ခေတ်ကြီးဟာ တိုးတက်လာသလို “စမတ်” ဆိုသည့် အရာများဟာ တဖြည်းဖြည်း များပြားလာပြီး နေ့စဉ်ဘဝရှိ သမားရိုးကျ ပစ္စည်းများကို အစားထိုးလာတော့မှာပါ။
ဒစ်ဂျစ်တယ် စနစ်ဖြင့် ပေါင်းစပ်ထားသည့် စမတ် အသုံးအဆောင် ပစ္စည်းများဟာ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေသည့် ပစ္စည်းများကို ပိုမို လွယ်ကူပြီး ပိုမို အသုံးချလာနိုင်စေရန် ကူညီပေးပါတယ်။
ဒီလို တိုးတက်လာတဲ့ အရာများထဲတွင် ဂီတ ပစ္စည်းများလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။
Travel guitar လို့ခေါ်တဲ့ ခရီးသွားသည့်အခါ ယူဆောင် သွားလောက်အောင် အရွယ်ငယ်တဲ့ ဂစ်တာများဟာ သေးငယ် ပေမယ့် များသောအားဖြင့် ခေတ်မှီ နည်းပညာများ ပါဝင်မှု နည်းပါးပါတယ်။

များသောအားဖြင့် ခရီးဆောင် ဂစ်တာများဟာ ပေါ့ပေါ့ပါးပါး တီးခတ်ဖို့၊ လေ့ကျင့်ဖို့ အတွက် ထုတ်လုပ်ထားတာ ဖြစ်လို့ pickup တောင် ထည့်သွင်းမထားတာ များပါတယ်။
ဒါကို ကျော်ဖြတ်နိုင်ဖို့ အမေရိကန် တက္ကဆက် ပြည်နယ် အခြေစိုက် Enya ကုမ္ပဏီမှ Nexg လို့ခေါ်တဲ့ စမတ်ဂစ်တာကို ဖန် တီး လိုက်ပါတယ်။
ကာဗွန် ဖိုက်ဘာကို အသုံးပြုထားတဲ့ ဒီ စမတ်ဂစ်တာဟာ ၇ ပေါင်လောက်သာ အလေးချိန်ရှိပြီး preamp နှင့် အတူ sound card ကိုပါ တပ်ဆင်ပေးထားပါတယ်။
အံ့အားသင့်စရာ ကောင်းတာကတော့ ဂစ်တာမှာ Bluetooth speaker နှင့် မိုဘိုင်း app များနှင့် တွဲဖက်တီးခတ်နိုင်မည့် effect များပါ ပါဝင်လာတာပါ။
Enya ကုမ္ပဏီကတော့ ၎င်း၏ Nexg စမတ်ဂစ်တာကို ကမ္ဘာပေါ်မှာ ပထမဆုံး စမတ် ဂစ်တာအဖြစ် ကြေငြာထားပြီး ဖြစ်ပါတယ်။

ကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာကို အသုံးပြုထားသည့်အတွက် အလေးချိန် ၆.၈ ပေါင် (၃ ကီလိုဂရမ်)လောက်သာ ရှိပြီး သယ် ယူရလွယ်ကူပါတယ်။
Scale length အနေဖြင့် ၂၃.၇၅ လက်မ လောက်ရှိပြီး တီးခတ်သည့်အခါ သက်သာစေရန် zero-fret ဒီဇိုင်းဖြင့် ထုတ်လုပ်ထားကာ fret ၂၀ ပါဝင်ပါတယ်။
အပေါ်ပိုင်းမှာတော့ ဂစ်တာကို လိုသလို အသံထိန်းညှိနိုင်ဖို့ OLED မျက်နှာပြင် ပါဝင်တဲ့အတွက် တကယ့်ကို ဒစ်ဂျစ်တယ် ဆန်တဲ့ အသွင်အပြင်ကို ရရှိစေမှာပါ။
ဖုန်းနှင့် ချိတ်ဆက်ရာတွင် iOS ရော Android ဖုန်းများကို ပါ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် အဆင်မပြေမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
effect ၇ ခုပါဝင်ပြီး အဆိုပါ effect များကို ဖုန်းမှ app ဖြင့် ချိတ်ဆက်ကာ လိုသလို ရရှိအောင် ချိန်ညှိ တီးခတ်နိုင်မှာ ဖြစ်ပါတယ်။

ကြိုးညှိဖို့အတွက်လည်း tuner ကို ထည့်သွင်း ပေးထားသေးတဲ့ အတွက် တကယ်ကို ပြီးပြည့်စုံတဲ့ ခရီးဆောင် ဂစ်တာ တလုံးလို့တောင် ပြောနိုင်ပါတယ်။
လေ့ကျင့်ဖိုအတွက် ဆူညံမှုကို မလိုချင်ပါက silent mode ဖြင့် တီးခတ်နိုင်ပြီး အသံကျယ်ကျယ် တီးခတ် လိုပါက built-in ထည့်သွင်းထားသည့် ဝပ် ၃၀ ဝူဖာနှင့် ၁၀ ဝပ်ရှိသည့် စပီကာအသေးဖြင့် ကြမ်းလို့ရပါတယ်။
၎င်းတွင် ကြိုးမဲ့ စပီကာများနှင့် ချိတ်ဆက်ဖို့အတွက် Bluetooth 5.1 ကို ထည့်သွင်းထားပြီး Stream လုပ်နေသည့် သီချင်းမှ နောက်ခံ အသံများကိုတောင် ဖယ်ရှားပေးနိုင်မယ်လို့ ဆိုပါတယ်။
ပါဝင်သည့် ဘတ္တရီဟာ 10,400 mAh ဘတ္တရီ ဖြစ်တဲ့အတွက် အချိန်အတော်ကြာ တီးခတ်နိုင်မှာ ဖြစ်ပြီး ကြိုးမဲ့ စနစ်ဖြင့် အားသွင်းနိုင်အောင်လည်း wireless charging stand ကို တွဲဖက်ဝယ်ယူနိုင်သေးတယ်လို့ သိရပါတယ်။

ဒီလို ပြီးပြည့်စုံတဲ့ Enya ရဲ့ Nexg စမတ်ဂစ်တာကို လက်ရှိတွင် အမေရိကန် ဒေါ်လာ ၈၉၉,၉၉ လောက်သာ ကုန်ကျမှာ ဖြစ်တဲ့အတွက် အတော်လေး မဆိုးဘူးလို့ ပြောလို့ရပါတယ်။
တိုးတက်လာသည့် ဒစ်ဂျစ်တယ် ခေတ်ကြီးတွင် ယခုလို စမတ်ဂစ်တာမျိုးလည်း ရှိလာပြီဖြစ်ကြောင်း ဖော်ပြပေးလိုက် ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။