Light Year နှင့် အပြိုင် တရုတ်မှ ဆိုလာကား တမျိုးကို ပြသ

Innovation Tech

တရုတ်နိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သုံး မော်တော်ကား (SEV) ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်လာစေခဲ့တယ်လို့ Electrek က ဖော်ပြခဲ့ပါတယ်။

အဆိုပါကားကို မကြာသေးမီက ပြုလုပ်ခဲ့သည့် World Intelligence Conference တွင် ပြသခဲ့ပြီး လက်ရှိ တရုတ်ပြည်မကြီးတွင် လှည့်လည်ပြသလျှက် ရှိပါတယ်။

၂၀၀၀ ခုနှစ် အစောပိုင်း ကာလများမှာ နေရောင်ခြည် စွမ်းအင်သုံး မော်တော်ကားများဟာ တက္ကသိုလ် ကျောင်းသားများ၏ အင်ဂျင်နီယာ စွမ်းရည်ကို သရုပ်ပြဖို့သာ လုပ်ဆောင်ခဲ့ကြတာပါ။

မည်သည့် လေးဘီးတပ် ယာဉ်မဆို နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ၁ လက်မလောက် မောင်းနှင်နိုင်ရင်တောင် ပရောဂျက်အတွက် အရည်အချင်း ပြည့်မှီတယ်လို့ ဆိုနိုင်ခဲ့ပါတယ်။

ယနေ့ခေတ် ဘတ္ထရီစွမ်းအင်သုံး လျှပ်စစ်ကားများ ထွန်းကားလာသည်နှင့် အမျှ နေရောင်ခြည် စွမ်းအင်သုံး မော်တော်ကားများ တည်ဆောက်ရေးဟာ ပိုပြီး ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာပါတယ်။

အင်ဂျင်နီယာများဟာ ပိုမို ကောင်းမွန်ပြီး လက်တွေ့ဆန်သည့် ဆိုလာကားများ၏ ရှေ့ပြေးပုံစံများကို တည်ဆောက်လာကြပြီး ကုမ္ပဏီမှ ထုတ်လုပ်သည့် အဆင့်အထိ ရောက်ရှိလာပါတယ်။

Image: Courtesy of CnEVPost

ဥပမာအားဖြင့် Light Year ကဲ့သို့ ကုမ္ပဏီများဟာ နေရောင်ခြည်စွမ်းအင် ဖြင့်သာ မောင်းနှင်နိုင်မည့် Limited Edition မော် တော်ကား များကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။

Tianjin ဆိုလာကား

တရုတ်မှ အသစ် ထုတ်လုပ်လိုက်တဲ့ ဆိုလာကားဟာ အရှည် ၁၃ ပေ ကျော်၊ အကျယ် ၆ ပေ နီးပါး၊ အမြင့် ၆ ပေ နှင့် အလေး ချိန် ၂,၂၅၀ ပေါင် လောက် ရှိပါတယ်။

ဒီကား အရွယ်အစားဟာ အများဆုံး လူ ၄ ဦး အဆင်ပြေပြေ လိုက်ပါနိုင်တဲ့ အနေအထား ရှိပါတယ်။

အရှေ့မှာတော့ ကြီးမားသည့် touchscreen display ကို တပ်ဆင်ထားပြီး အဲဒီ့အောက်မှာတော့ ခလုပ် ၃ ခု သာ ပါဝင်သည့် အတွက် အရှေ့ခန်း၏ အကျယ်ကို သိသိသာသာ တိုးလာစေပါတယ်။

ရှေ့ခန်းတွင် အဓိက ပျောက်ဆုံးနေသည့် အရာကတော့ စတီယာရင် ဖြစ်ပြီး ကားဟာ အလိုအလျှောက် မောင်းနှင်မှု အဆင့် ၄ ဖြင့် မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။

Level 4 အလိုအလျှောက် မောင်းနှင်မှု စနစ်ဟာ အောင်မြင်ဖို့ အတော်လေး ခက်ခဲပြီး Tesla နှင့် Waymo တို့ ဟာ နှစ်ပေါင်းများစွာ စမ်းသပ်နေဆဲ ဖြစ်ပါတယ်။

Image: Courtesy of CnEVPost

ယခု ဆိုလာကားဟာ ယာဉ်အသွားအလာ မရှိသည့် လမ်းအလွတ်တွင် မောင်းနှင် သရုပ်ပြခဲ့တာ ဖြစ်လို့ တကယ် အလုပ်ဖြစ်မဖြစ် ဆိုတာကတော့ ပြောရခက်ပါတယ်။

အမြင့်ဆုံး အမြန်နှုန်းကတော့ တနာရီလျှင် ၄၉ မိုင်လောက် မောင်းနှင်နိုင်သည့်အတွက် မြို့တွင်း ပတ်ဝန်းကျင်တွင် အသုံးပြုဖို့တော့ သင့်လျော်ပါတယ်။

နေရောင်ခြည် စွမ်းအင်

ကားပေါ်ရှိ ဆိုလာ module ဟာ ၈၇ စတုရန်းပေလောက် ကျယ်ဝန်းပြီး အခြား ထုတ်လုပ်နေသော ဆိုလာကားများထက် သိသိသာသာ နေရာပိုယူတာကို တွေ့ရပါတယ်။

၎င်းဟာ နေသာသည့် နေများတွင် အမြင့်ဆုံး 7.6KWh စွမ်းအင်ကို ထုတ်ပေးနိုင်ပြီး 330 Wh/kg စွမ်းအင် သိပ်သည်းဆ ရှိသည့် ဘတ္ထရီတလုံးကို တပ်ဆင်ပေးထားပါတယ်။

ယခုလို ယာဉ်ကို အသုံးပြုခြင်းကြောင်း ခရီး ၆၂ မိုင်တိုင်း အတွက် ကာဗွန်ထုတ်လွှတ်မှု ၅၅ ပေါင်လောက် လျှော့ချပေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Image: Courtesy of CnEVPost

သို့ပေမဲ့ လက်ရှိ အချိန်အထိ အဆိုပါကားကို အဝေးဆုံး စမ်းသပ်ထားသည့် အကွာအဝေးမှာ ၄၇ မိုင်သာ ရှိပါသေးတယ်။

သတင်းများအရ ဒီဆိုလာကားကို ကုမ္ပဏီ ၄၂ ခုနှင့် တက္ကသိုလ် ၃ ခု တို့ ပူးပေါင်းကာ ၅ လ အတွင်း ဖန်တီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ၏ ယခုလို ကြိုးပမ်းမှုဟာ Light Year ကဲ့သို့ ရက်ပေါင်းများစွာ ဆိုလာစွမ်းအင်နှင့် မောင်းနှင်နိုင်မည့် ကားများကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။

လက်ရှိ ၎င်းတို့ ထုတ်လုပ်လိုက်သည့် ဆိုလာကားဟာ Light Year ကို မမှီနိုင်သေးသည့်အပြင် အလိုအလျှောက် Level 4 စနစ်ဟာလည်း ဘယ်လောက်အထိ အာမခံနိုင်သလဲဆိုတာ မရှင်းလင်းသေးပါဘူး။

မည်သို့ပင် ဆိုစေကာမူ ရုပ်ကြွင်းလောင်စာများ လျှော့ချဖို့ လိုအပ်နေသည့် ကာလမှာ ယခုကဲ့သို့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်း အင်များကို အားကိုးလာခြင်းဟာ ကောင်းတဲ့ အရွေ့တခုတော့ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.