လျှို့ဝှက် အချက်အလက်တွေကို စကင်ဖတ်မယ့် စမတ်အိမ်သာ အကြောင်း

Innovation Tech

စမတ်ဖုန်း၊ စမတ်နာရီ စတဲ့ နေ့စဉ် လူမှုဘဝကို တဆစ်ချိုး ပြောင်းလဲစေနိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေ ခေတ်စားလာတာနဲ့အမျှ ပစ္စည်း တော်တော်များများကို “စမတ်” အဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်နေကြပါတယ်။

အခုတော့ ဖန်တီးမယ့် စမတ် ပစ္စည်းကတော့ ဆန်းပါတယ်။ စမတ်အိမ်သာပါ။

ဆေးဘက်ဆိုင်ရာ သုတေသီများဟာ စမတ် အိမ်သာကို ဖန်တီးဖို့ ဆန္ဒရှိနေပြီး အဲဒါက သင်ထင်သလို အောက်က အပူပေးစနစ်တွေ၊ ဂျပန်အိမ်သာတွေလို ခလုပ်တွေ တပုံတပင်နဲ့ ဟာမျိုး မဟုတ်ပါဘူး။

Stanford ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သုတေသီများဟာ “anal print” လို့ခေါ်တဲ့ စအိုကို ကြည့်ရှုနိုင်မယ့် scanner တခုကို အိမ်သာနှင့် တွဲဖက်ဖန်တီးဖို့ လုပ်ဆောင်နေတယ်လို့ Wall Street Journal မှ ဖော်ပြခဲ့ပါတယ်။

၎င်း စမတ် အိမ်သာခွက်အတွင်းတွင် ကင်မရာတလုံးကို တပ်ဆင်ထားပြီး machine learning algorithms ကို အသုံးပြုပြီး အလိုအလျှောက် စနစ်ဖြင့် တဦးချင်းစီ၏ မစင်နမူနာများကို ဖတ်ရှုမှာ ဖြစ်ပါတယ်။

အဆိုပါ စနစ်ဟာ ဆီးလွှတ်သည့် အမြန်နှုန်းနှင့် ဆီးမည်မျှ သွားသည်ကိုပါ ကွန်ပျူတာအမြင်ကို အသုံးပြုပြီး တွက်ချက်ပေးနိုင်မှာ ဖြစ်တယ်လို့ ၂၀၂၀ ခုနှစ်က စာတမ်းတွင် ဖော်ပြခဲ့ပါတယ်။

ကိုယ့်ရဲ့ လျှို့ဝှက်ချက်များအတွက် စိုးရိမ်ပူပန်မှုများ ရှိရင်လည်း ပူစရာမလိုဘဲ စအိုအချက်အလက် အားလုံးကို အသေ အ ချာ ကုဒ်များဖြင့် လုံခြုံအောင် ပြုလုပ်ထားသည့် cloud ဆာဗာ များတွင် သိမ်းဆည်းထားပြီး ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် စမတ် အိမ်သာများဟာ လက်ရှိအချိန်မှာ လူအများက စိတ်ဝင်စားနေပြီး သုတေသီ တော်တော်များများက အ ကောင် အထည် ဖော်ချင်နေကြပါတယ်။

Duke တက္ကသိုလ်၏ လက်အောက်ရှိ စိတ်ပိုင်းဆိုင်ရာ စောင့်ကြည်လေ့လာမှုများ လုပ်ဆောင်နေသည့် ကုမ္ပဏီတခုဖြစ်သည့် Coprata ကို ပူးတွဲတည်ထောင်သူ Sonia Grego က

ကင်ဆာ အပါအဝင် နာတာရှည် ရောဂါများနှင့် သက်ဆိုင်သည့် အချက်အလက်များကို ဝမ်းနှင့်ဆီးနမူနာများကို ဖတ်ရှုခြင်းဖြင့် လက်ရှိလုပ်ငန်းများကို တခေတ်ပြောင်းလိုတဲ့ ဆန္ဒရှိနေတယ်လို့ The Guardian သတင်းစာမှာ ဖော်ပြဖူးပါတယ်။

အလားတူ အခြား ကုမ္ပဏီတခုဖြစ်တဲ့ Toi Labs မှလည်း ပိုမို ကျယ်ပြန့်သည့် အချက်အလက် များကို စုဆောင်း နိုင်သည့် TrueLoo ဆိုသည့် စမတ်အိမ်သာကို ဖန်တီးနိုင်ဖို့ အကြံဥာဏ်များ ရယူ နေပါတယ်။

ကုမ္ပဏီတည်ထောင်သူ Vik Kashyap မှ ထိုင်ခုံပေါ်တွင် မည်သို့ထိုင်သည်၊ ဘယ်လောက် အလေးချိန်ရှိသည် စသည့် အချက်များကအစ မှတ်သားနိုင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဆိုပါ စမတ်အိမ်သာမှ မစင်နမူနာများကို ကြည့်ပြီး optical နည်းလမ်းဖြင့် ထုထည်၊ ကြည်လင်ပြတ်သားမှု၊ အ ပျော့ အမာ၊ အပျစ်အကျဲနှင့် အရောင်များကို ခွဲခြမ်းစိတ်ဖြာပေးမှာ ဖြစ်ပါတယ်။

အဆိုပါ အိမ်သာများကို အဓိကအားဖြင့် သက်ကြီးပိုင်းများအတွက် ရည်ရွယ် ထားတာပါ။

Kashyap မှ တယောက်ယောက်က ပုံမှန်မဟုတ်တဲ့ ပုံစံမျိုး ရှိလာတဲ့အခု အဲဒီ့ပုံစံတွေကို မှတ်တမ်းတင်ပြီး သမားတော်တွေ အသုံးပြုလို့ရတဲ့ အစီရင်ခံစာတွေ ပေးပို့နိုင်စွမ်း ရှိလာမှာပါ လို့ The Guardian ကို ရှင်းပြခဲ့ပါတယ်။

Internet of Things လို့ခေါ်တဲ့ IP ကို အခြေခံတဲ့ အင်တာနက်ပေါ်မှ ခိုင်းစေလို့ရပြီး၊ လူများနှင့် ဆက်သွယ်လို့ရတဲ့ အိမ်သုံးပစ္စည်းများ အများစုအတွက် အဓိကမေးခွန်းမှာ အချက်အလက်တွေ ဘယ်ကိုသွားသလဲဆိုတာပါ။

ကိုယ့်ရဲ့အောက်မှ အချက်အလက်များကို ကင်မရာဖြင့် ရိုက်ယူ မှတ်သားထားသည့် အချက်အလက်များ ဖြစ်သည့်အတွက် ဒါဟာ သိသင့်ပါတယ်။

ကုမ္ပဏီများမှ cloud ဆာဗာကို အသုံးပြုပြီး လုံခြုံအောင် ထားမယ်ဆိုသည့်တိုင်အောင် ထိုအချက်အလက်ထဲတွင် မူးယစ် ဆေးဝါးများ အသုံးပြုထားသလား အခြား ဘာတွေ လုပ်ထားသလဲ ဆိုတာမျိုးတွေ တိုင်းတာနိုင်သည့်အတွက် ပေါက်ကြား မှာ စိုးရိမ်စရာတွေ ရှိလာဦးမှာပါ။

ဒါ့အပြင် အာမခံ ကုမ္ပဏီများက ဒီအချက်အလက်တွေကို ကိုင်ထားနိုင်ပြီး ကျန်းမာရေး ကောင်းမွန်တဲ့သူကို ကုသမှုတွေ အကြံပေးတာတွေ ဖြစ်လာနိုင်ပါသေးတယ်။

ခန္ဓာကိုယ်မှ တခုခုကို တိုင်းလိုက်ပြီ ဆိုတာနဲ့ လျှို့ဝှက်ချက်တွေ ပါသွားတာ ဖြစ်တဲ့အတွက် စမတ်အိမ်သာကိုသာ ဖန်တီး ပြီး စီးပါက လုံခြုံမှု အပြည့်အဝရှိတဲ့ စမတ်အိမ်သာတော့ ဖြစ်ဖို့ လိုမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.