ရုရှား Ka-52 နှင့် အမေရိကန် Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို နှိုင်းယှဉ်မှုအချို့

Knowledge Military

အမြန်နှုန်း တနာရီလျှင် ၁၉၆ မိုင်နှုန်း၊ အမြင့်ပေ ၁,၈၀၀ အထိ တက်နိုင်ပြီး အကွာအဝေး ၆၈၃ မိုင်အထိ စစ်ဆင်နိုင်သည့် Ka-52 ဟာ တိုက် ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစား ဖြစ်ပါတယ်။

၎င်းဟာ တင့်ဖျက် ဒုံးကျည်အချို့၊ လေယာဉ်များကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်များ အပြင် ၈၀ မီလီမီတာ ပဲ့ထိန်းမဲ့ ရော့ကတ်များနှင့် ၃၀ မီလီ မီတာ စက်အမြောက်တလက် ပါဝင်ပါတယ်။

ပင်လယ်ပြင်တွင် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ဖို့အတွက် Kh-35 သင်္ဘောဖျက် ဒုံးကျည်များကိုလည်း တင်ဆောင် နိုင်ပါသေးတယ်။

ဒါ့ကြောင့် Ka-52 ဟာ အမေရိကန် တိုက်ခိုက်ရေး ရဟတ်ယာဉ် Apache နှင့် အခြား ရဟတ်ယာဉ်များထက် အချို့နေရာများမှာ သာလွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိပါတယ်။

တင့်ဖျက် ဒုံးကျည်စွမ်းဆောင်ရည်

Ka-52 တွင် တပ်ဆင်ထားသည့် တင့်ဖျက်ဒုံးများဟာ Apache ၏ တင့်ဖျက်ဒုံးများထက် အနည်းငယ် ပိုပြီး သံချပ်ကာကို ထိုးဖောက်နိုင်ပါတယ်။

Apache ရဟတ်ယာဉ်တွင် အသုံးပြုသည့် Hellfire ဒုံးကျည်ဟာ သံချပ်ကာအထူ ၈၀၀ မီလီမီတာကို ထိုးဖောက်နိုင်ပြီး Ka-52 ၏ ATAKA က ၉၅၀ မီလီမီတာနှင့် Vikhr က ၁ ထောင် မီလီမီတာ အထိ ထိုးဖောက်နိုင်ပါတယ်။

ဒါပေမယ့် အားနည်းချက်ကတော့ Ka-52 ၏ အင်ဂျင်နှင့် တောင်ပံရှိ လက်နက်တပ်ဆင်နိုင်မှုဟာ အကန့်အသတ်ရှိနေပြီး Apache ရဟတ် ယာဉ်က ဒုံးကျည် ၁၆ လုံးတင်နိုင်ချိန်မှာ Ka-52 က ၁၂ လုံးသာ တင်ဆောင်နိုင်ပါတယ်။

ရဟတ်ယာဉ် နှစ်စင်းလုံး၏ သံချပ်ကာ ထိုးဖောက်နိုင်မှုဟာ ယနေ့ခေတ် မည်သည့် တင့်ကားမဆို ထိုးဖောက်နိုင်သည့်အတွက် အများကြီးတော့ မထူးသွားပါဘူး။

Hellfire ဟာ ၅ မိုင်အကွာအဝေးမှ ပစ်နိုင်တဲ့အတွက် ATAKA ထက် အများကြီး ကောင်းပေမယ့် Vikhr ဟာ ၇ မိုင်ခွဲကို ရောက်နိုင်ပါတယ်။

ဒါ့ကြောင့် အမေရိကန်ဟာ လေကာများ အန္တရာယ်နှင့် ဒုံးကျည် ပစ်လွှတ်နိုင်သည့် အကွာအဝေးကို မြှင့်တင်နိုင်ရန် အစ္စရေးလုပ် Spike ဒုံးကျည်များကို စမ်းသပ်နေပါတယ်။

အဲဒီ့အကြောင်းကို “Apache ရဟတ်ယာဉ်များအတွက် တာဝေးပစ်ဒုံးကျည်သစ်များ လိုအပ်နေ” ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး ဖြစ်ပါတယ်။

အခြား လက်နက်များ၏ စွမ်းရည်များ

Ka-52 ဟာ ဘန်ကာများနှင့် ခိုင်မာသည့် အဆောက်အအုံများကို ထိုးဖောက်ရာတွင် စွမ်းဆောင်ရည် ပိုမို မြင့်မားပေမယ့် Apache ရဟတ်ယာဉ်၏ ဒုံးကျည်များက ၎င်းထက် ၃၃ ရာခိုင်နှုန်း ပိုမို တိကျပါတယ်။

ရုရှားလုပ် Ka-52 ၏ ရှင်းလင်းတဲ့ အားသာချက်တခုကတော့ KH-35 သင်္ဘောဖျက်ဒုံးကျည်ကို တင်ဆောင်နိုင်တာပဲ ဖြစ်ပါတယ်။

Apahce ရဟတ်ယာဉ်ရဲ့ ၁၆ ပေါင်ရှိတဲ့ Hellfire ဒုံးကျည်ဟာ သင်္ဘောဖျက် ဒုံးအနေဖြင့် အသုံးပြုနိုင်ပေမယ့် KH-35 ၏ ပေါင် ၃၂၀ ရှိတဲ့ ထိပ်ဖူးနဲ့ကတော့ ဘယ်လိုမှ ယှဉ်မရပါဘူး။ ဒါ့အပြင် ၎င်းဟာ မိုင် ၈၀ အကွာအထိ ပစ်ခတ်နိုင်ပါတယ်။

ဒါ့ကြောင့် Apache ရဟတ်ယာဉ်ဟာ သင်္ဘောအသေးလေးတွေကို အကွာအဝေး အနည်းငယ်မှသာ ပစ်ခတ်နိုင်ချိန်မှာ Ka-52 ကတော့ ကြီးမားတဲ့ သင်္ဘောကြီးများကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။

အခြား ထောက်ပြစရာ အသေးလေးတခုက Ka-52 တွင် ၇၀ မီလီမီတာ ရော့ကတ်များအစား အနည်းငယ် ပိုကြီးတဲ့ ၈၀ မီလီမီတာ ရော့ကတ်များကို အသုံးပြုထားပါတယ်။

စစ်ဆင်ရေး စွမ်းရည်များ

Ka-52 ဟာ တနာရီ ၁၉၆ မိုင်အထိ ပျံသန်းနိုင်လို့ တနာရီ ၁၇၃ မိုင်သာ ပျံသန်းနိုင်တဲ့ Apache ထက် အမြန်နှုန်းမှာ သာလွန်ပါတယ်။

ဒါပေမယ့် စစ်ဆင်နိုင်သည့် အကွာအဝေးမှာတော့ ၆၈၃ မိုင်အထိသာ ရှိတဲ့အတွက် မိုင် ၁,၁၈၀ လောက် စစ်ဆင်နိုင်တဲ့ Apache ထက် အများကြီး နောက်ကျန်နေပါတယ်။

ဒါ့အပြင် Apache ရဟတ်ယာဉ်ဟာ အမြင့်ပေ ၂၁,၀၀၀ အထိ ပျံတက်နိုင်ပြီး Ka-52 ကတော့ ပေ ၁၈,၀၀၀ လောက်အထိ သာ တက်ရောက်နိုင်ပါတယ်။

ပေ ၃၀၀၀ လောက် ကွာခြားမှုဟာ အာဖကန်လို စစ်မြေပြင်မျိုးတွင် အလွန် ကြီးမားတဲ့ ခြားနားချက်ကို ဖြစ်စေနိုင်ပြီး Ka-52 ဟာ အောက်မှာ ပျံသန်းနေစဉ် အမြင့်မှနေပြီး အမေရိကန်စစ်သားများကို Apache ရဟတ်ယာဉ်က ကာကွယ်ပေးနိုင်မှာပါ။

လက်နက်သယ်ဆောင်နိုင်မှုတွင် Ka-52 ဟာ သာလွန်တဲ့အပြင်၊ ပိုမို မြန်ဆန်ပါတယ်။ အဲဒါကြောင့် Ka-52 ဟာ အလွန်ကောင်းတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစင်းလို့ သတ်မှတ်လို့ရပါတယ်။

ဒါပေမယ့် တကယ်လိုအပ်တဲ့ စစ်ဆင်ရေး အများစုနှင့် စစ်ဆင်နိုင်မှု အကွာအဝေးများမှာ Apache ရဟတ်ယာဉ်များဟာ သာလွန်တာကို တွေ့ရပါတယ်။

အဆင့်မြှင့်တင်မှုများနှင့် ဆန်းသစ်မှုများ

ပိုပြီး လိုက်မမှီစေတာကတော့ Apache ရဟတ်ယာဉ် အသစ်များတွင် ဒရုန်းများကို ထိန်းချုပ်နိုင်မယ့် စနစ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒီလို ဒရုန်းတွေကို ထိန်းချုပ်ဖို့ နှင့် အလိုအလျှောက် ဒရုန်းနည်းပညာတွင် ရုရှားဟာ အနည်းငယ်နောက်ကျနေပြီး Su-57 များကိုပင် ဒရုန်းကို လူမှ ထိန်းချုပ်ရန် ၂ ယောက်မောင်းအဖြစ် ထုတ်လုပ်ဖို့ ကြံစည်ခဲ့ဖူးပါတယ်။

လေယာဉ်နှင့် ဒရုန်း တွဲဖက်သည့် နည်းပညာဟာ လာမည့် နှစ်အနည်းငယ် အတွင်းတွင် အများအပြား အသုံးပြုလာမှာဖြစ်ပြီး ဒီနည်းပညာကြောင့် Apache ရဟတ်ယာဉ်ကို ထိပ်ဆုံးကို တွန်းပို့ ပေးနိုင်ဦးမှာ ဖြစ်ပါတယ်။

ကြည်းတပ်အတွက် နောက်ထပ် မျိုးဆက်သစ် ရဟတ်ယာဉ်များဖြစ်တဲ့ SB-1 Defiant သို့မဟုတ် V-280 များတွင်လည်း လက်နက်တပ်ဆင်ထားသည့် မျိုးကွဲများ မထုတ်လုပ်ဘူးလို့ ပြောလို့မရပါဘူး။

အဆိုပါ ရဟတ်ယာဉ် ၂ စင်း အကြောင်းကို “အသုံးတော်ခံဖို့ ယှဉ်ပြိုင်ကြမယ့် အမေရိကန် ရဟတ်ယာဉ်သစ် ၂ မျိုး” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

အထက်ပါ လေယာဉ် ၂ စင်းဟာ ပိုမို မြန်ဆန်ပြီး၊ ပိုမို မြင့်မြင့် ပျံသန်းနိုင်ကာ ပိုမိုဝေးကွာတဲ့ နေရာများအထိ စစ်ဆင်နိုင်မှာ ဖြစ်တဲ့အတွက်အနာဂါတ် ရဟတ်ယာဉ်များအဖြစ် ဆယ်စုနှစ်ချီပြီး ဦးဆောင် လာနိုင်ဖွယ် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.