နေရောင်ခြည်၊ လေနှင့် ရေငွေ့တို့ကို အသုံးပြု၍ ထုတ်လုပ်နိုင်တော့မည့် ဂျက်လေယာဥ် လောင်စာဆီများ

Innovation Tech

တစ်နေ့နေ့မှာ နေရောင်ခြည်ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ လောင်စာဆီတွေကို လေကြောင်းလိုင်းတွေ အတွက် ပေးစွမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

ယခုဆိုရင် ဂျက်လောင်စာဆီများကို လေထဲမှ စုပ်ယူနိုင်ပါပြီ။

စပိန်နိုင်ငံ၊ Mostoles မှာရှိတဲ့ သုတေသီများက ရိုးရှင်းသော ပါဝင်ပစ္စည်းများ ဖြစ်တဲ့ နေရောင်ခြည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရေငွေ့များ ပါဝင်သော ပြင်ပစနစ်မှ ရေနံဆီ (kerosene) ထုတ်လုပ်နိုင်တာကို သရုပ်ပြခဲ့ပါတယ်။

နေရောင်ခြည်ကို အသုံးပြု ရရှိတဲ့ kerosene ဟာ လေကြောင်း ပျံသန်းမှုတွေအတွက် ယခင် ရေနံမှ ရရှိသော ဂျက်အင်ဂျင် လောင်စာ နေရာမှာ အစားထိုးနိုင်ပြီး ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို တည်ငြိမ်အောင် ကူညီပေးနိုင်ကြောင်း သုတေသီများက ဆိုပါတယ်။

နေရောင်ခြည်မှ ရရှိသော ရေနံဆီ လောင်ကျွမ်းမှုဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်သော်လည်း ၎င်းကို ပြုလုပ်တဲ့ နေရာမှာ အသုံးပြုသလောက်သာဖြစ်ကြောင်း ETH Zurich မှ အင်ဂျင်နီယာ Aldo Steinfeld က ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ကျွန်ုပ်တို့ဟာ လေမှ တိုက်ရိုက် ဖမ်းယူထားသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးပြုပါက လောင်စာကာဗွန်ကို ကြားနေ ဖြစ်စေတယ်ဟု ဆိုပါတယ်။

အဆိုပါ ရေနံဆီက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၅ ရာခိုင်နှုန်းခန့် အတွက် တာဝန်ရှိသော လေကြောင်း ကဏ္ဍ​တွေ အ တွက် ရွေးချယ် စရာ ဖြစ်လာနိုင်ပါတယ်။

Solar reactor ကို ချိန်ထားသည့် reflectors များ Image: Courtesy of IMDEA ENERGY

ရေရှည်တည်တံ့သော အခြား ရွေးချယ်စရာများကို ရှာဖွေခြင်းဟာ ခက်ခဲကြောင်း လေ့လာမှုမှာ မပါဝင်တဲ့ အရီဇိုးနား ပြည် နယ် မှ ဓာတုဗေဒပညာရှင် Ellen Stechel က ပြောကြားခဲ့ပါတယ်။

၂၀၁၅ ထဲက Steinfeld နှင့် သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ဓာတ်ခွဲခန်းမှာ နေရောင်ခြည်ကို အသုံးပြု ရရှိသည့် ရေနံဆီများကို ပေါင်းစပ်ထုတ်လုပ်ခဲ့ကြသော်လည်း အမှန်တကယ် အသုံးပြုလို့ ရအောင်အထိ မလုပ်နိုင်ခဲ့ပါဘူး။

ဒါ့ကြောင့် Steinfeld နှင့်အဖွဲ့ဟာ အမြင့် ၁၅ မီတာမြင့်သော မျှော်စင်ပေါ်မှာ နေရောင်ခြည် ထင်ဟပ်မှုကို အားကောင်းစေဖို့ reflector ၁၆၉ ခုကို နေရာချထားခဲ့ပါတယ်။

မျှော်စင်ပေါ်ရှိ ဓာတ်ပေါင်းဖိုမှာ အလင်းရောင်ဝင်ဖို့ အပေါက်တစ်ခု၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရေခိုးရေငွေ့များကို ထောက် ပံ့ပေးသည့် အပေါက်များအပြင် porous ceria ဟုခေါ်သော ဓာတုတုံ့ပြန်မှုကို လက်ခံဖို့အတွက် အသုံးပြုသည့် ပစ္စည်းတစ်ခုလည်း ပါဝင်ပါတယ်။

Ceria ကို နေရောင်ခြည်ဖြင့် အပူပေးတဲ့ အခါမှာတော့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့နှင့် ကာဗွန်မိုနောက်ဆိုဒ် ရောနှောထားသော syngas ထုတ်လုပ်ဖို့ အတွက် ဓာတ်ပေါင်းဖိုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရေခိုးရေငွေ့တို့နှင့် ဓာတ်ပြုပါတယ်။

၎င်းနောက်မှ စက်ယန္တရားတွေက မျှော်စင်ရဲ့ အခြေစိုက် စခန်းသို့ ပိုက်ဖြင့် ပို့ဆောင်ပြီး ရေနံဆီနှင့် အခြား ဟိုက်ဒရိုကာဗွန်များအဖြစ်သို့ ပြောင်းလဲစေပါတယ်။

Porous Ceria Image: Courtesy of ETH ZURICH

အကြမ်းဖျင်းအားဖြင့် လည်ပတ်မှု ကိုးရက်ကျော် ကြာတဲ့အခါ ဆိုလာစွမ်းအင်ရဲ့ ၄ ရာခိုင်နှုန်းခန့်ဟာ ရေနံဆီနှင့် ဒီဇယ်ဆီ ပေါင်းစပ်ဖို့အတွက် အသုံးပြုသည့် syngas ၅၁၉၁ လီတာခန့် ရအောင် ပြောင်းလဲထုတ်လုပ်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။

Stechel က “ဒါဟာ အဓိက မှတ်တိုင်တစ်ခုဖြစ်တယ်”ဟု ဆိုသော်လည်း ဒီနည်းပညာက စက်မှုလုပ်ငန်းမှာ အသုံးဝင်ဖို့အတွက် စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ လိုအပ်နေပါ​သေးတယ်။

ဘိုအင်း ၇၄၇ ခရီးသည်တင် ဂျက်လေယာဉ်ဟာ ပျံတက်စဉ်အတွင်း လောင်စာဆီ ၁၉,၀၀၀ လီတာခန့် လောင်ကျွမ်းပါတယ်။

သုတေသီတွေက စနစ်မှ အသုံးမပြုတဲ့ အပူကို ပြန်လည် ထိန်းသိမ်းခြင်းနှင့် ceria ရဲ့အပူစုပ်ယူမှုကို ပိုမိုကောင်းမွန်စေမယ် ဆိုရင် စွမ်းဆောင်ရည်ကို ၂၀ ရာခိုင်နှုန်းကျော် အထိ မြှင့်တင်နိုင်ပြီး စီးပွားရေးအရ လက်တွေ့ ဖြစ်လာနိုင်တယ်ဟု ဆိုပါတယ်။

ယခု သုတေသနကို Joule peer-viewed journal တွင် အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.