နောက်ထပ် အစောဆုံး အကြီးစား မျိုးသုဉ်းမှု ဖြစ်စဉ်ကို သုတေသီများက ရှာတွေ့ခဲ့သည့် အကြောင်း

Archeology Article

သုတေသီများဟာ လက်ရှိ ကမ္ဘာကြီး အနေဖြင့် ဆဌမမြောက် အစုလိုက် အပြုံလိုက် မျိုးသုဉ်းမှု ဖြစ်စဉ်ကို ကြုံရဦးမယ်လို့ ယုံကြည်ထားကြပါတယ်။

ဒါပေမဲ့ လေ့လာမှု အသစ်တခု အရ နောင်လာမည့် ဖြစ်စဉ်ဟာ ဆဌမမြောက် မဟုတ်ဘဲ သတ္တမမြောက် ဖြစ်နိုင်တယ်လို့ သိရပါတယ်။

အကြောင်းကတော့ လွန်ခဲ့တဲ့ နှစ် သန်း ၅၀၀ ကျော်လောက်က ဖြစ်ပွားခဲ့တဲ့ ယခင်က မသိရှိ ရသေးတဲ့ အစုလိုက် မျိုးသုဉ်းမှု ဖြစ် စဉ်ကို မထင်မှတ်ဘဲ တွေ့ရှိလိုက်ရလို့ပါ။

ယခင်က ကမ္ဘာ့ သက်ရှိ စုစုပေါင်းရှိ ၇၀ ရာခိုင်နှုန်းလောက်ကို ပျောက်ကွယ် စေခဲ့သည့် အစုလိုက် မျိုးသုဉ်းမှု ဖြစ်စဉ်ကြီး ၅ ခုကိုသာ မှတ်တမ်းရှိထားတာပါ။

ပထမဆုံး ဖြစ်စဉ်ဟာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၄၅၀ Ordovician ကာလ လောက်က ဖြစ်ပွားခဲ့ပြီး သက်ရှိ ၈၅ ရာခိုင်နှုန်းလောက် ပျောက်ကွယ်ခဲ့ပါတယ်။

အဲဒီ့နောက် လွန်ခဲ့သည့် နှစ် သန်းပေါင်း ၂၅၂.၂ သန်းမှ ၂၉၈.၉ သန်းကြား Permia ကာလ အဆုံးနားမှ ဖြစ်စဉ်ဟာ အဆိုးဆုံး ဖြစ်ပြီး သက်ရှိပေါင်း ၉၆ ရာခိုင်နှုန်းလောက် ပျောက်ကွယ်ခဲ့ပြန်ပါတယ်။

အနီးဆုံး ဖြစ်စဉ်ဟာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၆ သန်း Cretaceous ကာလမှာ ဖြစ်ပြီး ကျော်ကြားလှတဲ့ ဒိုင်နိုဆောကြီးတွေ ပျောက်ကွယ်သွားခဲ့ပါတယ်။

Ediacaran ကာလက သက်ရှိတကောင်ဖြစ်သည့် Dickinsonia Image: Courtesy of Verisimilus/CC BY-SA 3.0

UC Riverside and Virginia Tech မှ သုတေသီများ ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်မှာတော့ ပထမဆုံးလို့ လက်ရှိမှာ သတ် မှတ်ထားတဲ့ မျိုးသုဉ်းဖြစ်စဉ်ထက် နှစ်ပေါင်း သန်း ၁၀၀ လောက် ပိုစောတဲ့ ဖြစ်စဉ်ကို တွေ့ရှိခဲ့တာပါ။

ထိုဖြစ်စဉ်ဟာ Ediacaran ကာလ ဖြစ်တဲ့ လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၅၅၀ လောက်က ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး ရှုပ်ထွေးတဲ့ ဆဲလ်မျိုးစုံရှိသည့် သက်ရှိများ ပထမဆုံးအနေဖြင့် ပေါ်ပေါက်လာချိန် ဖြစ်ပါတယ်။

ထိုကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် သက်ရှိ အများစုဟာ ကြီးမားပြီး ပျော့ပြောင်းသည့် ခန္ဓာကိုယ်ရှိတဲ့ သက်ရှိများ ဖြစ်တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းများ ရရှိနိုင်ဖို့ ခက်ခဲခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် နှစ်ပေါင်းများစွာ ကုန်လွန်ပြီး ဖြစ်တာကြောင့် ရုပ်ကြွင်း မှတ်တမ်းများဟာ အလွန်နက်ရှိုင်းသည့် နေရာသို့ ရောက်ရှိခြင်း သို့မဟုတ် ပျက်စီးသွားခြင်းတွေ ဖြစ်ပေါ်စေနိုင်လို့ပါ။

ဒါဟာ Ediacaran အလယ်ပိုင်းမှ နှောင်းပိုင်းအထိ သက်ရှိများ၏ ကွဲပြားမှုကို သိရှိနိုင်ဖို့ အစုလိုက် မျိုးသုဉ်းမှု ဖြစ်စဉ်ကို ရှာ ဖွေရန် ခက်ခဲစေခဲ့ပြီး မျိုးသုဉ်းမှု ဖြစ်စဉ် ဟုတ်မဟုတ်ကို ဆုံးဖြတ်ဖို့ ခက်ခဲစေပါတယ်။

ဒါ့ကြောင့် လေ့လာမှု အသစ်မှာ Ediacaran ခေတ်က နှစ်သန်းပေါင်း ဆယ်မီလီယံလောက် အကြား သိရှိနိုင်သမျှ သက်ရှိများ အားလုံးနီးပါး၏ အချက်အလက်များကို စုဆောင်းခဲ့ပါတယ်။

Ediacaran ကာလ ပင်လယ် သက်ရှိများကို သရုပ်ဖော်ထားပုံ Image: Courtesy of Smithsonioan Institution

အဲဒီ့နောက် ထိုသက်ရှိများ အသက်ရှင်ပြီး ပျောက်ကွယ်သွားချိန် အပြင် ၎င်းတို့၏ ပတ်ဝန်းကျင်၊ ခန္ဓာကိုယ် အရွယ်အစား နှင့် ပုံသဏ္ဍာန်များ၊ အစားအသောက်များ အလေ့အထားများနှင့် ရွေ့လျားနိုင်ခြင်း ရှိမရှိ ဆိုတာကို စစ်ဆေးခဲ့ပါတယ်။

ထိုသို့လုပ်ဆောင်ရာတွင် Ediacaran အလယ်ပိုင်းတွင် သက်ရှိ သတ္တဝါများ၏ ၈၀ ရာခိုင်နှုန်းခန့်ဟာ Ediacaran ကာလ နှောင်းပိုင်းတွင် မျိုးသုဉ်းသွားပြီ ဖြစ်ကြောင်း အဖွဲ့က တွေ့ရှိခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ပေါများလှတဲ့ သက်ရှိတွေရဲ့ အရေအတွက် ကျဆင်းသွားတာကို သက်သေပြနိုင်ခဲ့ပါတယ်” လို့ လေ့လာမှုကို ပူးတွဲပြုစုသူ Chenyi Tu က ပြောပါတယ်။

သုတေသီများဟာ မျိုးသုဉ်မှု ဖြစ်စဉ်အတွက် အထောက်အထား ရှိပြီလို့ ထင်မြင်ထားပြီး ဘူမိဗေဒ မှတ်တမ်းများအရ ထိုကာလအတွင်း သမုဒ္ဒရာ၏ အောက်စီဂျင် ပမာဏဟာ များစွာလျော့ကျခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ ထိုကဲ့သို့ အောက်စီဂျင် နည်းပါးနေချိန်မှာတောင် ရှင်သန်ခဲ့သည့် သက်ရှိတွေလည်း ရှိနေခဲ့တယ် ဆိုတာပါ။

“သက်ရှိတွေဟာ မြင့်မားသည့် အချိုးအစားရှိပါက အာဟာရ ပိုမိုရရှိနိုင်ပြီး နောင်ခေတ်တွင် နေထိုင်ခဲ့သော တိရစ္ဆာန်များ၏ ခန္ဓာကိုယ်များကို ဤနည်းဖြင့် လိုက်လျောညီထွေ ဖြစ်စေတယ်” ဟု လေ့လာမှုကို ပူးတွဲရေးသားသူ Heather McCandless က ပြောပါတယ်။

အထက်ပါ လေ့လာမှုကို PNAS ဂျာနယ်တွင် အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com