ကမ္ဘာ့ အိုလံပစ်ပွဲမှ ရေခဲစကိတ်စီးတဲ့ ပြိုင်ပွဲဝင်တွေကို ကြည့်ပြီး သူတို့ ဒီလောက်တောင် လှည့်နေတာ မမူးဘူးလားလို့ ထင်စရာ ရှိပါတယ်။
တကယ်လည်း ကိုယ်တိုင် အိမ်မှာ စကိတ်မရှိလို့ မစီးရင်တောင် ၄-၅ ပတ် လှည့်လိုက်ရင် မူးတတ်တဲ့သူတွေ ရှိပါတယ်။
ဒါဟာ ဘာ့ကြောင့်လဲဆိုတာ ရှင်းပြဖို့အတွက် မူးဝေရခြင်းရဲ့ အကြောင်းအရင်းကို အရင်ရှင်းပြဖို့ လိုအပ်မှာပါ။
နား နှင့် မူးဝေခြင်း
ဒီဖြစ်စဉ်ဟာ နားရဲ့ အတွင်းပိုင်းရှိ vestibular system ခေါ် အာရုံခံတဲ့ စနစ် ရှိတဲ့ အရည်တွေပါတဲ့ ကွင်း ၃ ကွင်းက အစပြုတာ ဖြစ်ပါတယ်။

အဆိုပါ အရည်တွေအတွင်းမှာ hair cells လို့ခေါ်တဲ့ ဆဲလ်များ ပါဝင်ပြီး ခန္ဓာကိုယ် လှုပ်ရှားသည်နှင့် အရည်များဟာ ရွေ့ လျား သည့်အတွက် hair cells များကို လှုံ့ဆော်ပြီး ဦးနှောက်ကို ရွေ့လျားမှုအား သိရှိစေပါတယ်။
လျှင်မြန်စွာ လှုပ်ရှားမှုတွေ ပြုလုပ်တဲ့ အခါမှာတော့ inertia သဘောတရားအရ အထက်ပါ လုပ်ငန်းစဉ်တွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေပါတယ်။
လှုပ်ရှားသည့်အခါတွင် နားအတွင်းရှိ အရည်များဟာ ရွေ့လျားတဲ့ ဦးတည်ရာအတိုင်း တော်ရုံနဲ့ မရွေ့လျားပေမယ့် အရမ်းကို မြန်ဆန်စွာ ခန္ဓာကိုကိုယ် လှည့်လိုက်တဲ့အခါမှာတော့ အရည်များပါ လိုက်ရွေ့လာပါတယ်။
ခန္ဓာကိုယ်နှင့် အရည်များဟာ တူညီတဲ့ အလျှင်အတိုင်း လှည့်နေသည့်အချိန်တွင် hair cell များဟာ ဦးနှောက်သို့ လှုံ့ဆော်မှုများကို ရပ်တန့်လိုက်ပါတယ်။
လူဟာ လှည့်နေရင်းနဲ့ ရပ်တန့်လိုက်သော်လည်း နားအတွင်းမှ အရည်များဟာ အရှိန်နှင့် ဆက်လည်နေသည့်အတွက် hair cell များဟာ ယခင်ထက် ပိုပြီး လှုံ့ဆော်မှုများ ပြုလုပ်သည့်အတွက် ဦးနှောက်ဟာ လူကို လှည့်နေတုန်းပဲလို့ ထင်သွားပါတယ်။

မျက်လုံးကဲ့သို့ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများဟာ ဦးနှောက်ရဲ့ ထိန်းချုပ်သည့်အတိုင်း အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် ဦးနှောက်က လည်နေတယ်လို့ သတ်မှတ်ပြီး လည်နေတဲ့အတိုင်း အလုပ်လုပ်စေတဲ့အတွက် မူးဝေမှုတွေ ခံစားရတာပါ။
ရေခဲစကိတ်စီးသူတွေ ဘယ်လိုလုပ်ကြသလဲ
စကိတ်စီးသူတွေဟာလည်း စူပါလူသားများ မဟုတ်တဲ့အတွက် သူတို့ဟာလည်း ဒီလိုခံစားမှုမျိုးကို ခံစားရလေ့ ရှိပါတယ်။
သူတို့ရဲ့ လျှို့ဝှက်ချက်ကတော့ အဓိကအားဖြင့် အမြဲတမ်း မဆုံးနိုင်အောင် လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။
သင်ကာစ စကိတ်စီးသူများဟာ စစချင်းမှာ တပတ် နှစ်ပတ် လောက်သာ လှည့်လေ့ရှိပြီး အရှိန် အနည်းငယ် ဖြင့်သာ လေ့ ကျင့် လေ့ ရှိပါတယ်။

အဲဒီ့နောက် မူးဝေမှုတွေကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ကြပြီး ဦးနှောက်ကို ထပ်ခါထပ်ခါ မူးဝေနေကြောင်း အသိပေးခြင်းဖြင့် အကျင့်တခု ရရှိအောင် လေ့ကျင့်ယူကြတာ ဖြစ်ပါတယ်။
စကိတ်စီး အလှပြသူများဟာ ၎င်းတို့၏ လှည့်ပတ် ကခုန်မှုများ ပြီးဆုံးပါက ပြန်လည် တည့်မတ်လာဖို့အတွက် နည်းလမ်းများ ရှိပါတယ်။
၂၀၁၈ ခုနှစ်က အမေရိကန် အိုလံပစ်အဖွဲ့၏ ကြေးတံဆိပ်ရ ကစားသမားဖြစ်တဲ့ Bradie Tennell မှ သူမဟာ လှည့်ပြီးပြီးချင်း မူးဝေမှု မဖြစ်အောင် မျက်တောင်ကို မြန်မြန်ဆန်ဆန် ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
နောက်ထပ် နည်းပြ တယောက်ကတော့ လှည့်ပြီးသည်နှင့် တနေရာရာကို ရွေးပြီး စိုက်ကြည့်နေဖို့ သူရဲ့ အားကစားသမားများကို ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။

စကိတ်စီး ပြိုင်ပွဲဝင်သူများဟာ နေ့စဉ်လိုလို လေ့ကျင့်နေရသဖြင့် အသားကျနေပေမယ့် Bradie Tennell ၏ အဆိုအရ သူမအနေဖြင့် ရက်အတော်ကြာ အနားယူပြီး ပြန်လှည့်ရင်တော့ မူးဝေမှု ဖြစ်တတ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် သူတို့ မူးဝေတယ်ဆိုတာ ကျွန်တော်တို့ သာမန်လူလောက်တော့ ဖြစ်မှာ မဟုတ်တာ အသေအချာပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။