၁၉၅၁ ခုနှစ်တွင် အမေရိကန် ရေတပ်ဟာ Chance Vought Aircraft ကုမ္ပဏီနှင့် ပူးပေါင်းပြီး SSM-N-8A Rehulus ခရုဇ် ဒုံးကျည်ကို တည်ဆောက်ခဲ့ပါတယ်။
SSM-N-8A ဟာ ယနေ့ခေတ် ခရုဇ်ဒုံးကျည်များရဲ့ ဘိုးအေကြီးလို့ ပြောလို့ ရပါတယ်။
ဂျာမန်တွေရဲ့ V-1 ဒုံးကျည်ကို အခြေခံထားတဲ့ တာဘိုဂျက်အင်ဂျင်သုံး ဒုံးကျည်ဟာ နျူကလီးယား ထိပ်ဖူး တင်ဆောင်နိုင်ပြီး သင်္ဘော သို့မဟုတ် ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်ပါတယ်။
၎င်းကို စတင် စမ်းသပ် အသုံးပြုခဲ့တာကတော့ တမူထူးခြားတဲ့ ပုံစံနဲ့ပါ။
အဲဒါကတော့ ဒုံးကျည်ရဲ့ ပထမဆုံး ပစ်လွှတ်မှုကတော့ နျူကလီးယားထိပ်ဖူးမဟုတ်ဘဲ စာတွေ ထည့်ပြီး ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၈ ရက် ၁၉၅၉ ခုနှစ်မှာ USS Barbero (SSG-317) ရေငုပ်သင်္ဘောမှ ရေတပ်၏ ခရုဇ် ဒုံးကျည်များတွင် ပထမဆုံး ဖြစ်သည့် Regulus ဒုံးကျည် ကို အတ္တလန္တိတ် သမုဒ္ဒရာ အရှေ့ဘက် ကမ်းရိုးတန်းမှာ ပစ်လွှတ်ခဲ့ပါတယ်။
USS Barbero ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန် ရေငုပ်သင်္ဘော ၃ စင်းကို နှစ်မြှုပ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ ကုန်တင် ရေ ငုပ်သင်္ဘောအဖြစ် ပြောင်းလဲခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ အဆိုပါ ရေငုပ်သင်္ဘောဟာ ပဲ့ထိန်း လမ်းညွှန်စနစ်သုံး ဒုံးကျည်တင် ရေငုပ်သင်္ဘောအဖြစ် ပြောင်းလဲခြင်း ခံခဲ့ရပါတယ်။
အဆိုပါ ဒုံးကျည်ကို မိုင် ၁၀၀ အကွာအဝေးရှိ ဖလော်ရီဒါ ပြည်နယ် ရေတပ် အခြေစိုက်စခန်း Naval Station Mayport ကို ဦးတည်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
ထိပ်ဖူးကတော့ နျူကလီးယား ထိပ်ဖူးအစား စာတိုက်ရုံး ၂ ခုအတွက် အပြာရောင်နှင့် အနီရောင် သေတ္တာ ၂ လုံးတွင် စာပေါင်း ၃ ထောင်လောက်ကို ထည့်သွင်း ပစ်လွှတ်ခဲ့တာပါ။

စာ ၃ ထောင်စလုံးဟာ စာတိုက်မှူးချုပ် Arthur E. Summerfield ဆီမှ စာကို သမ္မတ အိုင်စင်ဟောင်ဝါ ကဲ့သို့ အစိုးရ အရာရှိများ အပါအဝင် အခြား ကမ္ဘာအနှံ့ရှိ စာတိုက်မှူးများထံသို့ လိပ်မူထားတာ ဖြစ်ပါတယ်။
ရေငုပ်သင်္ဘောပေါ်တွင် စာတိုက်ရုံးဌာန ဖွင့်လှစ်ထားပြီး တံဆိပ်ခေါင်းများကို USS Barbero ရေငုပ်သင်္ဘော စာတိုက် အမှတ်အသားဖြင့်ပင် အတည်ပြု ပေးခဲ့ပါတယ်။
ရေငုပ်သင်္ဘောပေါ်ရှိ တပ်သားများကိုလည်း “ထူးခြားသော လက်ဆောင်ပစ္စည်း အမှတ်တရ” လို့ခေါ်တဲ့ ဒီ စာနှင့် စာအိတ် မိတ္တူများကို ပေးအပ်ခဲ့ပါတယ်။
စာတွေ တင်ဆောင်လာတဲ့ ဒုံးကျည်ဟာ ၂၂ မိနစ်အကြာမှာ Mayport သို့ ရောက်ရှိပြီး “missile mail” (ဒုံးကျည်ဖြင့် လာသော စာ) လို့ ခေါ်တဲ့ စာတိုက်မှူးချုပ် Summerfield ရဲ့ စိတ်ကူးကို သက်သေပြနိုင်ခဲ့ပါတယ်။
“လူတွေ လ ပေါ်ကို မရောက်ခင် နယူးရော့ခ်မှ ကယ်လီဖိုးနီးယား၊ ဗြိတိန်နှင့် အိန္ဒိယ သို့မဟုတ် ဩစတြေးလျ ကို နာရီပိုင်းအတွင်းနဲ့ စာတွေပို့နိုင်လောက်မှာပါ” လို့တောင် ၎င်းက ပြောခဲ့ပါသေးတယ်။

ဒုံးကျည်နှင့် စာပို့ခြင်းဟာ စာပို့ စနစ်ကို ပြောင်းလဲဖို့ ဦးဆောင်နိုင်ခြင်း မရှိခဲ့ပေမယ့် အခြားနေရာမှာတော့ အောင်မြင်မှု တခု ရရှိခဲ့ပါတယ်။
စစ်တပ်၏ လျှို့ဝှက် စမ်းသပ်မှုများနှင့် မတူတာက Regulus ဟာ အမေရိကန်၏ နျူကလီယား ထိပ်ဖူးတပ် ခရုဇ် ဒုံးကျည်တွေရဲ့ တိကျသေချာမှုနှင့် စိတ်ချရမှုကို ကမ္ဘာကို ချပြနိုင်ခဲ့ပါတယ်.
Regulus ဟာ မရပ်မနား ပျံသန်းနိုင်ပြီး နျူကလီးယား လက်နက် တင်ဆောင်နိုင်တဲ့ B-52 မဟာ ဗျူဟာမြောက် ဗုံးကြဲ လေယာဉ်ကြီးများနှင့် အတူ ၂ နှစ်ခန့်စောပြီး စစ်အေးခေတ်၏ အဓိက မှတ်တိုင်တခု ဖြစ်စေခဲ့ပါတယ်။
ယနေ့ခေတ်မှာတော့ အလွန် အစွမ်းထက်ပြီး အဆင့်မြင့်တဲ့ ခရုဇ် ဒုံးကျည်တွေ ပေါ်ပေါက်လာပြီ ဖြစ်ပေမယ့် သမိုင်း မှတ် တိုင်တခု ဖြစ်ခဲ့သည့်အပြင် ထူးထူးဆန်းဆန်း စမ်းသပ်ခဲ့သည့် Regulus အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။