တောကြီးမြွေဟောက် ခေါ် ငန်းပုတ် အကြောင်း သိကောင်းစရာ အချို့

Article Nature

မျိုးစိတ် သတ်မှတ်ခြင်း

တောကြီးမြွေဟောက် ခေါ် ငန်းပုတ်၊ အင်္ဂလိပ်အခေါ် King Cobra၊ သိပ္ပံအမည် Ophiophagus hannah ဟာ ကမ္ဘာ့ပေါ်တွင် အဆိပ်အပြင်းဆုံး မြွေအမျိုးစားထဲမှ တမျိုးဖြစ်ပါတယ်။

တောကြီးမြွေဟောက်ကို Naja မျိုးစိတ်မှ အခြားမြွေဟောက်များကဲ့သို့ မြွေဟောက် မျိုးစိတ်လို့ သတ်မှတ်မထားဘဲ ၎င်းတွင် ကိုယ်ပိုင် မျိုးရင်း Ophiophagus ဆိုပြီး ပိုင်ဆိုင်ထားပါတယ်။

ဒီ မျိုးရင်းအမည်ဟာ အခြား မြွေများကို စားသောက်တတ်ခြင်းအပေါ် အခြေခံပြီး ဂရိဘာသာစကားမှ ဆင်းသက်လာတာဖြစ်ပြီး စပါးအုံး အပါအဝင် အခြား မြွေကြီးများကိုပါ တိုက်ခိုက်တတ်တယ်လို့ သိရှိရပါတယ်။

ရိုးရိုး မြွေဟောက်နှင့် တောကြီးမြွေဟောက် ခွဲခြားပုံ

ရုပ်ပိုင်းဆိုင်ရာအရ တောကြီးမြွေဟောက်ဟာ အခြား မြွေဟောက်မျိုးစိတ်များနှင့် နှိုင်းယှဉ်ပါက ဦးခေါင်းဟာ ပိုမိုကြီးမားပြီး ပါးပြင်းဟာ ပိုမို ကျဉ်းမြောင်းပါတယ်။

မြွေဟောက် Naja (ဘယ်) တောကြီးမြွေဟောက် (ညာ)

သာမန် မြွေဟောက်များကဲ့သို့ ပါးပြင်းနောက်တွင် အမှတ်အသား မပါရှိဘဲ ဦးခေါင်းနောက်တွင် occipital လို့ခေါ်တဲ့ ကြီးမားတဲ့ အကြေးခွံကွက်တွေ ပါရှိပါတယ်။

ပုံသဏ္ဍာန် နှင့် အရွယ်အစား

မွေးကင်းစ တောကြီးမြွေဟောက်များမှာ အရွယ်ရောက်ပြီး တောကြီးမြွေဟောက်များနှင့် နှိုင်းယှဉ်ပါက ကွဲပြားပြီး ခန္ဓာကိုယ် တလျှောက်တွင် အမဲရောင် သို့မဟုတ် မီးခိုးရောင် နှင့် လိမ္မော်ရောင် ^ ပုံစံ ကွင်းပတ်များရှိပါတယ်။

ထို့ကြောင့် ငန်းတော်ကြားနှင့် တခါတရံ မှားတတ်ကြပြီး အရွယ်ရောက်လာပါက ကွင်းပုံစံဟာ တဖြေးဖြေး မှေးမှိန်ပြီး ခန္ဓာကိုယ်မှာ အညိုဘက်ပါတဲ့အရောင် သို့မဟုတ် စိမ်းဝါရောင် သို့ ပြောင်းလဲသွားပါတယ်။

ဝမ်းဗိုက်သည့် နို့နှစ်ရောင် သို့မဟုတ် အဝါဖျော့ရောင် ရှိတတ်ပြီး အကြေးခွံများဟာ နူးညံ့ပါတယ်။

မြွေဟောက် Naja (ဘယ်) တောကြီးမြွေဟောက် (ညာ)

Reptile magazine အရ ၎င်းတို့ဟာ အရှည် ၈ ပေမှ ၁၈ ရှိထိ ရှိတတ်ကြပြီး အသက် ၂၅ နှစ်လောက်အထိ ရှင်သန် နေထိုင်နိုင်ကြပါတယ်။

အထီးများဟာ အမများထက် အရွယ်အစား ပိုမို ကြီးမားကြပြီး သဘာဝအတိုင်း အကြီးဆုံး တွေ့ရှိခဲ့သည့် တောကြီး မြွေဟောက် ဟာ အရှည် ၁၅.၇ ပေ နှင့် အလေးချိန် ၂၆ ပေါင် ရှိပါတယ်။

ဒါ့ကြောင့် National Geographic မှတ်တမ်းများအရ အဆိပ်ရှိသော မြွေမျိုးစိတ်များတွင် တောကြီးမြွေဟောက်ဟာ အရှည်လျှားဆုံးသော မြွေမျိုးစိတ် ဖြစ်လာပါတယ်။

အရွယ်အစား ကြီးမားကြပေမယ့် အလွန်လျင်မြန် သွက်လက်ကြပြီး အ‌ရှေ့တောင် အာရှ တခွင်တွင် ကျယ်ပြန့်သည့် ဒဏ္ဍာရီများနှင့် ပုံပြင်ပေါင်းများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ကျက်စားရာ ဒေသနှင့် အစားအသောက်

၎င်းတို့၏ အလျားလိုက် ပျံ့နှံ့မှုဟာ အနောက်ဘက်တွင် အိန္ဒိယ မှ အရှေ့ဘက်တွင် တရုတ်နိုင်ငံ တောင်ပိုင်းအထိ ရှိပါတယ်။

တောတောင် ထူထပ်တဲ့ အိန္ဒိယတောင်တန်းဒေသတွင် တောကြီးမြွေဟောက်များဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၆,၅၀၀ လောက်အထိ နေထိုင်သည်ဟု သိကြပါတယ်။

အဓိက အားဖြင့် အိန္ဒိယ မိုးသစ်တောများနှင့် လွင်ပြင်ဒေသများ၊ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့တောင် အာရှ ဒေသများတွင် နေထိုင်ကြပြီး ၎င်းတို့၏ အရောင်ဟာ ဒေသတခုနှင့် တခုအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

တောတောင်များ၊ ဝါးတောများ၊ ဒီရေရွံတောများ၊ ကုန်းမြင့်ဒေသရှိ မြက်ခင်းပြင်များနှင့် မြစ်များ ကဲ့သို့ နေရာများတွင် ကျင်လည် ကျက်စားရတာကို ကြိုက်နှစ်သက်ကြပါတယ်။

တောကြီးမြွေဟောက် (ဘယ်) ငန်းတော်ကြား (ညာ)

ကျင်လည်ကျက်စားရာ နယ်မြေ အကွာအဝေးဟာ ၃ မိုင်လောက်အထိ ကျယ်ပြန့်နိုင်ပါတယ်။

အစားအစာကို အဓိကအားဖြင့် အဆိပ်ရှိ၊ အဆိပ်မဲ့ မြွေများကို စားသုံးလေ့ ရှိပြီး ဖွတ်၊ ပုတ်သင်၊ ပုတတ် စသည့် အကောင်များ၊ ဥများနှင့် အခြား နို့တိုက်သတ္တဝါငယ်များကိုလည်း စားသောက်တတ်ပါတယ်။

အသိုက်ကို ကာကွယ်တတ်သည့် တခုထဲသော မြွေအမျိုးအစားဖြစ်

တောကြီးမြွေဟောက်များဟာ ကမ္ဘာ့ပေါ်တွင် ဥဥရန် အသိုက်ဆောက်တတ်ပြီး ၎င်း၏ ဥများပေါက်သည့်အထိ စောင့်ရှောက် ကာကွယ်တတ်သည့် တမျိုးထဲသော မြွေအမျိုးအစား ဖြစ်ပါတယ်။

၎င်းတို့ဟာ အသိုက်ကို ကာကွယ်နေစဉ်မှာ အလွန် ပြင်းထန်စွာ တုံ့ပြန်တတ်ကြပါတယ်။

အဆိပ်

တောကြီးမြွေဟောက်အဆိပ်ဟာ အဆိပ်ပြင်းတဲ့ မြွေတွေကြားမှာ အစွမ်းအထက်ဆုံး မဟုတ်ပေမယ့် တခါကိုက်လျှင် neurotoxic အမျိုးအစား အဆိပ် ပမာဏ ၅၀၀ မီလီဂရမ် လောက်အထိ ထွက်လာနိုင်ပါတယ်။

ဒီပမာဏဟာ လူ ၂၀ လောက်ကို အသာလေး ဇီဝိန် ခြွေနိုင်တဲ့ ပမာဏဖြစ်ပြီး ဆင်တကောင် အတွက်တောင် လုံလောက်ပါတယ်။

အဆိပ်ကြောင့် ဦးနှောက်တွင်ရှိသည့် အသက်ရှူစနစ်ကို ထိခိုက်စေပြီး အသက်ရှူလမ်းကြောင်း ပိတ်ခြင်းနှင့် နှလုံး ရပ်တန့်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

အဆိပ်ပမာဏ ပိုမို များပြားစွာ ထုတ်နိုင်ပြီး ဦးနှောက်အာရုံကြောကို ထိခိုက်စေသည့် လက္ခဏာများ မြန်ဆန်စွာ ဖြစ်စေတဲ့အတွက် အခြား မြွေဟောက်မျိုးစိတ်များထက် ပိုမို ပြင်းထန်တယ်လို့ ယူဆနိုင်ပါတယ်။

ဒါပေမယ့် တောကြီးမြွေဟောက် အကိုက်ခံရသည့် ဖြစ်စဉ်မှာ အလွန် ရှားတယ်လို့လည်း သိရပါတယ်။

မျိုးတုန်းလုဖြစ်နေတဲ့ အခြေအနေ

နိုင်ငံတကာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂမှ တောကြီး မြွေဟောက်များကို မျိုးသုဉ်းနိုင်သည့် အန္တရာယ်ရှိနေကြောင်း စာရင်း ပြုစု ထားပါတယ်။

ဤမြွေများဟာ လူသားတို့၏ ခြိမ်းခြောက်မှု အမျိုးမျိုးကို ခံစားနေရပြီး အရှေ့တောင် အာရှ တွင် သစ်တောပြုန်းတီးမှုများက ၎င်းတို့၏ စားကျက်များကို ဆုံးရှုံးစေပြီး အရေခွံ၊ အစာ နှင့် ဆေးဖက်ဆိုင်ရာအတွက် အမဲလိုက် ခံရမှုများကြောင့် အကောင်အရေး နည်းပါးလာပြီ ဖြစ်ပါတယ်။

တောကြီးမြွေဟောက်

ဗီယက်နမ်နိုင်ငံတွင် တောကြီး မြွေဟောက်သည် ကာကွယ်ထားသည့် မျိုးစိတ်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ ဖမ်းမိထားသည့် တောကြီး မြွေ ဟောက်များကို microchip များထည့်သွင်းကာ တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုကို လျှော့ချနိုင်ရန် လုပ်ဆောင်နေပါတယ်။

တောကြီးမြွေဟောက်နှင့် ပတ်သက်သည့် အခြားအကြောင်းအရာများ

လူအများဟာ တောကြီး မြွေဟောက်ခေါ် ငန်းပုတ် ၏ ကျော်ကြားမှုကြောင့် ကြောက်ရွံ့ကာ သုတ်သင် ရှင်းလင်းတတ်ကြပါတယ်။

တောကြီး မြွေဟောက်များဟာ အသိဥာဏ်အရှိဆုံး မြွေအမျိုးအစား ထဲမှာ ပါဝင်ပြီး အလွန် စမတ်ကျပါတယ်။ အထက်ကပြောခဲ့သလို တောကြီး မြွေဟောက် ကိုက်သည့် ဖြစ်စဉ်ဟာ အလွန်ကို ရှားပါးပါတယ်။

၎င်းတို့ဟာ လူတွေကို ကြောက်ရွံတတ်တဲ့အတွက် အမြဲလိုလို လူအနီးပတ်ဝန်းကျင်တွေကို ရှောင်ကြဉ်လေ့ ရှိလို့ ကျွန်တော်တို့ ပတ်ဝန်း ကျင်တွင် မြင်တွေ့နိုင်ရန် ခဲယဉ်းပါတယ်။

ကျက်စားရာဒေသများ Image: Courtesy of Wikipedia

ဒါ့ကြောင့် လှပပြီး မျိုးသုဉ်းလု ဖြစ်နေတဲ့ တောကြီး မြွေဟောက် ခေါ် ငန်းပုတ် များကို တွေ့ရှိပါက အတတ်နိုင်ဆုံး မသုတ်သင်ဖို့ရာ အ တွက် တိုက်တွန်းအပ်ပါတယ်။

တောင်ငူ သတ္တဗေဒ ဌာနမှ ဖော်ပြချက်အရ တောကြီးမြွေဟောက်များကို ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း အ ထက်ပိုင်း နှင့် ပဲခူးတိုင်းတို့မှာ တွေ့ရှိရကြောင်းသိရပါတယ်။

Reference: Nationalgeographic, Reptilesmagazine

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 12/9/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *