ကယ်လီဖိုးနီးယားရှိ တူးမြောင်းများကို ဆိုလာပြားများဖြင့် တွဲဖက်မည့် Project Nexus အကြောင်း

News Tech

ဆိုလာစိုက်ခင်းတွေဟာ စိမ်းလန်းတဲ့စွမ်းအင် အရင်းအမြစ်ကောင်းတစ်ခုဖြစ်သော်လည်း လယ်ယာစိုက်ပျိုးရေး သို့မဟုတ် အိမ်ရာအတွက် အကျိုးရှိရှိအသုံးချနိုင်တဲ့ မြေနေရာများကို သိမ်းပိုက်ထားတာကိုတော့ လူအများက မကြိုက်ကြပါဘူး။

ယခုအခါ ပရောဂျက်အသစ်တစ်ခုဟာဆိုရင် တူးမြောင်းတွေပေါ်မှာ ဆိုလာပြားများကို နေရာချထားခြင်းအားဖြင့် နေရာ လွတ်တွေရရှိအောင် အခြားရွေးချယ်စရာတွေကို ရှာဖွေနေပြီပဲ ဖြစ်ပါတယ်။

Project Nexus ဟုလူတွေသိကြတဲ့ US ရဲ့ကြိုးပမ်းအားထုတ်မှုကို University of California-Merced၊ California’s Turlock Irrigation District၊ California Department of Water Resources နှင့် Solar Aquagrid တို့အကြား ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။

ပရောဂျက်ရဲ့ အဓိက ရည်ရွယ်ချက်က ကုန်းမြေပေါ်မှာ photovoltaic panels များကို ထားရှိမည့်အစား အဆိုပါ panels များကို လက်ရှိရေသွင်းမြောင်းများရဲ့ အပေါ်မှာ တပ်ဆင်မှာ ဖြစ်ပါတယ်။

ထိုနေရာတွေဟာ အခြားအရာများစွာအတွက် အသုံးမလိုပါဘူး၊ ဒါကြောင့် ဆိုလာပြားတွေတပ်ဆင်လိုက်မယ်ဆိုရင် အရိပ်အာနိသင်ကြောင့် ရေငွေ့ပျံခြင်းနှင့် ပေါင်းပင်ကြီးထွားမှုကိုလည်း သိသိသာသာ လျှော့ချပေးမှာ ဖြစ်ပါတယ်။

နောက်ထပ် ကောင်းမွန်တဲ့ အချက်တစ်ခုက ရေရဲ့အအေးခံသက်ရောက်မှုဟာ ဆိုလာပြားများကို အပူလွန်ကဲခြင်းမှကာကွယ်နိုင်ပြီး ၎င်းတို့ကို ပိုမိုထိရောက်စွာလည်ပတ်နိုင်စေမှာပဲ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Central Vally ရှိ Turlock ဆည်မြောင်းခရိုင်ရဲ့ တူးမြောင်း​တွေအတွင်း စုစုပေါင်း ပေ 8,500 (2,591 m) ကို တပ်ဆင်တည်ဆောက်ဖို့ တောင်းဆိုထားပြီး၊ ယခု ဆောင်းဦးရာသီမှ စတင်ကာ 2024 ခုနှစ်နှောင်းပိုင်းလောက် ပြီးစီးမှာ ဖြစ်ပါတယ်။

UC Merced တွင် ယမန်နှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနကို အခြေခံပြီး ကယ်လီဖိုးနီးယားရှိ တူးမြောင်းတွေရဲ့ မိုင် 4,000 (6,437 ကီလိုမီတာ) ကို photovoltaic panels များဖြင့် ဖုံးအုပ်ထားပါက အငွေ့ပျံမှု 82 ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှာ ဖြစ်တယ်ဟု ပရောဂျက်မိတ်ဖက်များက ခန့်မှန်းထားပါတယ်။

ဒါဟာ တစ်နှစ်လျှင် ရေဂါလံ ၆၃ ဘီလီယံခန့် သက်သာစေမှာ ဖြစ်ပါတယ်။

Image: Courtesy of Solar Aquagrid

ဒါ​တွေအပြင် ပြည်နယ်အတွင်းရှိ တူးမြောင်းတိုင်းကို ဆိုလာပြားများဖြင့် ဖုံးအုပ်ထားပါက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် 13 gigawatts ခန့် ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါပမာဏဟာ 2030 ခုနှစ်မှာ ကယ်လီဖိုးနီးယားရဲ့ ကာဗွန်ရှင်းထုတ်ခြင်းပန်းတိုင်သို့ ရောက်ရှိဖို့ လိုအပ်တဲ့ပမာဏရဲ့ ထက်ဝက်ခန့်ဖြစ်ပါတယ်။

“ဆိုလာတူးမြောင်းတွေဟာ ရေရှည်တည်တံ့မှုဆိုင်ရာ အကျိုးကျေးဇူးများစွာကို ပေးဆောင်နိုင်ပြီး စွမ်းအင်-ရေချိတ်ဆက်မှုတစ်ခုရဲ့ ဥပမာတစ်ခုဖြစ်တယ်” ဟု သုတေသီ Brandi McKuin က ပြောကြားခဲ့ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး အခြေခံအဆောက်အအုံအတွက် ရေမြောင်းများကိုအသုံးပြုခြင်းဟာ နေရာလွတ်များစွာ ရရှိစေသည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ် ဓာတ်အား ထုတ်လုပ်စဉ်တွင် ရေကို ထိန်းသိမ်းနိုင်တာကိုလည်း တွေ့ရပါတယ်။

သို့သော်လည်း ကျော်လွှားရမည့် စိန်ခေါ်မှုအချို့လည်း ရှိနေပါတယ်။

ပထမတစ်ချက်က ဆိုလာပြားများရှိနေခြင်းဟာ ပြုပြင်ထိန်းသိမ်းဖို့အတွက် တူးမြောင်းများကို ဝင်ရောက်တဲ့နေရာမှာ ခက်ခဲစေပါတယ်။

ဒါ့အပြင် တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်းကုန်ကျစရိတ်တွေ၊ ၎င်းတို့မှ လျှပ်စစ်ဓာတ်အားကို စည်ပင်သာယာရေးအဖွဲ့ထံ ပေးပို့ခြင်းတွေကို ခြုံငုံကြည့်မယ်ဆိုရင် ရရှိလာမည့် အကျိုးကျေးဇူး​​တွေထက် ကျော်လွန်သွားနိုင်တာကိုလည်း တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *