အာကာသ အမှိုက်ရှင်းဖို့ ဆိုတဲ့ တရုတ် ဂြိုဟ်တု အနီး ထူးဆန်းသည့်အရာတခု အမေရိကန် တွေ့ရှိခဲ့သည့် အကြောင်း

Military Tech

ပြီးခဲ့တဲ့ လက တရုတ်နိုင်ငံဟာ အာကာသအတွင်း အပျက်အစီး အမှိုက်သရိုက်များကို ရှင်းလင်းဖို့ရာ နည်းလမ်း အသစ်များကို စမ်းသပ်ဖို့ ဒီဇိုင်းဆွဲထားတဲ့ Shijian-21 လို့ခေါ်တဲ့ ဂြိုဟ်တု တလုံးကို လွှတ်တင်ခဲ့ပါတယ်။

အဲဒီ့လို လွှတ်တင်ခဲ့တဲ့ အကြောင်းကို “အာကာသ အမှိုက်များ ရှင်းလင်း ဖို့ ဟု ဆိုကာ တရုတ် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတခု လွှတ်တင်လိုက်တဲ့ အကြောင်း” ခေါင်းစဉ်နှင့် ဖော်ပြပြီး ဖြစ်ပါတယ်။

ယခု အပတ်ထဲမှာတော့ အမေရိကန် အာကာသ တပ်ဖွဲ့ဟာ အရာဝတ္တုတခု အသစ်တခုကို တွေ့ရှိခဲ့ပြီး စာရင်းပြုစုထားခဲ့ကြောင်း သိရပါတယ်။

အဲဒါ အရာဝတ္ထုဟာ ဂြိုဟ်တုများကို geostationary ပတ်လမ်း အတွင်းသို့ ပေးပို့ပေးနိုင်တဲ့ apogee kick motor (AKM) လို့ခေါ်တဲ့ ရော့ကတ် ကိုယ်ထည် အစိတ်အပိုင်း ဖြစ်နိုင်ဖွယ် ရှိတယ်လို့ SpaceNews က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ထူးခြားတဲ့ အချက်ကတော့ အဲဒီ့ အရာဝတ္ထုဟာ Shijian -21 ဂြိုဟ်တုအနီးရှိ geostationary ပတ်လမ်းအတွင်းမှာပဲ ရှိနေသေးတာ ဖြစ်ပါတယ်။

AKM များ၏ ပုံမှန် လုပ်ရိုးလုပ်စဉ် protocol ဖြစ်သည့် ဂြိုဟ်တုအား ပတ်လမ်းအတွင်း ပို့ပေးပြီးနောက် အခြား ဂြိုဟ်တုများနှင့် မတိုက်မိစေရန် လမ်းကြောင်းမှ ထွက်ခွာရမည့်အစား ဆက်လက်ရှိနေခြင်းမှာ ထူးခြားမှု တခုပါ။

(geostationary ပတ်လမ်းဆိုသည်မှာ အီကွေတာ အထက် မိုင်ပေါင်း ၂၂,၂၃၆ မိုင် အကွာအဝေးတွင် ရှိသည့် ကမ္ဘာကို ပတ်သည့် ပတ်လမ်းတခုဖြစ်ကာ ဂြိုဟ်တု လှည့်ပတ်သည့် ကြာချိန်ဟာ ကမ္ဘာ လည်ပတ်နှုန်း ၂၃ နာရီ ၅၆ မိနစ်နှင့် အတူတူ ဖြစ်ပါတယ်။)

ဒီလို ထူးဆန်းတဲ့ အခြေအနေဟာ အဖြေတခုထက် မေးခွန်းတွေက ပိုမို များပြားစေပါတယ်။

ဒီ အရာဝတ္တုဟာ AKM လား ဒါမှမဟုတ် တခြား တရုတ်ရဲ့ ကွဲပြားတဲ့ ကြိုးပမ်း အားထုတ်မှု တခုလားဆိုတာ မသိနိုင်သလို တရုတ် အာ ကာသ အေဂျင်စီဟာ ပတ်လမ်းကြောင်းအတွင်း ၎င်းတို့ရဲ့ လုပ်ဆောင်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိတာကြောင့် ကျွန်တော်တို့အနေဖြင့် သိနိုင်ဖို့ မလွယ်ပါဘူး။

ဒါဟာ မရေရာတဲ့ အခြေအနေ တခုပါ။

တရုတ်၊ ရုရှား အပါအဝင် ကမ္ဘာ့ အင်အားကြီး နိုင်ငံများဟာ ဂြိုဟ်တု နည်းပညာများကို စမ်းသပ်နေကြပြီး စစ်အေးတိုက်ပွဲ အမျိုးအစားသစ်ကို ဖြစ်ပေါ်ဖို့ စတင်နေပါတယ်။

ရန်သူ့ ဂြိုဟ်တုများကို ဖယ်ရှားနိုင်မှုဟာ တိုင်းပြည်၏ စစ်တပ်ကို သိသိသာသာ နည်းဗျူဟာဆိုင်ရာ အားသာချက်တခုကို ပေးစွမ်းနိုင်ပေမယ့် အန္တရာယ်ကတော့ ကြီးမားပါတယ်။

ဆိုလိုတာကတော့ စစ်အင်အားကြီး နိုင်ငံများဟာ ကမ္ဘာမြေကို လှည့်ပတ်နေသည့် အခြား ကမ္ဘာ့ စစ်အင်အားကြီးနိုင်ငံများ၏ ရွေ့လျားမှုများကို အလွန် နီးကပ်စွာ စောင့်ကြည့်နေကြလို့ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အကြောင်းကတော့ ဒီလို ဖြစ်ရပ်တွေ ဖြစ်ဖူးပြီး ဖြစ်နေပြီ ဖြစ်လို့ပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Breaking Defense ၏ သတင်း အရ တရုတ် ဂြိုဟ်တု တလုံးဟာ အမေရိကန် ဂြိုဟ်တု တလုံးကို နောက်ယောင် ခံကာ ၎င်း၏ ပတ်လမ်းကို အမှီလိုက်နိုင်ရန် ချိန်ညှိနေခဲ့ပါတယ်။

ဒါ့ကြောင့် Shijian-21 နောက်မှ လိုက်နေသည့် အရာဝတ္ထုဟာလည်း ရည်ရွယ်ချက် တခုကြောင့် ဖြစ်နိုင်ပြီး လူသိရှင်ကြား ထုတ်ပြန် နိုင်ဖွယ် ရှိမှာ မဟုတ်ပါဘူး။

ယခုလို ဖြစ်စဉ်များကြောင့် အမေရိကန် စစ်တပ်များကိုလည်း သတိဝီရိယ ရှိနေစေပါတယ်။

လာမယ့် အနာဂါတ်မှာလည်း အာကာသအတွင်း ပြိုင်ဆိုင်မှုများဟာ အရှိန်မြင့်တက်လာဖွယ်ရှိပြီး မည်သည့်အချိန်တွင် အနိုင်အရှုံး ကွဲပြားမယ် ဆိုတာ ကြိုတင် သိနိုင်မှာတော့ မဟုတ်ပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *