အစ္စရေး လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီ Rafael Advanced Defense Systems ဟာ ၎င်း ထုတ်လုပ်နေတဲ့ ပဥ္စမမျိုးဆက် Sea Breaker လို့ခေါ်တဲ့ ဒုံးကျည်သစ်ကို ပြသခဲ့ပါတယ်။
ဒီဒုံးကျည်သစ်ဟာ ပစ်လွှတ်ပြီးပါက လူမှ ထိန်းချုပ်စရာမလိုဘဲ ပစ်မှတ်ကို တိုက်ရိုက် ရှာဖွေ ထိတွေ့မှာ ဖြစ်ပြီး တာဝေးသွား ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။
အဆိုပါ ဒုံးကျည်ကို ရေပြင်နှင့် ဝေဟင်ပစ်မှတ်များ၊ အထိုင်ချထားသော စခန်းများနှင့် ရွေ့လျားပစ်မှတ်များကို ၃၀၀ ကီလိုမီတာ အတွင်း တိကျစွာ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။
Rafael ကုမ္ပဏီမှ “ရေတပ်နှင့် အမြောက်တပ် အင်အား မြှောက်ကိန်း” လို့ ခေါ်ဆိုတဲ့ ဒီ Sea Breaker ဒုံးကျည်ကို နေ့ည ရာသီဥတုမရွေး ရေတပ် သင်္ဘောပေါ်မှဖြစ်စေ၊ ကမ်းရိုးတန်း ပစ်လွှတ်စင်များမှ ဖြစ်စေ ပစ်ခတ်နိုင်ပါတယ်။
Sea Breaker ဟာ အဆင့်မြင့် အီလက်ထရောနစ် ဖိဖျက် စနစ်တွေ၊ ဧရိယာ လွှမ်းခြုံကာကွယ်ရေး စနစ်တွေ၊ GPS နှင့် GPSS မျိုး အသုံးမပြုနိုင်သော သို့မဟုတ် လှိုင်းဖျက်ထားသော ရန်သူ့ နယ်မြေတွင်မလိုလားအပ်သော ထိခိုက်မှုများ (အထူးသဖြင့် အရပ်သား နှင့် အဆောက် အအုံများ) မဖြစ်စေဘဲ တိကျစွာဖြင့် ပစ်မှတ်ကို ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

အချင်း ၃၅၀ မီလီမီတာ၊ အရှည် ၄ မီတာအောက် နှင့် အလေးချိန် ၄၀၀ ကီလိုဂရမ်ရှိတဲ့ Sea Breaker ဒုံးကျည်မှာ ၁၀၇ ကီလိုဂရမ် ရှိတဲ့ ထိုးဖောက်နိုင်ပြီး ပြင်းထန်စွာကွဲနိုင်ကာ အပိုင်းအစများ ထုတ်လွှတ်နိုင်သည့် ထိပ်ဖူးကို တပ်ဆင်ထားပါတယ်။
ကုမ္ပဏီ၏ အဆိုအရ ဒီ ဒုံးကျည်ဟာ ဖရီးဂိတ် အရွယ်အစားရှိတဲ့ သင်္ဘောတစီးကို တချက်ထဲနှင့် နိဂုံးချုပ်နိုင်တယ်လို့ သိရပါတယ်။
ဒီဒုံးကျည်ကို ရော့ကတ် booster နှင့် ဒေါင်လိုက် ပစ်လွှတ်ရမှာ ဖြစ်ပြီး ပျံသန်းနေတဲ့အချိန်မှာ တာဘိုဂျက်အင်ဂျင်ကို အသုံးပြုကာ အသံအောက်အမြန်နှုန်းဖြင့် ပစ်မှတ်အား အသံအလျှင်အောက် အမြန်နှုန်းဖြင့် ချဉ်းကပ်မှာ ဖြစ်ပါတယ်။
ဒုံးကျည်၏ ဒီဇိုင်းမှာ အောက်ပိုင်းတွင် air intake လေဝင်ပေါက် တပ်ဆင်ထားပြီး၊ cruciform ဖင်မြှီး ပုံစံ၊ အလယ်အလတ် ကိုယ်ထည် နှင့် တောင်ပံများ တပ်ဆင်နိုင်ပါတယ်။
တောင်ပံအကျယ်ကို ကုမ္ပဏီက ထုတ်ဖော်မပြောပေမယ့် Janes မီဒီယာမှ ကုမ္ပဏီရဲ့ ဝေဟင်မှ မြေပြင်ပစ် ပဲ့ထိန်းမဲ့ လက်နက်စနစ် ဖြစ်တဲ့ Spice 1000 နှင့် သွင်ပြင်လက္ခဏာ တူနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ငံ အတော်များများဟာ အကောင်သေး အဆိပ်ပြင်း ဖရီးဂိတ်များကို ထုတ်လုပ်နေကြတဲ့အချိန်မှာ ဖရီးဂိတ် အရွယ် သင်္ဘောများကို တန်ပြန်နိုင်မယ့် ဒီ Sea Breaker ဒုံးကျည်ကို နိုင်ငံအများက စိတ်ဝင်စား လာကြဦးမှာပါ။
Sea Breaker ဟာ မီတာ အနည်းငယ်သာ တိမ်းစောင်းနိုင်ချေရှိပြီး အလွန်တိကျကာ ရေပြင်မှ ရှပ်ပျံခြင်း သို့မဟုတ် မြေပြင်အတိုင်း ကပ်ပျံခြင်းဖြင့် ရေဒါနှင့် အီလက်ထရောနစ် ဖိဖျက်စနစ်များကို ခံနိုင်ရည်ရှိသည့် အလွန် အစွမ်းထက်သည့် မျိုးဆက်သစ် ဒုံးကျည်တခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021