စင်ကာပူနိုင်ငံရှိ နေရောင်ခြည်မှ လျှပ်စစ်ထုတ်သည့် Solar farm ဟာ ကမ္ဘာ့ပေါ်တွင် အကြီးဆုံး ရေပေါ် နေရောင်ခြည် စွမ်း အင်သုံး လျှပ် စစ်ထုတ်လုပ်ရေး စနစ်များထဲမှ တခု အပါအဝင် ဖြစ်လာပါတယ်။
ဒီ ရေပေါ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေး Solar farm ကို စင်ကာပူနိုင်ငံ Tengeh ရေလှောင်ကန် အတွင်းမှာ Sembcrop စက်မှု နှင့် နိုင်ငံ အမျိုးသား ရေအရင်းမြစ်အေဂျင်စီ PUB မှ ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီ Solar farm ကြီးကို ဆိုလာပြားပေါင်း ၁၂၂,၀၀၀ ဖြင့် ဖွဲ့စည်းထားပြီး ၄၅ ဟတ်တာလောက် ကျယ်ဝန်းသည့်အတွက် အ ကြမ်းဖျင်းအားဖြင့် ဘောလုံးကွင်း ၄၅ ကွင်းစာလောက် အရွယ်အစား ရှိပါတယ်။
၆၀ မဂ္ဂါဝပ်လောက် အများဆုံး ထုတ်လုပ်ပေးနိုင်တဲ့ ဒီ Solar photovoltaic farm (PV) ဟာ တရားဝင်အားဖြင့် ကမ္ဘာ့ပေါ်တွင် အကြီးဆုံး PV စနစ်များထဲမှ အကြီးဆုံး တခု အဖြစ် စာရင်း ဝင်သွားပြီပဲ ဖြစ်ပါတယ်။
၎င်းအောက်တွင်ရှိမည့် ရေနေသတ္တဝါများအတွက် လေဝင်လေထွက် ကောင်းစေရန် နှင့် နေရောင်ခြည် ကျရောက်မှု ရှိစေရန် Solar farm ကို ဒီဇိုင်းဆွဲထားတာ ဖြစ်တယ်လို့ Sembcorp စက်မှု၏ ဒေသတွင်း အကြီးအကဲ Jen Tan က ပြောပါတယ်။

ဒါ့ကြောင့် ဆိုလာပြားများဟာ သဘာဝ ပတ်ဝန်းကျင်နှင့် အနီးတွင် နေထိုင်သည့် တောရိုင်း တိရိစ္ဆာန်များကို အန္တရာယ် ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။
စင်ကာပူဟာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်မှုကို ၂၀၂၅ ခုနှစ်တွင် ၄ ဆ အထိ တိုးမြှင့်ရန် ရည်မှန်းထားပြီး ဒါဟာ ကမ္ဘာ့ ရာသီဥတု အကျပ်အတည်းကို ဖြေရှင်းဖို့ရာအတွက် အကူအညီတခုလည်း ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ သေးငယ်သော်လည်း ဘဏ္ဍာရေးနှင့် ပတ်သက်ပြီး အချက်အချာ ဒေသ ဖြစ်သည့်အတွက် AFP သတင်းဌာန အဆိုအရ အာရှတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံး နိုင်ငံတွင် ပါဝင်သည်ဟု သိရပါတယ်။
Sembcorp Industries မှ သတင်းထုတ်ပြန်ချက်တွင် ဒီ Solar farm မှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားသည် စင်ကာပူနိုင်ငံရှိ ရေသန့်စင်စက်ရုံ ၅ ခုအား စွမ်းအင် လုံလောက်စွာ ပေးနိုင်လိမ့်မည်ဟု ဖော်ပြခဲ့ပါတယ်။
၎င်းဟာ အမျိုးသားရေရင်းမြစ် အေဂျင်စီ၏ နှစ်စဉ် စွမ်းအင်လိုအပ်ချက်၏ ၇ ရာခိုင်နှုန်းကို ထေမိစေမယ်လို့လည်း သိရပါတယ်။

ကြေငြာချက်မှ ဒီလို ထုတ်လုပ်နိုင်မှုဟာ လမ်းပေါ်မှ ကားပေါင်း ၇ ထောင်လောက်ကို ဖယ်ရှားလိုက်ခြင်းနှင့် ညီမျှပြီး ကာဗွန်ထုတ်လွှတ်မှုကို တနှစ်လျှင် ၃၂ ကီလိုတန်ခန့် လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။
ဒီ Solar farm ဆောက်လုပ်ရေးကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ကတည်းက စတင်ခဲ့တာဖြစ်ပြီး ကပ်ရောဂါ ကာလ ကန့်သတ်မှုများကြောင့် ဆိုလာပြားတပ်ဆင်ခြင်းကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်သည့် စိတ်ကြိုက် ဆောက်လုပ်ထားသည့် အထိန်းပစ္စည်းတခုကို ဒီဇိုင်းပြုလုပ်ရန်အတွက်
အင်ဂျင်နီယာ နည်းပညာနှင့် ဆောက်လုပ်ရေး နည်းလမ်းသစ်များကို တီထွင်ခဲ့တယ်လို့ Sembcorop Industries က ပြောကြားခဲ့ပါတယ်။
ထုတ်လုပ်မှု နည်းလမ်းအသစ်ကြောင့် ဖြစ်ပေါ်လာသည့် ပြသနာများကို တိကျစွာ သိရှိနိုင်ရန် ဒရုန်းများနှင့် X-ray ကဲ့သို့ လှိုင်းများကို PV မော်ကျူးမှတဆင့် ဖမ်းယူကာ ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
အဆင့်မြင့်လာသည့် နည်းပညာကြောင့် အသုံးပြုထားသည့် ဆိုလာပြားများဟာ အနည်းဆုံး ၂၅ နှစ်လောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Solar farm ကို ရေပေါ် ပေါ်နေစေရန် အသုံးပြုထားသော ပစ္စည်းများကို သိပ်သည်းဆမြင့် polyethylene (HDPE) များဖြင့် ပြုလုပ်ထားပြီး ၎င်းတို့ဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်၊ သံချေးကိုက်သည့်ဒဏ် များခံနိုင်ပြီး ပြန်လည် အသုံးပြုနိုင်ပါတယ်။
ဆိုလာပြားများကိုတော့ သံကြိုးများဖြင့် ဆိုင်းထားကာ ကွန်ကရစ်တုံးများကို အသုံးပြုပြီး ရေအောက်တွင် ဆိုင်းဆွဲထားပါတယ်။
စင်ကာပူနိုင်ငံဟာ ၎င်းတို့၏ ရာသီဥတု ရည်မှန်းချက်များနှင့် ကိုက်ညီစေရန် လိုအပ်သည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ် စစ် ဓာတ်အားပေး စနစ်များကို တည်ဆောက်ဖို့ရာ ရေပြင်များနှင့် ကန်းရိုးတန်းများကို ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံ အစိုးရဟာ ၂၀၂၁ ခုနှစ် အတွင်းက မလေးရှားနှင့် စင်ကာပူကို ပိုင်းခြား ထားသည့် ဂျိုဟာ ရေလက်ကြားတွင် ဆိုလာပြားပေါင်း ၁၃,၀၀၀ လောက် ပါဝင်မည့် Solar farm တခု တည်ဆောက်ဖို့ ခွင့်ပြုထားပါသေးတယ်။
စင်္ကာပူဟာ အရှေ့တောင်အာရှတွင် အရှိန်အဟုန်ဖြင့် ဆက်လက် တိုးတက်နေဆဲဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုအတွက် ကာဗွန်လျှော့ချမှုမှာ တက်တက်ကြွကြွ ပါဝင်လျှက်ရှိနေတာကို တွေ့ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။