ဒီတခါ စင်္ကာပူ နိုင်ငံရဲ့ စီမံကိန်းကတော့ အကြီးကြီး ပါပဲ။
အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံလောက် ကုန်ကျမယ့် ကြီးမားတဲ့ ဒီ အခြေခံ အဆောက်အုံ စီမံကိန်းကြီးဟာ ခန့်မှန်းချေ မိုင်ပေါင်း ၃,၁၀၀ လောက် အကွာအဝေးတွင် ရှိသည့် ဆိုလာပြားခင်းကြီးမှ တဆင့် စင်္ကာပူကို သန့်ရှင်းသည့် စွမ်းအင် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
ဩစတေးလျ ကုမ္ပဏီ Sun Cable မှ ဦးဆောင်တဲ့ ဒီ ဗို့အားမြင့် ရေအောက် ကေဘယ် စီမံကိန်းဟာ ၂၀၂၇ ခုနှစ်လောက်မှာ စတင် လည် ပတ် နိုင်ရန် မျှော်မှန်းထားကြောင်း သိရပါတယ်။
ဒီလို လုပ်ဆောင်နိုင်ဖို့ကို ကုမ္ပဏီဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး Solar Farm ခေါ် ဆိုလာပြားခင်းကြီးနှင့် ဘတ္ထရီ သိုလှောင်ရုံများကို ပထမဆုံး တည်ဆောက်ရမှာ ဖြစ်ပါတယ်။
အရှေ့တောင် အာရှအတွင် ချမ်းသာကြွယ်ဝပြီး ဘဏ္ဍာရေးရာ အချက်အချာ နေရာအဖြစ် တည်ရှိနေတဲ့ စင်္ကာပူနိုင်ငံဟာ ဆိုလာပြားခင်းကြီးများ တည်ဆောက်ဖို့ရာအတွက်တော့ မြေနေရာ ရှားပါးလှပါတယ်။
နိုင်ငံဟာ မကြာသေးမီက ၂၀၀၅ ခုနှစ်က ဖန်လုံအိပ် ဓာတ်ငွေ့ထုတ်လွှတ်မှု နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းလောက်အထိ ၂၀၃၀ ခုနှစ် တွင် လျှော့ချနိုင်မယ်လို့ ကြေငြာခဲ့ပါတယ်။
အလားတူ အချိန်မှာပဲ စင်္ကာပူ အစိုးရဟာ ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်အတွက် စင်္ကာပူနိုင်ငံ၏ အကန့်အသတ်များကြောင့် ရည်မှန်းချက် ကြီးကြီး ထားရမည့် အရာများကို ချမှတ်ခဲ့ပါတယ်။
လန်ဒန်မြို့၏ ထက်ဝက် လောက်တောင် မရှိသည့် ကျွန်းနိုင်ငံဟာ ၎င်း၏ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြီးစီးဖို့ လိုသေးပေမယ့် ရေပေါ် နေရောင်ခြည်စွမ်းအင်ထုတ် ဆိုလာပြားခင်းများကို တည်ဆောက်နေပြီး ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံဟာ အာရှတိုက်၏ တနိုင်ငံချင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံး နိုင်ငံများထဲမှ တနိုင်ငံ ဖြစ်တယ်လို့ AFP ၏ မကြာသေးမီက အစီရင်ခံစာ တခုအရ သိရှိရပါတယ်။

ယနေ့မှာတော့ Sun Cable ဩစတေးလျ-အာရှ စွမ်းအင် ချိတ်ဆက် စီမံကိန်းအရ ကမ္ဘာ့အကြီးဆုံး ဆိုလာပြားခင်းကြီးထက် ၁၀ ဆ ပိုကြီးတဲ့ ဒီ စီမံကိန်းဟာ ဖြစ်မြောက်လာတော့မှာ ဖြစ်ပါတယ်။
ဒီလိုကြီးမားလှတဲ့ စီမံကိန်းကြီးကို ဩစတေးလျ နိုင်ငံ မြောက်ပိုင်းရှိ ဒါဝင်မြို့တောင်ဘက် မိုင် ၅၀၀ ခန့်အကွာရှိ အသုံးမဝင်သည့် မြေဧ ရိယာ ဟက်တာပေါင်း ၁၂,၀၀၀ ပေါ်တွင် Powell Creek Solar Precinct လို့ခေါ်တဲ့ ဆိုလာပြားခင်းကြီးကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ဆိုလာပြားခင်းကြီးဟာ ဘယ်လောက်အထိ ကြီးမားသလဲဆိုရင် ပြီးဆုံးသွားပါက အာကာသထဲကတောင် မြင်ရမယ်လို့ ဆိုပါတယ်။
ဩစတေးလျ ဒေသတွင်း၏ နေရောင်ခြည် အမြဲရရှိနိုင်မှုကြောင့် ဒီစီမံကိန်းဟာ ၁၇,၀၀၀ မဂ္ဂါဝပ်မှ ၂၀,၀၀၀ မဂ္ဂါဝပ် အထိ အမြင့်ဆုံး ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ဘတ္ထရီ သိုလှောင်ရုံဟာ ၃၆ မှ ၄၂ GWh အထိ ရှိမှာ ဖြစ်ပါတယ်။
ဒါဟာ ယနေ့အချိန်ထိ အကြီးဆုံး ဆိုလာပြားခင်းကြီးဖြစ်တဲ့ အိန္ဒိယရှိ ၂.၂၄၅ GWh ရှိတဲ့ Bhadla Solar Park ထက် ၁၀ ဆ များတဲ့ ပမာဏဖြစ်ပါတယ်။
စီမံကိန်းအရ လျှပ်စစ်စွမ်းအင်ကို ရေအောက်မှ ပို့ဆောင်ဖို့ စီစဉ်ထားပြီး ကုန်းလမ်းမှ ပင်လယ်သို့ရောက်ရန် ခန့်မှန်းခြေ မိုင် ၅၀၀ လောက် ကေဘယ်လမ်းကြောင်း ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။
Sun Cable မှ Powell Creek Solar Precinct စီမံကိန်းမှတဆင့် အိမ်ပေါင်း ၃ သန်းနှင့် ညီမျှသည့် စင်္ကာပူနိုင်ငံ စွမ်းအင်လိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်း အထိ ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။
စီမံကိန်းမှတဆင့် နှစ်စဉ် တိုင်းပြည်၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အကြမ်းဖျင်းအားဖြင့် တန်ချိန် ၁၁.၅ သန်းကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၂၃ ခုနှစ်တွင် စတင်တည်ဆောက်သွားမှာ ဖြစ်ပြီး အလွန်ကြီးမားတဲ့ နေရောင်ခြည်စွမ်းအင်သုံး ကွန်ယက် အပြည်အဝ လည်ပတ်မှု မပြုနိုင်ခင် အကြမ်းဖျင်းအားဖြင့် ၄ နှစ်ခန့် ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။