စက္ကူထက် ၁၅ ဆလောက် ပိုမို ပါးလွှာမယ့် လက်ရှိ ဆိုလာပြားများကို အစားထိုးမယ့် ပစ္စည်းသစ်

News

စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသီများဟာ ကုန်ကျ စရိတ် သက်သာပြီး စက္ကူထက် ၁၅ ဆ လောက် ပိုမို ပါးလွှာတဲ့ ဆိုလာပြားများကို ထုတ် လုပ်ဖို့ လုပ်ဆောင်နေတဲ့ အကြောင်းကို ၎င်းတို့၏ ကြေငြာချက်အရ သိရှိရပါတယ်။

transition metal dichalcogenides (TMDs) လို့ခေါ်တဲ့ နေရောင်ခြည်ကို အခြား ဆိုလာပြားတွေထက် ပိုမို စုပ်ယူနိုင်စွမ်းရှိမယ့် ပစ္စည်းနဲ့ ထုတ်လုပ်ထားတဲ့ ဒီ ဆိုလာပြား အသစ်ဟာ အလေးချိန်အားဖြင့်လည်း အခြား ဆီလီကွန် အခြေခံ ဆိုလာပြားများထက် များစွာ ပေါ့ပါးပါတယ်။

ဆီလီကွန်အခြေခံ ဆိုလာပြားများအတွက် အစားထိုးရန် ရှာဖွေခဲ့ခြင်း

သုတေသီများဟာ ဆီလီကွန်အတွက် အစားထိုး ဆိုလာပြားတွင် အသုံးပြုသည့် ပစ္စည်းများကို ရှာဖွေရန် ကြိုးပမ်းနေသည့် သိပ္ပံ အသိုင်းအဝိုင်းမှ တစိတ်တပိုင်း ဖြစ်ပါတယ်။

ဆီလီကွန်ဟာ ဆိုလာပြားများတွင် အသုံးအများဆုံး ပစ္စည်းဖြစ်ပေမယ့် လေးလံပြီး တောင့်တင်းသောကြောင့် လေယာဉ်၊ အာကာသယာဉ်၊ လျှပ်စစ်စွမ်းအင်သုံး ယာဉ်များ သို့မဟုတ် ဝတ်စား ဆင်ယင်မှုများအတွက် လိုအပ်သည့် ပေါ့ပါးသော အသုံးချမှုများအတွက် သင့်တော်ခြင်း မရှိပါဘူး။

Photo: Courtesy of Koosha Nassiri Nazif/Stanford University

စတန်းဖို့ဒ်ရှိ သုတေသီအဖွဲတဖွဲ့ဟာ အထူ နာနိုမီတာ ရာဂဏန်းလောက်သာ ရှိတဲ့ ယခု ပစ္စည်းအသစ်ကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပြီး Nature Communications တွင် ထုတ်ဝေသည့် စာတမ်းတခုမှ ၎င်းတို့၏ တွေ့ရှိချက်အသစ်ကို အလေးပေး ဖော်ပြခဲ့ပါတယ်။

“စာရွက်တရွက်ထက် ၁၅ ဆ လောက်ပိုမို ပါးလွှာတဲ့ ဆိုလာပြားကို အလိုအလျှောက် မောင်းသူမဲ့လေယာဉ်တစီး၏ တောင်ပံပေါ်တွင် တပ်ဆင်ထားတယ်လို့ စိတ်ကူးကြည့်လိုက်ပါ” လို့ လေ့လာမှု၏ တွဲဖက် ခေါင်းဆောင်ဖြစ်တဲ့ Koosha Nassiri Nazif က ပြောပါတယ်။

“ဒါဟာ TMD က ပေးနိုင်တဲ့ ကတိ ကဝတ်ပါပဲ” လို့ ၎င်းက ဆက်ပြောပါတယ်။ ဟုတ်ပါတယ်။ ဒီလို ဆိုလာပြားမျိုးတွေသာ မောင်းသူမဲ့လေယာဉ်ပေါ်မှာ တပ်ဆင်နိုင်ပါက ကမ္ဘာပေါ်မှာ အတိုင်းအဆမရှိ သွားလာနိုင်မယ့် စက်ရုပ် မောင်းသူမဲ့လေယာဉ်တွေ ပေါ်ပေါက်လာနိုင်တဲ့အထိ မျှော်လင့်နိုင်ပါတယ်။

TMD များ၏ အလားအလာ

လက်တလောမှာတော့ သုတေသီများဟာ TMD များ၏ အလားအလာကို အပြည်အဝ လုပ်ဆောင်နိုင်ဖို့ရာအတွက် ရုန်ကန်နေရဆဲ ဖြစ်ပါတယ်။

ဒီလို မယုံနိုင်လောက်အောင် ပေါ့ပါး ပါးလွှာတဲ့ ပစ္စည်းများကို မပျက်စီးဘဲ ထုတ်လုပ်ခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းတွေ လုပ်ဆောင်နိုင်ဖို့ရာတော့ အတားအဆီးတွေ ရှိနေပါသေးတယ်။

အဓိက ပြဿနာကတော့ လက်ရှိ ဆီလီကွန် ဆိုလာပြားများဟာ နေရောင်ခြည်ရဲ့ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးနိုင်ပြီး TMD တွေကတော့ ၂ ရာခိုင်နှုန်းသာ ပြောင်းလဲနိုင်သေးတာ ဖြစ်ပါတယ်။

Image credit: Koosha Nassiri Nazif

ဒါပေမယ့် ဒီပစ္စည်းကို အသုံးချနိုင်မယ့် နေရာများစွာ ရှိတဲ့အတွက် အလားအလာကောင်းများ ရှိတဲ့အတွက် သုတေသီများဟာ စွမ်းဆောင်ရည်တွေ တက်လာဖို့ကို များစွာ မြှင့်တင်ရမှာ ဖြစ်ပါတယ်။

စတန်းဖို့ဒ်မှ ပစ္စည်းအသစ်ဟာ စွမ်းအင် ပြောင်းလဲနိုင်ခြင်းကို ၅.၁ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် လုပ်ဆောင်ခြင်းအားဖြင့် ကွာဟချက်ကို ကျဉ်းမြောင်းလာအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စာတမ်းအသစ်တွင် ဖော်ပြထားသည့် အရေးအကြီးဆုံး အချက်ကတော့ ၎င်းတို့ဟာ အဆိုပါ TMD များကို စွမ်းအင်ပြောင်းလဲနိုင်မှု ၂၇ ရာခိုင်နှုန်းအထိ ရှိအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပြီး လက်ရှိ ဆိုလာပြားများနှင့် ယှဉ်နိုင်မယ်လို့ ဆိုပါတယ်။

ထွက်ပေါ်လာသည့် ရှေ့ပြေးပုံစံ အသစ်ဟာ ယခုအချိန်အထိ ဖန်တီးထားသည့် TMD များထက် စွမ်းအင်နှင့် အလေးချိန် အချိုးအားဖြင့် အဆ ၁၀၀ လောက်ပိုပြီး ကောင်းမွန်လာတာကို တွေ့ရပါတယ်။

“ဆီလီကွန်တွေဟာ ယနေ့ ဆိုလာဈေးကွက်မှာ ၉၅ ရာခိုင်နှုန်းလောက်အထိ အသုံးပြုနေပေမယ့် ပြီးပြည့်စုံတဲ့ အနေအထားကို ရောက်ဖို့တော့ ဝေးကွာလှပါတယ်။”

“ကျွန်တော်တို့ဟာ ပေါ့ပါး၊ ကွေးညွှတ်နိုင်၊ ရှင်းလင်းပြီး၊ ဈေးနှုန်းသက်သာတဲ့ ပစ္စည်းသစ်တွေကို လိုအပ်နေပါတယ်” လို့ အကြီးတန်း စာ တမ်း ပြုစုသူ Krishna Saraswat က ပြောပါတယ်။

TMD ဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ မပါဝင်တဲ့အပြင် ဇီဝသဟဇာတ ဖြစ်စေတဲ့အတွက် လူ့အရေပြားနှင့် ထိတွေ့ ဝတ်ဆင်နိုင်သော ပစ္စည်းများအတွက် အသုံးပြုနိုင်ပါတယ်။

၎င်းတို့၏ အကြီးမားဆုံးသော အကျိုးကျေးဇူးကတော့ မယုံနိုင်လောက်အောင် ပါးလွှာပြီး ဆွဲနိုင်ဆန့်နိုင်ကာ ပုံမှန်မဟုတ်သည့် ပုံသဏ္ဍာန်များကို ပုံသွင်းနိုင်ပြီး ဈေးနှုန်းသက်သာတာပဲ ဖြစ်ပါတယ်။

Lightyear One ကားပုံစံ Photo: Courtesy of Lightyear

Lightyear One လို နေရောင်ခြည်စွမ်းအင်သုံးကား Solar Electric Vehicles (SEV) များအတွက်လည်း ဖွံ့ဖြိုးတိုးတက်မှုကို များစွာမြှင့်တင် ပေးနိုင်ပြီး ဒီဆိုလာပြားများကြောင့် လပေါင်းများစွာ အသုံးပြုနိုင်မယ်ဆိုတာ အသေအချာပါပဲ။

အဆိုပါက Lightyear One ကားအကြောင်းကို “အားသွင်းစရာမလိုဘဲ လပေါင်းများစွာ မောင်းနှင်နိုင်တဲ့ နေရောင်ခြည် စွမ်းအင်သုံးကား Lightyear One အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

သေးငယ်သော လူ့တွင် ဝတ်ဆင်နိုင်သည့် ပစ္စည်းများ၊ စက်ရုပ်များ၊ လေယာဉ်များ နှင့် အာကာသယာဉ်များစသည့် အသုံးချနိုင်သည့် နယ်ပယ် များပြားတဲ့ ဒီ ပစ္စည်းဟာ အောင်မြင်လာပါက ကမ္ဘာ့ နည်းပညာခေတ်ကို တခေတ်ပြောင်းနိုင်ဦးမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *