ဖလော်ရီဒါ ရှိ စားသောက်ဆိုင်ခွဲတစ်ခုက ဝန်ထမ်းများအတွက် ပန်းကန်များကိုသယ်ဖို့ တစ်လ ဒေါ်လာတစ်ထောင်ပေးရတဲ့ စက်ရုပ်ကို ငှားရမ်းခဲ့ပြီးနောက် ဝန်ထမ်းတွေဟာ ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်များ ရရှိခဲ့ကြောင်း New York Times (NYT) သတင်းမှာ အင်္ဂါနေ့တုန်းက ဖော်ပြခဲ့ပါတယ်။
Sergio စားသောက်ဆိုင်ခွဲရဲ့ ပိုင်ရှင်၊ CEO လည်းဖြစ်တဲ့ Carlos Gazitua က အလုပ်သမားရှာဖွေဖို့ ခက်ခဲနေချိန်မှာ Softbank ရဲ့ Servi စက်ရုပ်ကို အစားထိုး ထည့်သွင်းခဲ့တယ်ဟု ပြောပါတယ်။
အဆိုပါ စက်ရုပ်ဟာ မီးဖိုချောင်မှ စားသောက်ပန်းကန်များကို သယ်ဆောင်ပြီး စားသုံးသူ ဖောက်သည်များထံ ပို့ဆောင်ပေးနိုင်ပါတယ်။
ဝန်ထမ်းတွေကတော့ စားသုံးသူ ဖောက်သည်တွေကို ၀န်ဆောင်မှုပေးဖို့ နှင့်စကားပြောဖို့ အချိန်ပိုပေးနိုင်တယ်ဟု ဆိုပါတယ်။
ယခုအခါ ၎င်းရဲ့စားသောက်ဆိုင် ၆ ခုစီအတွက် စက်ရုပ်တစ်ခုစီ ရှိနေပြီ ဟု Gazitua ကဆိုပါတယ်။

Servi စက်ရုပ်တွေဟာ စားသောက်ဆိုင်ရှိ စားပွဲတွေ နှင့် ၀ယ်သူတွေကို လှည့်လည် ကြည့်ရှုနိုင်ဖို့ 3D ကင်မရာများ နှင့် လေဆာ အာရုံခံနည်းပညာများကို အသုံးပြုထားပါတယ်။
Gazitua က စက်ရုပ်တွေဟာ စားသောက်ပန်းကန်များကို သယ်ဆောင်နိုင်ပြီး ညစ်ပေတဲ့ ပန်းကန်တွေကို ဆေးကြောတဲ့ နေရာကို ပြန်လည်ယူဆောင် ပေးနိုင်တာဟာ လူတွေရဲ့ ပုဂ္ဂိုလ်ရေးရာ လက်ထောက်များ ဖြစ်လာနိုင်တယ် ဟု ဆိုပါတယ်။
ဒါဟာ ကျွန်ုပ်တို့ စောင့်ဆိုင်းနေတဲ့ ဝန်ထမ်းတွေထက် ၂၅-၃၀ ရာခိုင်နှုန်းလောက် ပိုပြီးထိရောက်မှု ရှိပါလိမ့်မယ်၊ ဒါကြောင့် အဆိုပါ စက်ရုပ်တွေက ဝန်ထမ်းတွေကို စားသုံးသူတွေအပေါ် ပိုမိုအာရုံစိုက်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဧည့်ဝတ်ကျေပွန်မှု ပေးနိုင်လိမ့်မည် ဟုဆိုပါတယ်။
အဆိုပါ စက်ရုပ်တွေဟာ တစ်လလျှင် ဒေါ်လာ ၁၀၀၀ ခန့် ကုန်ကျတယ် ဟု Gazitua ပြောပါတယ်။
Gazitua က စားသောက်ဆိုင်ထဲကို အလုပ်သမားရှားပါးမှု အကျပ်အတည်းကာလကို ဖြေရှင်းဖို့ ပထမဆုံး Servi စက်ရုပ်ကို ယူဆောင်လာခဲ့တယ်ဟု ဆိုပါတယ်။

အမေရိကန်တစ်ဝှမ်းလုံးရှိ စီးပွားရေးလုပ်ငန်းတွေဟာ အလုပ်သမားရှားပါးမှုကို ရုန်းကန်ရင်ဆိုင်နေရပြီး တစ်ချို့လူတွေက အလုပ်မလုပ်လိုတော့ဘူး ဟု ဆိုပါတယ်။
ဒါပေမယ့် အလုပ်သမားတွေဟာ ပိုကောင်းတဲ့လုပ်ခ၊ အကျိုးခံစားခွင့် နဲ့ အလုပ် အခြေအနေတွေကို ရှာဖွေဖို့ စားသောက်ဆိုင် ဝန်ထမ်းဘဝကို စွန့်ခွာလာကြပါတယ်။
လုပ်ခလစာ ပိုမိုမြင့်မားလာခြင်း နှင့် လုပ်သားရှားပါးမှုတို့ကြောင့် အမေရိကန်တစ်ဝှမ်းလုံးရှိ စားသောက်ဆိုင်အချို့ဟာ ၎င်းတို့ရဲ့စားသောက်ခန်းများကို ပိတ်ခြင်း သို့မဟုတ် ဖွင့်ချိန်ကို လျော့ချခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
အလုပ်သမားရှားပါးမှုကြောင့် တစ်ချို့သော စားသောက်ဆိုင်များဟာလည်း စက်ရုပ်တွေကို အစားထိုး ပြောင်းလဲ အသုံးပြုလာကြပါတယ်။
စက်တင်ဘာလတုန်းကလည်း တက္ကဆက်ပြည်နယ်ရှိ လက်တင်အမေရိက စားသောက်ဆိုင်တစ်ဆိုင်ဟာ ဧည်သည်တွေကို ဝန်ဆောင်မှုပေးဖို့အတွက် ကုမ္မဏီတစ်ခုမှ စက်ရုပ်သုံးကောင်ကို တစ်ရက်လျှင် ၁၅ ဒေါ်လာဖြင့် ငှားရမ်းခဲ့ပါသေးတယ်။
အဆိုပါ စက်ရုပ်တွေဟာ ဧည့်သည်တွေကို ကြိုဆိုခြင်း၊ အစားအသောက်တွေကို ယူဆောင်ပေးခြင်း အပြင် သီချင်း ဆိုတာ တွေကိုပါ လုပ်ဆောင်နိုင်တယ် ဟု စားသောက်ဆိုင်ပိုင်ရှင်က ဆိုပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။