စိတ်ပညာရှင်တစ်ဦး ရှင်းပြတဲ့ ဘာကြောင့် ဒုတိယမြောက် ပန်းဝင်သူ (ပြိုင်ပွဲမှာ ဒုတိယဆုရရှိတဲ့သူ) ဟာ တတိယမြောက် ပန်းဝင်သူ (တတိယဆုရရှိတဲ့သူ) ထက် ပိုဆိုးတဲ့ခံစားချက်ကို ရရှိတာလဲ။
ကြီးမားတဲ့ပြိုင်ပွဲတစ်ခုမှာ ဝင်ရောက် မယှဥ်ပြိုင်မီ သင့်ကို ဒုတိယ ပန်းဝင်တာနဲ့ တတိယပန်းဝင်တာ ဘယ်တခုကို ရွေးမလဲ ဆိုပြီး ရွေးချယ်ခိုင်းမည်ဆိုလျှင် သင်ဟာ ဒုတိယကို ရွေးချယ်ပါလိမ့်မယ်။ ဟုတ်တယ်ဟုတ်!!!
ဟုတ်ပါတယ်။
ဒါပေမယ့် ၁၉၉၀ ခုနှစ်များ အလယ်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာအိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ စိတ်ခံစား ပြသမှုတွေကို လေ့လာဆန်းစစ်ခဲ့တဲ့ လေ့လာမှု တွေ့ရှိချက်အရ

ကြေးတံဆိပ်ဆုရှင်တွေဟာ ငွေတံဆိပ်ဆုရှင်တွေထက်အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ခံစားမှုကို တွေ့ရှိရမှာဖြစ်ပါတယ်။ရွှေတံဆိပ်ဆုရှင်တွေက တော့ အပျော်ဆုံးပေါ့။
လူသိအများဆုံးရှင်းပြချက်ကတော့ ငွေတံဆိပ်ဆုရှင်များဟာ ၎င်းတို့အနေနဲ့ အားအနည်းငယ်စိုက်ခဲ့လျှင် ရွှေတံဆိပ်ဆုရှင် ဖြစ်ကောင်းဖြစ်နိုင်သည်ကို လက်လွတ်ဆုံးရှုံးလိုက်ရခြင်းအတွက် နောင်တရကြပါတယ်။
ဆန့်ကျင်ဘက်အနေနှင့် တတိယနေရာရရှိသူများဟာ ဒုတိယနေရာနှင့် နှိုင်းယှဉ်လျှင် အဆင့်နိမ့်ကျသော်လည်း ၎င်းတို့ဟာ ပြိုင်ပွဲဝင်အားလုံးထဲမှ ဆုတံဆိပ်တစ်ခုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ ပြန်လည်ခံစားရပါတယ်။
(မရတဲ့သူတွေနဲ့စာရင် ဆုတော့ရသေးတယ်ပေါ့လို့ ဖြေသိမ့်တတ်ကြပါတယ်)။

၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်မှာကျင်းပပြီးနောက်ပိုင်း သုတေသနတွေက ယင်းကောက်ချက်ချမှုကို ထောက်ခံကြပါတယ်။
ရွှေနဲ့ကြေးတံဆိပ် ဆုရှင်ရဲ့ အပြုအမူတွေ လုပ်ဆောင်ချက်တွေဟာ ပိုကောင်းနေတတ်ပါတယ်။
ဒါ့အပြင် သူတို့ကို ကြည့်ရတာ ပိုပြီး ပျော်ရွှင်နေတဲ့ပုံ ပေါ်နေပါတယ်။ ဒါပေမယ့် ဒုတိယဆုရရှိသူတွေ အတွက်တော့ ဒီလိုမဟုတ်ပါဘူး။
ဖြစ်နိုင်တာကဘာလို့လဲဆိုတော့ သူတို့ဟာ ကြိုးစားပမ်းစား လုပ်ခဲ့ပါသော်လည်း အနိုင်မရရှိတဲ့အတွက် နောင်တရနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

မကြာသေးမီက ရီယိုအိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားများကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုတွင် ငွေနှင့်ကြေးတံဆိပ်ဆုရရှိသူများ၏ ပျော်ရွှင်မှု ပြသရာတွင် မပြောပလောက်သော ကွဲပြားခြားနားမှုများကိုသာတွေ့ရှိခဲ့ပါတယ်။
သို့သော်လည်း သူတို့၏ ယှဉ်ပြိုင်မှုအပြီး တွေ့ဆုံမေးမြန်းမှုများကိုခွဲခြမ်းစိတ်ဖြာ လေ့လာချက်များအရ ငွေတံဆိပ်ဆုရှင်များသည် ကြိုးစားခဲ့သလောက်အရာမထင်ခဲ့ကြောင်းကို စီကာပတ်ကုံး ပြောဆို ဆွေးနွေးတတ်တာကို တွေ့ခဲ့ရပါတယ်။
နောက်ဆုံအနေနဲ့ အတိုချုပ်ပြောရမယ်ဆိုရင် သင်ဟာ ဒုတိယနေရာမှာပဲ ရှိတဲ့အတွက် စိတ်ဆင်းရဲနေတယ်ဆိုရင် ကြေးတံဆိပ်ဆုရှင်တွေရဲ့ စိတ်ထားကို အတုခိုးသင့်ပါတယ်။
ကိုယ်စွမ်းသလောက်ကိုယ် ကြိုးစားပြီး ထိပ်ဆုံးမရောက်ခဲ့ပေမယ့် အလယ်အလတ်မကအောင် ကြိုးစားလုပ်ဆောင်ခဲ့တဲ့အတွက် မိမိကိုယ်မိမိ ကျေးဇူးတင်သင့်ပါတယ်။
ဘဝဆိုတာ နေတတ်ရင်ကျေနပ်စရာပါပဲ။
ရေးသားသူ – Zaw Gyi (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။