အောက်တိုဘာ ၇ ရက်နေ့က တရားဝင် ထုတ်ပြန် ကြေငြာချက် အရ အမေရိကန် ရေတပ်၏ အမြန် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (SSN) အမျိုးအစား ရေငုပ်သင်္ဘောဟာ ရေအောက်တွင်ရှိနေစဉ် အရာဝတ္တုတခုနှင့် ဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။
ရေငုပ်သင်္ဘောများ အတွက် ဒီလို ဖြစ်စဉ်မျိုးဟာ ထိခိုက် ဆုံးရှုံးမှုများ ရှိနိုင်ပေမယ့် ရေတပ် အဖွဲ့သားများကို အသက်အန္တရာယ် ထိခိုက်လောက်တဲ့ အထိ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
ရေငုပ်သင်္ဘောဟာ အင်ဒို-ပစိဖိတ် ဒေသအတွင်းမှာ တာဝန် ထမ်းဆောင်နေရင်း အရာဝတ္ထု တခုနှင့် တိုက်မိခဲ့ကြောင်းကို “ရေငုပ်သင်္ဘောဟာ အန္တရာယ်ကင်းပြီး တည်ငြိမ်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်တယ်” လို့ ရေတပ်၏ ဝက်ဘ်ဆိုက်ဒ်တွင် ဖော်ပြခဲ့ပါတယ်။
“USS Connecticut ရေငုပ်သင်္ဘော၏ နျူကလီးယား တွန်းကန်မှု စနစ်ကို ထိခိုက်မှု မရှိဘဲ အပြည့်အဝ လည်ပတ် နေဆဲ ဖြစ်ပါတယ်။ သင်္ဘောရဲ့ ကျန်ရှိနေတဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကိုတော့ အကဲဖြတ်နေဆဲပါ။”

“ရေတပ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကူအညီတောင်းခံခြင်း မရှိသေးပါဘူး။ ဒီ မတော်တဆ ဖြစ်စဉ်ကို စုံစမ်း စစ်ဆေး သွားမှာပါလို့” ဖော် ပြ ထားပါတယ်။
ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ ၂ ရက်နေ့မှာ ဖြစ်ပွားခဲ့ပေမယ့် မည်သည့် အရာနှင့် တိုက်မိသလဲ ဆိုတာနဲ့ အင်ဒို-ပစိဖိတ်ဒေသ ရဲ့ မည်သည့် နေရာမှာ ဖြစ်ပွားခဲ့သလဲ ဆိုတာတွေ ကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။
ရေတပ်၏ ထုတ်ပြန်ချက်ထွက်ရှိလာချိန်မှာ USS Connecticut ရေငုပ်သင်္ဘောဟာ အနောက် ပစိဖိတ် သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာ ၂ ခုလုံးပါဝင်သည့် အမှတ် ၇ ရေတပ် စစ်ရေး စီမံခန့်ခွဲရေး ဌာနချုပ် သို့ ပြန်လာနေပြီ ဖြစ်ပါတယ်။
အမှတ် ၇ ရေတပ် ဌာနချုပ်ဟာ ဂျပန်နိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။
“Seawolf အတန်းအစား အမြန်တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (SSN 22) USS Connecticut ဟာ အင်ဒို-ပစိဖိတ် ဒေသ နိုင်ငံတကာ ရေပိုင် နက်အတွင်း တာဝန်ထမ်းဆောင်နေစဉ် အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲအချိန်မှာ အရာ ဝတ္ထုတခုနှင့် ဝင်တိုက်မိခဲ့ပါတယ်။” လို့ ရေတပ်က ထုတ်ပြန်ခဲ့တာပါ။
“ရေတပ်အဖွဲ့ဝင်များ၏ လုံခြုံရေးဟာ ဦးစားပေး ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်လောက်တဲ့ အနေအထားမျိုး မရှိပါဘူး” လို့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။

Connecticut ဟာ ဝါရှင်တန်ရှိ Kitsap-Bremerton ရေတပ်အခြေစိုက် စခန်းမှ ပစိဖိတ်ဒေသသို့ တာဝန်ထမ်းဆောင်ရန် ထွက်လာတာဖြစ်ပြီး တကယ်လို့ ပျက်စီးမှုများပြားပါက ပြုပြင်ရန် ကုန်ကျစရိတ် ကြီးမားပြီး အချိန် ကြာမြင့်နိုင်ဖွယ် ရှိပါတယ်။
ဒီ Seawolf အတန်းအစား ရေငုပ်သင်္ဘောဟာ ဂျပန်နိုင်ငံသို့ ဇူလိုင်လအတွင်းမှ ၂ ကြိမ် လည်ပတ်ရောက်ရှိခဲ့ပြီး ယခုလို ရေအောက်တွင် တိုက်မှုဟာ အလွန်ရှားပါးသည့် ဖြစ်စဉ် ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဂျပန် ရေငုပ်သင်္ဘောဟာ Soryu ဟာ ရေပေါ်သို့ တက်လာစဉ် ကုန်တင်သင်္ဘောနှင့် ဝင်တိုက်မိ ခဲ့ပြီး
၂၀၁၆ ခုနှစ် ဗြိတိန် တော်ဝင် ရေတပ်၏ Astute အတန်းအစား နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော HMS Ambush ဟာလည်း Gibraltar ကမ်းရိုးတန်းအနီးမှာ ရေနံတင် သင်္ဘောတစီးနှင့် တိုက်မိခဲ့ပါသေးတယ်။
၂၀၀၅ ခုနှစ်မှာတော့ အမေရိကန် ရေတပ်၏ USS San Francisco ရေငုပ်သင်္ဘောဟာ ရေအောက်တောင်ကုန်း တခုကို ဝင်တိုက်မိပြီး ဦးပိုင်းဟာ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။
အထက်ပါ ဖြစ်ရပ်များအားလုံးတွင် လူတဦး တယောက်မှ အသက်အန္တရာယ်ထိခိုက်ခြင်းတော့ မရှိခဲ့ပါဘူး။

Connecticut နှင့် ၎င်း၏ အတန်းအစားတူ USS Seawolf နှင့် USS Jimmy Carter ရေငုပ် သင်္ဘောများဟာ အာတိတ် ရေခဲပြင်အောက်တွင် အလွန်အမင်း ငြိမ်သက်စွာဖြင့် အချိန်ကြာမြင့်စွာ သွားလာနိုင်သောကြောင့် ကျော်ကြားပါတယ်။
၎င်းတို့ဟာ အခြား အရေးကြီးသော စစ်ဆင်ရေး တာဝန်များထဲမှ ထောက်လှမ်းရေးဆိုင်ရာ စစ်ဆင်ရေးများကို အလွန့်အလွန် တက်ကြွစွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
အလွန် အဆင့်မြင့်ပြီး ဆန်းပြားတဲ့ နည်းပညာများကို အသုံးပြုထားတဲ့ Seawolf အတန်းအစား ရေငုပ်သင်္ဘောများဟာ အရေအတွက် အ နည်းငယ်သာ ရှိသည့်အတွက် ရေတပ်ဟာ ကြီးမားတဲ့ ကုန်ကျစရိတ်တွေဖြင့် ပြုပြင်ရတော့မှာ ဖြစ်ပါတယ်။
ပြန်လည် ပြင်ဆင်ရာတွင် အပို ကိုယ်ထည်များလည်း မရှိနိုင်တဲ့အတွက် ကြီးကြီးမားမား ပျက်စီးပါက အချိန် ကောင်းကောင်းယူရမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။