လေးညှင်းဟာ ခြင်တွေကို နှိမ်နင်းရာမှာ အသုံးဝင်တယ်ဆိုတာ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။
အချို့က လေးညှင်းပွင့်များကို သံပရာခြမ်းများအပေါ်တွင် စိုက်ထားပြီး ခြင်အန္တရာယ်ကို ကာကွယ်တတ်ကြပေမယ့် ဒါဟာ အမြဲတမ်းတော့ အဆင်မပြေနိုင်ပါဘူး။
တကယ်တော့ ခြင်အန္တရာယ် ကာကွယ်ဖို့ရာအတွက် အထိရောက်ဆုံး နည်းလမ်းကတော့ ခြင်တွေ မပေါက်ဖွားနိုင်အောင် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။
ထိုသို့ လုပ်ဆောင်ရာတွင် မကြာခဏဆိုသလို ဓာတု ပိုးသတ်ဆေးများကို အသုံးပြုကြလေ့ ရှိပါတယ်။
ယခု လေ့လာမှု အသစ်မှာတော့ ခြင်အန္တရာယ် ကာကွယ်ရန်အတွက် လေးညှင်းဆီများကို အသုံးပြုထားတာ ဖြစ်ပါတယ်။
လေးညှင်းဆီဟာ ဈေးသက်သာပြီး ကြာရှည်ခံနိုင်သည့်အတွက် ရေရှည် အသုံးပြုနိုင်ဖို့လည်း အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။

လေးညှင်း အဆီတွင် ပါဝင်သည့် eugenol ဆိုသည့် ဓာတုဒြပ်ပေါင်း တမျိုးဟာ လေးညှင်းဆီကို ရေထဲတွင် ထည့်လိုက်သည့်အခါ ခြင်သားလောင်းများကို သုတ်သင်နိုင်စွမ်း ရှိပါတယ်။
၎င်းဟာ သဘာဝ ပတ်ဝန်းကျင်အတွက် ဘေးကင်းသည်သာမက ငှက်ဖျား၊ ဇီကာနှင့် သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်မှ ကူးစက်သည့်ရောဂါများ ပျံ့နှံ့နေသည့် ဒေသများတွင် အလွယ်တကူ ရရှိနိုင်ပါတယ်။
အားနည်းချက် တခုကတော့ လေးညှင်းဆီရဲ့ သက်ရောက်မှုဟာ ပြင်းထန်လှတဲ့ ဓာတုပိုးသတ်ဆေးများကဲ့သို့ ချက်ချင်း ထိရောက်မှု မရှိတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပိုးသတ်ဆေးများဟာ မြေဆီလွှဦ၊ ရေနှင့် အစားအစာများနှင့် ထိတွေ့ပါက လူနှင့် တိရိစ္ဆာန်များအတွက် ကျန်းမာ ရေး ပြဿနာများ ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် အချိန် ကြာလာသည်နှင့်အမျှ ခြင်များဟာ အဆိုပါ ဆေးများကို ခံနိုင်ရည် ရှိလာပါတယ်။

လေးညှင်းဆီမှာတော့ ထိုကဲ့သို့ အကြောင်းအရာများ ဖြစ်နိုင်ခြင်း မရှိသောကြောင့် အိန္ဒိယနိုင်ငံ Gauhati တက္ကသိုလ်မှ သု တေသီများဟာ ခြင်သားလောင်းများကို နှိမ်နိုင်းနိုင်စွမ်းကို မြှင့်တင်ဖို့ရာ စီစဉ်ခဲ့ပါတယ်။
၎င်းတို့ဟာ လေးညှင်းပွင့်မှ ရရှိသည့် ဓာတုဒြပ်ပေါင်း eugenol နှင့် အမျိုးမျိုးသော ဓာတုပစ္စည်းများကို ပေါင်းစပ် စမ်းသပ်ခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ ရလဒ်အနေဖြင့် piperonyl butoxide (PBO) လို့ခေါ်တဲ့ အော်ဂဲနစ် ဒြပ်ပေါင်းအရည် တမျိုးနှင့် ပေါင်း စပ်ခြင်းဟာ Aedes aegypti ခြင်သားလောင်းများကို အထူး နှိမ်နင်းနိုင်တဲ့ အာနိသင်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
“ဓာတုနည်း သို့မဟုတ် သဘာဝအတိုင်း ရရှိတဲ့ eugenol ကဲ့သို့ ပိုးသတ်ဆေးများနှင့် ပေါင်းစပ် အသုံးပြုခြင်းဟာ ခြင်သားလောင်းများ ပိုးသတ်ဆေး ခံနိုင်ရည် ဖွံ့ဖြိုးတိုးတက်လာမှုကို ဟန့်တားဖို့ ကူညီပေးပါတယ်” လို့ ပါမောက္ခ Bulbuli Khanikor က ပြောပါတယ်။
PBO ကို လူသားများအတွက် အနည်းငယ်သာ အဆိပ်သင့်စေသည်ဟု ယူဆထားပေမယ့် ရေနေ ကျောရိုးမဲ့ တိရိစ္ဆာန်များနှင့် ဖားများအတွက်တော့ အလွန်ကို အန္တရာယ်ဖြစ်စေပါတယ်။

ဒါ့ကြောင့် ၎င်းကို ခြင်များ မကြာခဏ ပေါက်ပွားတတ်သည့် ဗွက်အိုင်များနှင့် ရေမြောင်းများတွင်သာ အသုံးပြုသင့်ပြီး စိမ့်ကန်များ သို့မဟုတ် ရေကန်များတွင်တော့ အသုံးမပြုသင့် သေးပါဘူး။
ဒီသုတေသနကို မကြာသေးခင်က ထုတ်ဝေခဲ့သည့် Scientific Report ဂျာနယ် တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။