ယာဉ်မောင်းများ၏ စမတ်ဖုန်းများက တံတား ပြိုကျနိုင်မှုကို ကြိုတင်ခန့်မှန်း ပေးနိုင်တော့မည်

Innovation Tech

လက်ရှိမှာ အလွန်အကျွံ အသုံးများပြီး အိုမင်းနေတဲ့ တံတားများရဲ့ တည်ဆောက်ပုံဆိုင်ရာ ခိုင်မာမှုကို စောင့်ကြည့်မယ်ဆိုရင် စျေးကြီးတဲ့အာရုံခံကိရိယာများကို အသုံးပြုကြရပါတယ်။

သုတေသန အသစ် တစ်ခုအရ တစ်နေ့မှာ စမတ်ဖုန်းများက ဘေးကင်းမှုဆိုင်ရာ ကိစ္စရပ်တွေကို ဘယ်လို လုပ်ဆောင်နိုင်သလဲဆိုတာကို မြင်တွေ့ရတော့မှာ ဖြစ်တယ်ဟု ဆိုပါတယ်။

သိပ္ပံပညာရှင်များက တံတားပြိုကျနိုင်ခြေကို ညွှန်ပြသည့် သိမ်မွေ့တဲ့တုန်ခါမှုများကို ထောက်လှမ်းဖို့အတွက် အက်ပ်ပလီကေးရှင်း တစ်ခုအား တီထွင်ခဲ့ပြီး ကုန်ကျစရိတ် နည်းနည်းဖြင့် အရေးကြီးတဲ့ အခြေခံ အဆောက်အအုံများကို ထိန်းသိမ်းထားဖို့အတွက် အသုံးပြုနိုင်ကြောင်း ပြသခဲ့ပါတယ်။

အင်ဂျင်နီယာများက တံတားတစ်စင်းရဲ့ ကြံ့ခိုင်မှုကို ခြေရာခံဖို့ဆိုရင် ဖွဲ့စည်းပုံရဲ့ ကြံ့ခိုင်မှုဆိုင်ရာ ပြောင်းလဲမှုများကို ဖော်ပြဖို့အတွက် အချိန်နှင့်အမျှ ပြောင်းလဲနိုင်တဲ့ modal frequencies ဟုခေါ်သော သဘာဝ တုန်ခါမှုများကို ချိန်ညှိရမှာ ဖြစ်ပါတယ်။

ကြိုးမဲ့ အာရုံခံ စနစ်များက စျေးသက်သာသော နည်းလမ်းများ ဖြစ်ကြတာကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပြီး တံတားပေါ်တွင် တပ်ဆင်ထားသော accelerometers ကဲ့သို့သော အာရုံခံ ကိရိယာများမှ တဆင့် အချက်အလက်တွေကို ရရှိနိုင်ပါတယ်။

လေ့လာမှုအသစ်ကို ရေးသားသူများက နေ့စဉ်စမတ်ဖုန်းများတွင် ရှိပြီးသား အာရုံခံစနစ်များကို အသုံးပြုဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်တယ် ဟု ဆိုပါတယ်။

သုတေသီအဖွဲ့များက တံတားများပေါ်မှ ဖြတ်သွားတဲ့ ယာဉ်များမှ မော်ဒယ်လ်ကြိမ်နှုန်းများဆိုင်ရာ စမတ်ဖုန်း အရှိန်မြှင့် မီ တာဒေတာကို စုဆောင်းဖို့အတွက် Android အခြေခံ အက်ပ်ပလီကေးရှင်း ကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Golden Gate တံတားကို ကောင်းကင်မှ မြင်ရစဉ်

အဆိုပါ အိုင်ဒီယာက ၎င်းတို့အား ဘယ်လောက် အလုပ်လုပ်သလဲဆိုတာ သိရှိဖို့ နှင့် ပုံမှန်​ တံတား စောင့်ကြည့်ရေး အာရုံခံကိရိယာ အစုံမှ စုဆောင်းရရှိသော ဒေတာများနှင့် မည်မျှကိုက်ညီသလဲဆိုတာကို ကြည့်ရှုဖို့အတွက် ဖြစ်တယ်ဟု ဆိုပါတယ်။

သုတေသီများက အဆိုပါ အက်ပ်ပလီကေးရှင်းကို Golden Gate တံတားတွင် စမ်းသပ်ခဲ့ပြီး ယာဉ်မောင်းများအား တံတားပေါ်မှာ ၎င်းအက်ပ်ပလီကေးရှင်းဖြင့် ၁၀၂ ကြိမ် မောင်းနှင်စေပြီး ခရီးစဉ်ပေါင်း ၇၂ ကြိမ် ပြုလုပ်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ထို့နောက် အချက်အလက်​တွေကို Golden Gate Bridge တွင် သုံးလကြာ ချိတ်တွဲထားသည့် ပုံမှန်​အာရုံခံကိရိယာ ၂၄၀ အစုမှ modal frequency data နှင့် နှိုင်းယှဉ်ခဲ့ကြပါတယ်။

ဖုန်းဒေတာများက သမားရိုးကျ အာရုံခံကိရိယာများမှ စုဆောင်းထားသော ဒေတာများနှင့် အနီးကပ် ကိုက်ညီမှုကို ပေးနိုင်ကြောင်း အဖွဲ့မှ တွေ့ရှိခဲ့ပါတယ်။

MIT ရဲ့ Senseable City Lab မှ လေ့လာမှု ဆိုင်ရာ သုတေသန ပညာရှင် Paolo Santi က အဆိုပါ ကြိမ်နှုန်း များစွာက တံ တားရဲ့ ထင်ရှားတဲ့ ကြိမ်နှုန်းများနှင့် အလွန် တိကျစွာ ဆက်စပ်နေကြောင်း ပြသနိုင်ခဲ့တယ်ဟု ဆိုပါတယ်။

Golden Gate တံတားဟာ အမေရိကန် မှာရှိတဲ့ တံတား အားလုံးရဲ့ ၁ ရာခိုင်နှုန်းသာ ရှိသည့်ာ ကြိုးတံတား အမျိုးအစား ဖြစ်ပါတယ်။

သုတေသီတွေက ၄င်းနည်းပညာကို ကွန်ကရစ်တံတားကြီးများမှာလည်း မည်ကဲ့သို့ သက်ရောက်နိုင်သလဲဆိုတာကို လေ့လာဖို့အတွက် အီတလီနိုင်ငံ Ciampino ရှိ တံတားအမျိုးအစားများကို ပြောင်းလဲလေ့လာခဲ့ပါတယ်။

Golden Gate တံတား

လေ့လာမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စမတ်ဖုန်းအက်ပ်ပလီကေးရှင်းဖြင့် တံတားပေါ်ရှိ မော်တော်ယာဉ် ခရီးစဉ် ၂၈၀ ပြုလုပ်ခဲ့ကြပြီး တံတားနှင့် ခုနစ်လကြာ ချိတ်ဆက်ထားသည့် အာရုံခံ ကိရိယာ ခြောက်ခုမှ ဒေတာများနှင့် နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။

သုတေသီများက အချို့သော modal frequencies 2.3% အထိ ဒေတာ ကွဲပြားမှုကို တွေ့ရှိခဲ့သော်လည်း သေးငယ်တဲ့ ကွဲ ပြားမှု ဖြစ်တာကြောင့် တိုးတက်မှုတစ်ခုရဲ့ အလားအလာနှင့် ပတ်သက်ပြီး စိတ်လှုပ်ရှား ခဲ့ကြပါတယ်။

တွဲဖက်စာရေးဆရာ Carlo Ratti က ကျနော်တို့ရဲ့ ချဉ်းကပ်မှုဟာ နိုင်ငံတခုလုံးရဲ့ အဆင့်အထိ အလွယ်တကူ ချဲ့ထွင်နိုင်မယ်လို့ ယုံကြည်မိတယ်ဟု ဆိုပါတယ်။

“တံတားတစ်ခုပေါ်တွင် တပ်ဆင်ထားတဲ့ အာရုံခံကိရိယာများကဲ့သို့ လုံးဝ တိကျမှန်ကန်မှု မရောက်နိုင်သော်လည်း အဆိုပါ နည်းပညာက အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကြိုတင် သတိပေး စနစ်တစ်ခု ဖြစ်လာနိုင်တယ်ဟု ဆိုထားပါတယ်။

အဆိုပါ သေးငယ်တဲ့ ကွဲလွဲမှုများကိုလည်း နောက်ဆက်တွဲ ခွဲခြမ်း စိတ်ဖြာမှုများ ပြုလုပ်ပြီး ပြင်ဆင်နိုင်အောင် တိုးတက် လုပ်ဆောင်မည်ဟုလည်း သိရပါတယ်။

တံတားများအတွက် ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်များတွင် အဆိုပါ စမတ်ဖုန်း ဒေတာ အမျိုးအစားကို ပေါင်းစပ် ထည့်သွင်းခြင်းဟာ တံတားများရဲ့ သက်တမ်းတာရှည်မှုကို တွက်ချက်နိုင်သည်သာမက ဘေးကင်း လုံခြုံရေးအတွက်လည်း အထောက် အကူ ဖြစ်စေနိုင်တယ်ဟု ဆိုပါတယ်။

ဒီရလဒ်တွေက စမတ်ဖုန်းတွေကနေ စုဆောင်းထားတဲ့ ဒေတာတွေကနေ တဆင့် ရှိပြီးသား သယ်ယူ ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေရဲ့ သက်တမ်း တာရှည်ခံမှုကို စောင့်ကြည့်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် လာနိုင်တယ် လို့လည်း ဆိုပါတယ်။

အထက်ပါ သုတေသနကို Communications Engineering ဂျာနယ်တွင် အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com