Snakehead လို့ခေါ်သည့် အမေရိကန်၏ မောင်းသူမဲ့ ရေအောက်သွား ဒရုန်း အကြောင်း

Military Tech

မောင်းသူမဲ့ လေယာဉ်များဟာ ခေတ်သစ် စစ်ပွဲများတွင် မပါမဖြစ်တဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီဆိုတာ မငြင်းနိုင်လောက်တဲ့ အထောက်အထားတွေ ရှိနေပါပြီ။

အလားတူ ရေတပ်သုံး သင်္ဘောများမှာလည်း စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ဖို့ မောင်းသူမဲ့ ရေအောက်သွားယာဉ်တွေ ပိုမို လိုအပ်လာပါတယ်။

နှစ်ပေါင်းများစွာ ထုတ်လုပ်ဖို့ ကြိုးစားအပြီးမှာ အမေရိကန်ရေတပ်မှ ၎င်း၏ Large Displacement Unmanned Undersea Vehicle (LDUUV) လို့ခေါ်တဲ့ မောင်းသူမဲ့ရေအောက်သွားယာဉ်ကို ပထမဆုံး အနေဖြင့် ပြသလိုက်ပါတယ်။

ဒီမောင်းသူမဲ့ ရေအောက်သွားယာဉ်ကို အမေရိကန် ရေတပ် ရေအောက်စစ်ဆင်ရေး စင်တာ (NUWC) မှာ ပြသခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မောင်းသူမဲ့လေယာဉ် နည်းပညာများဟာ တဟုန်ထိုး တိုးတက်နေပေမယ့် ရေအောက် စစ်ဆင်ရေးသုံး ယာဉ်များဟာ သွားလာနိုင်သည့် အကွာအဝေး၊ ကြာမြင့်စွာ ခုတ်မောင်းနိုင်ခြင်း၊ ပစ်အား စသည်တို့တွင် များစွာ ခေတ်နောက်ကျနေပါတယ်။

Image: Courtesy of US Navy

အဆင့်မြင့် ကာကွယ်ရေး သုတေသန အေဂျင်စီ DARPA မှ ရေအောက်သွားယာဉ်တမျိုး ဖြစ်တဲ့ Manta-Ray UUV ကို ထုတ်လုပ်ဖို့ လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဆိုပါ မောင်းသူမဲ့ ရေအောက်သွားယာဉ်များကို လွတ်လပ်စွာ ရေအောက်တွင် သွားလာနိုင်ဖို့ ရည်ရွယ်ချက်နှင့် တည်ဆောက်ခဲ့တာဖြစ်ပြီး ရေငုပ်သင်္ဘောမှ တိုက်ရိုက် အမိန်းပေး စေခိုင်းခြင်းများ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။

Snakehead UUV

ယခု အသစ် ထွက်ပေါ်လာတဲ့ မောင်းသူမဲ့ ရေအောက်သွား ယာဉ်ကတော့ ယခင် အမျိုးအစားများနှင့် ကွဲပြားတဲ့ စစ်ဆင်ရေးများကို ဆောင်ရွက်နိုင်ပါတယ်။

အထူးသဖြင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ၏ အတွင်းတွင် ထည့်သွင်း သယ်ယူလို့ရပြီး စစ်ဆင်ရေးများ ဆောင်ရွက်နိုင်တာပါ။

၎င်းတို့ဟာ အမေရိကန် ရေငုပ်သင်္ဘောများမှ သယ်ဆောင်လို့ရတဲ့ အကြီးဆုံး ရေအောက်သွားယာဉ်များထဲက အမျိုးအစားတမျိုး ဖြစ်လာမှာပါ။

Image: Courtesy of US Navy

အမေရိကန် ရေတပ် ရေအောက်စစ်ဆင်ရေး စင်တာ NUWC ၏ ကြေငြာချက်အရ ဒီ ရေအောက်သွားယာဉ်များကို မော်ကျူလာ စနစ်ဖြင့် တည်ဆောက်ထားပြီး စစ်ဆင်ရေး မျိုးစုံ အသုံးချနိုင်မယ်လို့ ဆိုပါတယ်။

အာရုံခံ ကိရိယာများစွာကို တပ်ဆင်နိုင်ပြီး ရေငုပ်သင်္ဘော၏ ရှေ့တွင် ဘာတွေ ရှိနိုင်မလဲ ဆိုတာကို ထောက်လှမ်းဖို့ စစ်ဆင် ရေး ပတ်ဝန်းကျင်ဆိုင်ရာ မစ်ရှင် တာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။

ဒါ့ကြောင့် စစ်ရေးတင်းမာနေသည့် နယ်မြေများတွင် ရေငုပ်သင်္ဘောအား မထိခိုက်စေဘဲ စိတ်ချရသည့် အကွာအဝေးမှ အ ချက် အလက်များ ရယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ရေအောက်သွားယာဉ်ဟာ တင်းမာနေသည့် နယ်မြေများတွင် ပျောက်ဆုံးနေသည့် နစ်မြုပ် လေယာဉ်များကိုလည်း ကူညီရှာဖွေ ပေးနိုင်မှာပါ။

ခေတ်မှီနည်းပညာများကို ကုမ္ပဏီများမှ အသီးသီ ထုတ်လုပ်ပေးနေကြချိန်မှာ ဒီရေအောက်သွားယာဉ်၏ ဆော့ဝဲလ်နှင့် တည် ဆောက်မှု ဒီဇိုင်းကိုတော့ အစိုးရမှ ကိုယ်တိုင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Image: Courtesy of US Navy

ဒီဇိုင်းသစ်တွင် ရေအောက်သွားယာဉ်၏ ကိုယ်ထည်၊ ပစ်လွှတ်စနစ် နှင့် ပြန်လည် ခေါ်ယူသည့် စနစ်များတွင် နည်းပညာ ဆန်းသစ်ထားမှု တွေ ပါဝင်တယ်လို့ သိရပြီး အသေးစိတ်တော့ ဖော်ပြမထားသေးပါဘူး။

The Drive ၏ အဆိုအရတော့ ဘတ္တရီဆဲလ်များ ဓာတ်အားကျဆင်းမှု မဖြစ်နိုင်သည့် Lithium-ion Fault Tolerant (LiFT) အမျိုးအစား ဘတ္တရီများကို ဒီရေအောက်သွားယာဉ်တွင် ထည့်သွင်းထားတယ်လို့ သိရပါတယ်။

LDUUV ရေအောက်သွားယာဉ်ကို ယခုလို ထုတ်လုပ်နိုင်ဖို့ ၁၄ နှစ်လောက် ကြာမြင့်ခဲ့ပြီး စမ်းသပ်မှုပေါင်း များစွာ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *