စစ်သင်္ဘောများကို ကာကွယ်ဖို့ လေ့ကျင့်ထားသည့် လင်းပိုင် များကို အသုံးပြုနေသည့် ရုရှားရေတပ်

Military News

ရုရှားဟာ ၎င်းတို့၏ ရေပြင်ကို ကာကွယ်ဖို့ရာအတွက် လေ့ကျင့်ထားသည့် လင်းပိုင်များကို အသုံးပြုနေသည်ဟု ယူဆရတယ်လို့ Business Insider တွင် ဖော်ပြချက်အရ သိရပါတယ်။

Maxar Technologies မှ ရိုက်ကူးရရှိထားသည့် ဂြိုဟ်တု ဓာတ်ပုံများအရ လင်းပိုင်များထည့်ထားဖွယ်ရှိတဲ့ ခြံများကို တွေ့ရပါတယ်။

ပင်လယ်နက်၏ အဓိက ဆိပ်ကမ်းဖြစ်တဲ့ ခရိုင်းမီးယားရှိ Sevastopol ဆိပ်ကမ်းအနီးတွင် ရေသတ္တဝါများအား ထိန်းချုပ်ထားသည့် ခြံငယ် ၂ ခုကို ဓာတ်ပုံတွင် တွေ့ရှိခဲ့ရတာပါ။

Sevastopol ဟာ ပင်လယ်နက်အတွက် ရုရှားရေတပ်၏ အထင်ရှားဆုံး ရေတပ်အခြေစိုက် စခန်းတခု ဖြစ်ပါတယ်။

အဆိုပါ နေရာတွင် ဆိုဗီယက် ခေတ်ကတည်းက အဆင့်မြင့် ရေတပ် စစ်သင်္ဘောကြီးပေါင်း များစွာကို ဆိုက်ကပ်ခဲ့တာပါ။

ဒါကြောင့် ရုရှား ရေတပ်၏ စစ်သင်္ဘောများကို ယူကရိန်းတို့ဘက်မှ တိုက်ခိုက်လာနိုင်ချေအတွက် ကာကွယ်ထားတာ ဖြစ်နိုင်ပါတယ်။

လက်ရှိတွင် ရုရှား စစ်သင်္ဘောများကို တိုက်ခိုက်နိုင်သည့် ဒုံးကျည်များနှင့် ဝေးကွာနေပေမယ့် ယူကရိန်းစစ်သည်များ၏ ရေအောက်မှ ငုပ်ရှိုးကာ တိုက်ခိုက်နိုင်ချေကို သတိထားနေရဖွယ် ရှိပါတယ်။

ဒီလို လင်းပိုင်များ ချထားမှုကို counter-diver operation လို့ ခေါ်ဆိုပါတယ်။

Newsweek သတင်းဌာနတွင် ဖော်ပြထားချက်အရ လင်းပိုင်းများဟာ သဘာဝအားဖြင့် အသံလှိုင်းများကို အာရုံခံနိုင်သည့် သဘာဝ sonar စနစ် ပါဝင်သည့်အတွက် ရေထဲရှိ ရန်သူများကို ရှာဖွေရာတွင် အလွန် အသုံးဝင်တယ်လို့ သိရပါတယ်။

Image: Courtesy of CovertShores Via Twitter/NDTV

US Naval Institute ၏ စစ်ဘက်ဆိုင်ရာ လေ့လာရေး ဝက်ဆိုက် USNI News ၏ သတင်းများအရ အဆိုပါ ရေပေါ် လင်း ပိုင် ခြံငယ်များကို ၎င်းတို့၏ ရေတပ်အခြေစိုက်စခန်းသို့ ဖေဖော်ဝါရီလ အတွင်းကတည်းက ပြောင်းရွှေ့ထားတာလို့ ဆိုပါတယ်။

ရုရှားရေတပ်ဟာ ရေနေသတ္တဝါများကို လေ့ကျင့်ခြင်းကို စစ်အေးကာလ ကတည်းက Sevastopol တွင် ပြုလုပ်နေခဲ့တာ ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီးမှာ ယူကရိန်းကို လွှဲပြောင်းပေးခဲ့ရတာပါ။

ဒါပေမယ့် ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကို သိမ်းပိုက်အပြီးမှာတော့ အဆိုပါ ရေနေသတ္တဝါများကို ပြန်လည် ရရှိခဲ့ပြီး ဆက် လက် တိုးချဲ့လာခဲ့ဖွယ် ရှိတယ်လို့ သိရပါတယ်။

လင်းပိုင်တွေ Beluga ဝေလငါးများမှသည် ပင်လယ်ဖျံ sea loins များ အထိ အမျိုးစုံလင်လှတဲ့ ရေနေသတ္တဝါများကို ရန်သူ့ ရေငုပ်စစ်သည်များ၊ ရေအောက်မိုင်းများကို ရှာဖွေရာတွင် အသုံးပြုကြလေ့ ရှိပါတယ်။

မြောက်ကိုရီးယားတွင် တွေ့ရှိခဲ့ရသည့် လင်းပိုင်ခြံငယ်များ

အမေရိကန်ဟာ ၁၉၅၉ ခုနှစ်ကတည်းက အဆိုပါ ရေနေသတ္တဝါ လေ့ကျင့်ရေး စီမံကိန်းများကို စတင်နေခဲ့တာပါ။

မြောက်ကိုရီးယားဟာလည်း အလားတူပင် လင်းပိုင်များကို လေ့ကျင့်ထားပြီး တိုက်ခိုက်ရေးများ အတွက်တောင် လေ့ကျင့် နေတယ်လို့ ယူဆရပါတယ်။

ထိုအကြောင်းကို “လင်းပိုင်များကို လေ့ကျင့်ပေးနေဖွယ်ရှိသည့် မြောက်ကိုရီးယား” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ရေနေသတ္တဝါများကို စစ်ရေးအတွက် အသုံးပြုနေသည့် နိုင်ငံများမှာ အမေရိကန်၊ ရုရှား၊ အစ္စရေးနှင့် မြောက်ကိုရီးယားတို့ ပါဝင်ကြောင်း Sutton ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရှိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *