နေခဲ့တာ အချိန်တခုအထိ ရှိနေပြီဖြစ်ပြီး ဘီလျံနာ သူဌေးကြီးဖြစ်တဲ့ တချိန်က ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလ်ဂိတ်ဟာလည်း ကျောက်ထောက်နောက်ခံ ပြုပေးခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် မတ်လလောက်က ဘီလ်ဂိတ် ပံ့ပိုးပေးထားတဲ့ ဟားဗက် တက္ကသိုလ်မှ Solar Geoengineering သုတေသန စီမံကိန်းတခုတောင် ပြုလုပ်ခဲ့ပါသေးတယ်။

အလားတူ Solar Geoengineering နှင့် ပတ်သက်သည့် ဆောင်းပါးတပုဒ်ကို “နေရောင်ခြည်ကို ပိတ်ဆို့နိုင်တဲ့နည်း သိပ္ပံပညာရှင်များ လေ့လာနေတဲ့ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသေးတယ်။

အခုတော့ geoengineering နဲ့ ပတ်သက်လို့ ပညာရှင်များ၏ စုစည်း ဖော်ပြမှုတရပ် ရှိလာပြီဖြစ်ပါတယ်။

အဲဒါကတော့ Phys ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ geoengineering ဟာ လူသားများအတွက် အလွန် အန္တရာယ်များကြောင်းကို မူဝါဒကျွမ်းကျင်သူများနှင့် သိပ္ပံပညာရှင် ၆၀ ကျော်က စုစည်းတင်ပြထားတယ်လို့ သိရပါတယ်။

WIREs Climate Change ဂျာနယ်တွင် ဖော်ပြထားချက်အရ “Solar Geoengineering ဟာ မျှတစွာ အားလုံးပါဝင်ပြီး ထိရောက်တဲ့ နည်းလမ်းဖြင့် ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် ဆောင်ရွက်နိုင်ဖွယ် မရှိ” လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဆိုပါ ပညာရှင်များဟာ အစိုးရ၊ ကုလသမဂ္ဂ နှင့် အခြား ဆောင်ရွက်သူများမှ Solar Geoengineering နည်းပညာကို အသုံးပြုမှုအား နိုင်ငံရေးအရ ချက်ချင်း အရေးယူပေးဖို့ တောင်းဆိုနေပါတယ်။

နေရောင်ခြည်ကို မှိန်ဖျော့စေပါက တောင်အာရှနှင့် အာဖရီက အနောက်ပိုင်းတွင် မုတ်သုံမိုး ရွာသွန်းခြင်းကို အနှောင့်အယှက် ဖြစ်နိုင်သည်ဟု အဆိုပါစာတမ်းတွင် ဆက်လက် ဖော်ပြထားပါတယ်။

ထိုကဲ့သို့ မုတ်သုံမိုး ရွာသွန်းမှုကို အနှောင့်အယှက် ဖြစ်စေခြင်းဟာ လူသားများ အာဟာရအတွက် မှီခိုနေတဲ့ သီးနှံများကို သိသိသာသာ ပျက်စီးစေမှာပါ။

ဒါ့အပြင် နောက်တချက် ကတော့ အမေဇုံ မိုးသစ်တောကြီးကိုပါ ခြောက်သွေ့သွားစေမှာ ဖြစ်ပါတယ်။

လက်ရှိတွင် အမေဇုံ မိုးသစ်တောကြီးဟာလည်း ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အလူးအလဲ ခံနေရပြီး ဒီအကြောင်းကို “ကာဗွန်တွေ စုပ်ယူမပေးနိုင်တော့တဲ့ ကမ္ဘာ့ အဆုတ်လို့ တင်စားထားတဲ့ အမေဇုံသစ်တောကြီး” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါတယ်။

အဆိုးဆုံး အချက်ကတော့ Solar Geoengineering ဟာ လေထုအတွင်းတွင် ကာဗွန်များ ပိုမိုတိုးပွားလာမှုကို အမှန်တကယ် ဟန့်တားနိုင်မှာ မဟုတ်တာပဲ ဖြစ်ပါတယ်။

အဲဒီ့အစား ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်သည်ဟူသည့် အယူအဆ အလွဲများကို နိုင်ငံများအား ယုံကြည်စေပြီး ကာဗွန်ထိန်းချုပ်မှုကို ဆက်လက် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

အကျိုးဆက်အနေဖြင့် “အစိုးရများ၊ စီးပွားရေး လုပ်ငန်းများ နှင့် လူ့အဖွဲ့အစည်းများမှ ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်း သို့မဟုတ် ကာဗွန်ဓာတ်ငွေ့ ပုံမှန် ဖြစ်စေရး အတွက် တတ်နိုင်သမျှ အမြန်ဆုံး အစွမ်းကုန် လုပ်ဆောင်နိုင်ဖို့ အာရုံ စူးစိုက်မှု ကင်းမဲ့သွားစေမယ်” လို့ အဆိုပါ စာတမ်းမှာ ဖော်ပြထားတာပါ။

အဲဒီ့အတွက် စာတမ်း၏ နောက်ဆုံးတွင် “နိုင်ငံတကာတွင် အသုံးမပြုရ သဘောတူညီမှု” ဖြင့် နိုင်ငံများအား အဆိုပါနည်းပညာနှင့် ပတ်သက်ပြီး ထိန်းချုပ်ခြင်း နှင့်

ဘီလျံနာများအား အဆိုပါ Solar Geoengineering နည်းပညာကဲ့သို့ နည်းပညာများကို မူပိုင်ခွင့် မပေးခြင်းတို့ လုပ်ဆောင်ဖို့ရာအတွက် တိုက်တွန်းထားပါတယ်။

ယခုစာဟာ လူသားမျိုးနွယ်ကို အန္တရာယ်ဖြစ်စေနိုင်သည့် အချို့သော စမ်းသပ်မှုများမှ ကာကွယ်ရန် ကြိုးပမ်းမှုတခု ဖြစ်ပေမယ့် ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ မေးခွန်းတခု ကျန်နေပါသေးတယ်။

အဲဒါကတော့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနှင့် ပတ်သက်ပြီး အမှန်တကယ် ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ ဆိုတာပါပဲ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *