မြွေတွေ ကိုယ့် အမြှီးကိုယ် မြိုတတ်တဲ့ အကြောင်းကို ပုံတွေမှာပဲ ဖြစ်ဖြစ် ဂမ္ဘီရ စာစောင်တွေမှာပဲ ဖြစ်ဖြစ် မြင်ဖူး တွေးဖူးကြမှာပါ။
များသောအားဖြင့် ဒီဖြစ်စဉ်ကို လူအများက ဂမ္ဘီရ ဆန်ဆန် တွေးတော တတ်ကြပြီး “မြွေထုံကူးသည့် ဖြစ်စဉ်” လို့လည်း ယုံကြည် တတ်ကြပါတယ်။
တကယ်တော့ မြွေတွေ ကိုယ့်အမြှီးကိုယ် ပြန်မြိုတတ်ခြင်းနှင့် ပတ်သက်ပြီး တိတိကျကျ သတ်မှတ်လို့ မရပေမယ့် ဒီလို ဖြစ်စဉ် ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ကတော့ အများကြီးရှိပါတယ်။
ဥပမာအားဖြင့် ဇဝေဇဝါ ဖြစ်မှု၊ စိတ်ဖိစီးမှု နှင့် ဆာလောင်မှု များကြောင့် ဒီလို ဖြစ်တောင့် ဖြစ်ခဲ ကိစ္စဖြစ်လာ တတ်ပါတယ်။
အောက်မှာတော့ ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြစ်စဉ်ကို ဖြစ်စေတဲ့ အကြောင်းများကို ဖော်ပြပေးသွားမှာပါ။
မြွေတွေ ကိုယ့် အမြှီးကိုယ် မြိုရတဲ့ အချက်များ
မြွေတွေ ကိုယ့် အမြှီးကိုယ် မြိုတဲ့အချိန်မှာ ဖြစ်လာတဲ့ စက်ဝိုင်းပုံစံကို Ouroboros လို့ခေါ်ပြီး ရှေးခေတ် သင်္ကတ တခုဖြစ်တဲ့ ဘဝဖြစ်တည်ခြင်း၊ သေဆုံးခြင်းနှင့် ပြန်လည် မွေးဖွားခြင်းကို ကိုယ်စား ပြုပါတယ်။

Ouroboros
ပုံစံအားဖြင့် အပြုသဘောဆောင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိပ္ပါယ် အချို့ ရှိတယ်လို့ ပြောကြပေမယ့် သိပ္ပံနည်းကျအရ ဆိုရင်တော့ မြွေတွေ သူတို့ကိုယ် သူတို့ မြိုကြတာ ပုံမှန်တော့ မဟုတ်ပါဘူး။
အပူချိန်
သွေးအေး သတ္တဝါဖြစ်တဲ့ မြွေတွေဟာ ၎င်းတို့၏ ခန္ဓာကိုယ် အပူချိန်ကို ပုံမှန်ဖြစ်အောင် အလိုအလျှောက် ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့အတွက်ပြင်ပမှ အကူအညီဖြင့်သာ နွေးထွေးအောင် လုပ်ဆောင်နိုင်ပါတယ်။
အပူချိန် လွန်ကဲခြင်းဟာ စိတ်ရှုပ်ထွေးခြင်းနှင့် စဉ်းစားနိုင်စွမ်း ပျောက်ဆုံးခြင်းတို့ ဖြစ်နိုင်ပြီး ၎င်းတို့ဟာ ကိုယ့်အမြှီးကိုယ် သားကောင်များဟု ထင်ကောင်းထင်နိုင်ပါတယ်။
ဇီဝဖြစ်ပျက်မှု မြင့်တက်လာခြင်း Hypermetabolism
အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ၎င်းတို့၏ ဇီဝဖြစ်ပျက်မှုဟာ မြန်ဆန်လာပြီး ဆာလောင်သည့် ခံစားမှုမျိုး ဖြစ်ပေါ်လာကာ အမြှီးကို မြင်ပါက သားကောင်အမှတ်ဖြင့် ချက်ချင်း စားသောက်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။
ဆာလောင်မှုဟာ ဇီဝဖြစ်ပျက်မှု မြန်ဆန်လာလို့ ဖြစ်ပေါ်လာတဲ့ အတုအယောင်ခံစားမှု ဆိုပေမယ့် မြွေတွေကို တခုခု အမြန် စားသုံးဖို့ လို အပ် နေတယ်လို့ တွေးမိစေမှာ ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်များတွင် တွေ့ရှိရတဲ့ သုတေသန တော်တော်များများမှတေ့ာ မြွေတွေ ဒီလို ပြုမူခြင်းဟာ အပူချိန် လွန်ကဲ ပြီး စိတ်ဖိစီးတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဖော် ပြထားတဲ့ အတွက် စိတ်ဖိစီးမှုဟာ ယခုလို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါလိမ့်မယ်။

illustration
အရေခွံ လဲခြင်း
မြွေတွေ အရေခွံ လဲတဲ့ အခါမှာ မျက်လုံးပေါ်မှ အကြေးခွံ တွေဟာလဲ ကျွတ်ကျလေ့ ရှိပါတယ်။
အရေခွံ လဲနေစဉ်အတွင်းမှာ မကျွတ်သေးတဲ့ မျက်လုံးပေါ်မှ အကြေးခွံဟာ ယာယီ အားဖြင့် မျက်စိကို ဖုံးကွယ်စေပြီး အမြင်အာရုံကို လျော့ နည်းစေပါတယ်။
ဤအရာဟာလည်း ၎င်းတို့၏ အမြှီးကို အစားအစာထင်ပြီး မှားယွင်း စားသုံးတတ်တဲ့ ဖြစ်စဉ်ကို ဖြစ်စေပါတယ်။
ဒီလို အရေခွံလဲတဲ့ အခါမှ ဖြစ်တဲ့ ဖြစ်စဉ်အကြောင်းကို Oddlycutepets, American Tarantula & Animals နှင့် Urbanreptiles ဝက်ဘ်ဆိုက်တို့မှာ ဖော်ပြထားတာ ဖြစ်တဲ့ အတွက် ဖြစ်နိုင်ချေတခု အဖြစ် ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။
အသက်အရွယ် ကြီးမြင့်လာခြင်း
ဒါ့အပြင် အသက်အရွယ်ကြီးရင်တဲ့ မြွေများဟာ ၎င်းတို့၏ သက်တမ်း ကုန်ဆုံးခါနီးလာရင် ကိုယ့်ကိုယ်ကို မြိုတတ်တယ်ဆိုတဲ့ သီအိုရီတခု ရှိပါသေးတယ်။
အသက်ကြီးပြီး မကျန်းမာလာပါက မြွေများဟာ သူတို့ကိုယ်သူတို့ ကိုက်တာပဲ ဖြစ်စေ၊ အကြောဆွဲသလို လူးလှိမ့်တာမျိုးပဲ ဖြစ်စေ ဖြစ်တတ်ပါတယ်။

illustration
ထားသည့်နေရာ အလွန်ကျဉ်းကျပ်ခြင်း
ဒီလိုဖြစ်စဉ်ဟာ တချို့ အိမ်မွေး တိရိစ္ဆာန်အဖြစ် မွေးမြူထားတဲ့ မြွေအချို့မှာလည်း တွေ့ဖူး မြင်ဖူးကြတယ်လို့ ဆိုပါတယ်။
အဓိကအားဖြင့် ၎င်းတို့ကို ထည့်ထားသည့် နေရာ ကျဉ်းမြောင်းလွန်းပါက စိတ်ဖိစီးမှု ဖြစ်ပေါ် တတ်လို့ ဒီလိုဖြစ်စဉ်မျိုး ဖြစ်နိုင်ပါတယ်။
မြွေနှင့် အမြင်အာရုံ ရှင်းလင်းချက်
အရေခွံလဲသည့်အခါ အမြှီးကို သားကောင် အမှတ်ဖြင့် မှားယွင်းတတ်တာကို စောဒကတတ်သူ တချို့ ရှိပါတယ်။
အကြောင်းကတော့ မြွေတွေဟာ အမြင်အာရုံ လုံးဝမရှိဘူးလို့ ယူဆထားကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့် မြွေတွေ အားလုံးဟာ အမြင်အာရုံ လုံးဝ ချို့တဲ့တာတော့ မဟုတ်ပါဘူး။
NBC သတင်းဌာနမှ သိပ္ပံ သတင်း တပုဒ်တွင် Coachwhip ဆိုသည့် မြွေတမျိုးဟာ အန္တရာယ်ကြုံတွေ့ပါက ၎င်း၏ သွေးလည်ပတ်နှုန်းကို ပြောင်းလဲလိုက်ပြီး အမြင် အာရုံကို ပိုမို ကောင်းမွန်အောင် မြှင့်တင် နိုင်တယ်ဆိုတာကို ဖော်ပြဖူးပါတယ်။

သားကောင်၏ ခန္ဓာကိုယ် အပူမှတဆင့် မြင်ရပုံ Image: Courtesy of Julius Lab at UCSF
ဒါ့အပြင် Nature ဂျာနယ်တွင် ဖော်ပြခဲ့သည့် သုတေသန စာတမ်းတခု အရ မြွေအချို့ဟာ ညပိုင်းတွင် ၎င်းတို့၏ သားကောင်များမှ ထွက်လာသည့် အပူချိန်ကို အနီအောက်ရောင်ခြည် မြင်ကွင်းပုံစံဖြင့် မြင်တွေ့နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
နိဂုံး
များသောအားဖြင့် မြွေတွေ အထက်ပါအတိုင်း ပြုမူကြတာဟာ စိတ်ဖိစီးမှုကြောင့် အများဆုံး ဖြစ်ပေမယ့် အခြားသော အကြောင်းအရာ များ ကြောင့်လည်း ဖြစ်နိုင်ချေတွေ ရှိနေပါသေးတယ်။
သုတေသနတွေ ပြုလုပ် နေကြပေမယ့် ဒီလို ဖြစ်စဉ်ဟာ ရှားပါးသောကြောင့် အထက် ပါ အကြောင်းအရာများဟာ ဖြစ်နိုင်ချေ အများဆုံး အကြောင်းတရားများ အဖြစ် ဖော်ပြ ပေးလိုက်ပါတယ်။
Reference: Animalfoodplanet, Oddlycutepets, Urbanreptiles, American Tarantula & Animals, NBC, Nature Journal
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 9/9/2021