အနာဂါတ်မှာ လပေါ် အခြေစိုက်စခန်းများကို အလိုအလျောက် တူးဖော် လုပ်ဆောင်နိုင်မည့် စက်ရုပ် မိုင်းလုပ်သားများဖြင့် အကြီးအကျယ် တည်ဆောက်ကြပါလိမ့်မယ်။
လ ပတ်လမ်းထဲတွင် ထားရှိရန် အာကာသ စခန်းများ လွှင့်တင်မှု နှင့် နှစ်ပေါင်းများစွာ အတွင်း ပထမဆုံးအနေဖြင့် လပေါ်ကိုပြန်လည် ဆင်းသက်မှု နဲ့ အတူ သိပ္ပံပညာရှင်တွေဟာ အနာဂတ်တွင် လကမ္ဘာပေါ်မှ သယံဇာတများကို တူးဖော်နိုင်မည့် မစ်ရှင်တွေကို ခွင့်ပြုပေးနိုင်မည့် နည်းပညာတွေကို ပိုမိုအာရုံစိုက်လာကြပါတယ်။
ဒါတွေဟာ ဆယ်စုနှစ် အတွင်း ဖြစ်လာနိုင်လိမ့်မည်ဟု ဆိုပါတယ်။ Arizona တက္ကသိုလ်မှ သုတေသီ တစ်စုဟာ အာကာသတွင်း တူးဖော်ရေးနည်းလမ်းများ တီထွင်ရန် NASA မှ ဒေါ်လာ ၅၀၀,၀၀၀ ထောက်ပံ့ငွေကို ၂၀၂၁ ခုနှစ် နှစ်ကုန်လောက်က ရရှိခဲ့ပါသေးတယ်။
ရလဒ်အနေနဲ့ လကမ္ဘာပေါ်မှာရှိတဲ့ မြေရှားသတ္တုကို ရှာဖွေ တူးဖော်နိုင်မည့် အလိုအလျောက် လုပ်ဆောင်နိုင်သော စက်ရုပ် အများအပြား တီထွင်နိုင်လိမ့်မည်ဟု သတင်း ထုတ်ပြန်ချက် တစ်ခု၌ ရှင်းပြပါတယ်။
လကမ္ဘာပေါ်မှာ ဒီ Robot swarms ခေါ် အစုလိုက်ဖွဲ့စည်းထားတဲ့ စက်ရုပ် တွေဟာ အဖွဲ့တစ်ခု အနေဖြင့် အချိန်နှင့်အမျှ တိုးတက်လုပ်ဆောင် နိုင်လိမ့်မည် ဟု ဆိုပါတယ်။
စက်ရုပ်များနောက်ကွယ်မှ တီထွင်တဲ့အဖွဲ့တွေဟာ တခြားမည်သည့် နည်းလမ်းတွေထက်မဆို ဓာတ်သတ္တု နဲ့ ကျောက်တွေကို တူးဖော်တဲ့နေရာမှာ ၅ဆ ပိုမိုမြန်ဆန်တဲ့ လျှပ်စစ်ဓာတုနည်းလမ်း ကို တီထွင်ခဲ့ကြပါတယ်။
၎င်းစက်ရုပ်တွေမှာ Human and Explainable Autonomous Robotic System (HEART) ဟုခေါ်သော ဦးနှောက် အာရုံ ကြောတွင် ရှိနေသော အာရုံကြောဆိုင်ရာ ဇီဝဗေဒဆိုင်ရာ ဗိသုကာများကို တုပရန် အလွန်ကြီးမားသော ပေါင်းစည်းသင်ယူနိုင်တဲ့ စနစ်များ ထည့်သွင်းတည်ဆောက်ထားပါတယ်။

လမျက်နှာပြင်ပေါ်တွင် သွားလာနိုင်မည့် သတ္တုရှာဖွေရေး ယာဉ် အယူအဆ ဒီဇိုင်း Credit: NASA
ဒါဟာ စက်ရုပ်တွေကို အတူတကွအလုပ်လုပ်နိုင်ရန် နှင့် စက်ပိုင်းဆိုင်ရာ သင်ယူမှုများမှ တဆင့် သူတို့ရဲ့ ပူးပေါင်းကျွမ်းကျင်မှုကို တိုးတက်စေရန် အချိန်နှင့်အမျှ လေ့ကျင့်သင်ကြားပေးပါတယ်။
တီထွင်သူတွေဟာ စက်ရုပ်တွေကို အာကာသသို့မလွှတ်ခင် ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်တဲ့ ကမ္ဘာမြေပေါ်မှာ စက်ရုပ်တွေရဲ့ အဖွဲ့လိုက်ကျွမ်းကျင်မှုကို မြှင့်တင်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးကြပါတယ်။
နောက်ဆုံးမှာ တီထွင်သူတွေဟာ ကမ္ဘာမြေပေါ်မှ ညွှန်ကြားချက်မပါဘဲ ဓာတ်သတ္တုတူးဖော်ရေး နဲ့ အခြေခံ အဆောက်အဦးများ ဆောက်လုပ် နိုင်ရေး တို့အတွက် လကမ္ဘာပေါ်မှာ စက်ရုပ်များကို ဖြန့်ကျက်နိုင်လိမ့်မယ်ဟု ရည်မှန်းထားကြပါတယ်။
လမျက်နှာပြင်အောက်၌ ဓာတ်သတ္တုတူးဖော်ခြင်းသည် အနာဂတ်လစခန်းများအတွက် ကမ္ဘာမြေမှ ပစ္စည်းများ သယ်ယူ ပို့ ဆောင်မှုကို များစွာ မှီခိုအားထား နေရမှုကို လျော့ကျစေနိုင်ပါတယ်။
လပေါ်တွင် တူးဖော်နိုင်သောပစ္စည်းများတွင် မြေရှားသတ္တုများ ၊ တိုက်တေနီယမ် ၊ ရွှေ နှင့်ပလက်တီနမ် နှင့် ဟီလီယမ်-၃ တို့ပါဝင်သည်။
မြေရှားသတ္တုများသည် ဆေးဘက်ဆိုင်ရာ ကိရိယာများ နှင့် စမတ်ဖုန်းများ တည်ဆောက်ရန် ကူညီနိုင်ပြီး ဟီလိယမ်-၃ က အနာဂါတ် ကာလတွင် နျူးကလီးယား ဓာတ်အားပေး စက်ရုံများအတွက် လောင်စာ ဖြစ်လာနိုင်ပါတယ်။
Human and Explainable Autonomous Robotic System (HEART) စနစ်ကို တီထွင်ခဲ့သူ Jekan Thanga က စက်ရုပ်များ စုဝေးနေတာဟာ လယ်ကွင်းထဲမှာ တိရိစ္ဆာန်အုပ်များ နဲ့ အလုပ်သမားများ စုဝေးနေတာနဲ့ ခိုင်းနှိုင်းပြောဆိုလိုက်ပါတယ်။
Jekan Thanga က ကျွနိုပ်တို့ဟာ လယ်သမားတွေနဲ့ တူကြပါတယ်။
လယ်သမားတွေ လယ်အလုပ်တွေလုပ်ဖို့ တစ်အိမ်လုံးမှာရှိတဲ့ ပင်ကိုအရည်အသွေးရှိတဲ့ တိရိစ္ဆာန်အုပ်တွေကို မွေးမြူအသုံးပြုသလိုပါဘဲ ဟုဆိုပါတယ်။
ဒီလုပ်ငန်းစဥ်ကို ကြည့်ချင်းအားဖြင့် ကျွနိုပ်တို့ ဒီစက်ရုပ်တွေကို ပြီးပြည့်စုံအောင် ဖန်တီးပေးခြင်းဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။
တီထွင်သူတွေဟာ ဒီ Robot Swarms တွေဟာ အရေးကြီးတဲ့မစ်ရှင်လုပ်ငန်းတွေ လုပ်ဆောင်ရာတွင် အာကာသ ယာဥ်မှူးတွေကို လွတ်မြောက်ဖို့ အချိန်ပိုရအောင်ဆောင်ရွက်နိုင်ပြီး တစ်ချိန်ထဲမှာဘဲ အန္တရယ်ရှိတဲ့ ဆောင်လုပ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

လပေါ်ရှိ သတ္တုတူးဖော်မည့် အလားအလာ သရုပ်ပြပုံ Image credit: James Vaughan
စိတ်ကူးကတော့ စက်ရုပ်တွေတည်ဆောက်တာက အရာဝတ္တုတွေကို ပြင်ဆင်ဖို့ ၊ ညစ်ပေတဲ့ အရာတွေကို လုပ်ဆောင်ဖို့ နဲ့ အန္တရာယ်ရှိတဲ့ အရာတွေ လုပ်ဆောင်ဖို့အတွက်ဖြစ်ပါတယ်။
ဒါကြောင့်အာကာသယာဥ်မှူးတွေဟာ လွတ်လွတ်လပ်လပ်နဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အရာတွေကို ပိုမိုလုပ်ဆောင်နိုင်တယ်ဟု Jekan Thanga ကဆိုပါတယ်။
Arizonaတက္ကသိုလ်မှ အဖွဲ့ဟာ လပေါ်သို့ သတ္တုရှာဖွေရေး စက်ရုပ်များစေလွှတ်တာဟာ ရည်ရွယ်ချက်ကတစ်ခုထဲ မဟုတ်ပါဘူး။
ဇွန်လတုန်းကလည်း ကယ်လီဖိုးနီးယားအခြေစိုက် Masten Systems သည် လပေါ်တွင်သွားလာနိုင်သည့် lunor rover တစ်စင်းကို တီထွင်ခဲ့ကြပြီး ၎င်းဟာ လပေါ်မှာရှိတဲ့ကျောက်တွေကို ဖြတ်၍ ရေခဲတွေကို ဖောက်ကွဲစေနိုင်သဖြင့် ဒါဟာ နောက်အနာဂတ်မှာ လပေါ်မှာရှိတဲ့ အာကာသယာဥ်စခန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ကို ရစေနိုင်ပါလိမ့်မယ် ဟု ဆိုပါတယ်။
အာကာသဓာတ်သတ္တုတူးဖော်မှုကို 16 Psyche ကဲ့သို့ ကြွယ်ဝသောပစ္စည်းတွေပါဝင်တဲ့ အာကာသ အိမ်နီးချင်း ဂြိုလ်သိမ်ဂြိုလ်မွှားတွေအထိ ကျော်လွန်တူးဖော်ဖို့ သတ်မှတ်ထားကြပါတယ်။
ဒီတူးဖော်ရရှိတဲ့ ဓာတ်သတ္တုတွေရဲ့ အသားတင်တန်ဖိုးဟာ ဒေါ်လာ ၇၀၀ Quintillion တန်ဖိုးလောက်ရှိမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်သို့ ပြန် လည် သယ်ယူ နိုင်ပါလိမ့်မည်။
လူသားများ အနည်းငယ် ကြားဝင်မှုဖြင့် အလိုအလျောက် တူးဖော်ထားသော ကမ္ဘာပြင်ပမှ သယံဇာတ အရင်းအမြစ်တွေကို ဝယ်ယူခြင်းဟာ အနာဂါတ် စီးပွားရေး လောကကို ပုံဖော်နိုင်ပါလိမ့်မည် ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 13/9/2021