မြွေပါများအကြောင်း လူသိနည်းသည့် အချက်အချို့

Knowledge Nature

မြွေပါများဟာ သေးငယ်ပြီး ပေါ့ပါးလျှင်မြန်ကာ အသွင်အပြင်အားဖြင့် ခန္ဓာကိုယ်ဟာ ရှည်လျားပြီး လက်တံခြေတံများဟာ ခပ်တိုတိုဖြစ်ပါတယ်။

၎င်းတို့ဟာ အဆိပ်ပြင်း မြွေများကို ကောင်းစွာ အနိုင်ယူတတ်သည့်အတွက် လူသိများပြီး မြွေပါများ၏ လူတော်တော် များများ မသိနိုင်လောက်မယ့် အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မျိုးစိတ်ပေါင်း ၃၀ လောက်ရှိ

မြွေပါများ၏ သိပ္ပံ မျိုးရင်းအမည်မှာ Herpestidae ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် “Mongoose” ဟုခေါ်ကာ အာရှ၊ အာဖရိက နှင့် ဥရောပတောင်ပိုင်းတို့တွင် တွေ့ရှိရတတ်ပြီး မျိုးစိတ်ပေါင်း ၃၀ လောက်ရှိပါတယ်။

အရွယ်အစားဟာ မျိုးစိတ်ကိုလိုက်ပြီး ကွာခြားတတ်ကာ ၈ လက်မမှ ၁၆ လက်မှ အရှည်လောက်အထိ ရှိပြီး အလေးချိန် ၉ ပေါင်လောက်အထိ အများဆုံး ရှိတတ်ပါတယ်။

မြွေတွေကို ဘယ်လို အနိုင်ယူ

မြွေပါများဟာ အဆိပ်ပြင်းမြွေများကို အနိုင်ယူတတ်သည့်အတွက် အတော်များများက မြွေအဆိပ်ကို ခံနိုင်ရည်ရှိတယ်လို့ ထင်ကြပါတယ်။

တကယ်တော့ မြွေပါများဟာ ၎င်းတို့၏ လျှင်မြန် ပေါ့ပါးစွာ လှုပ်ရှားနိုင်မှုကြောင့် မြွေအစွယ်ကို ရှောင်တိမ်းနိုင်စွမ်း ရှိတာဖြစ်ပြီး အဆိပ်လုံးဝ ပြီးတာတော့ မဟုတ်ပါဘူး။

အချို့ မျိုးစိတ်များမှာတော့ ဆင့်ကဲ့ပြောင်းလဲမှု ဖြစ်စဉ်များ ရှိပြီး အာရုံကြောကို တိုက်ခိုက်သည့် neurotoxic လို့ခေါ်တဲ့ အဆိပ်ကို ခံနိုင်ရည် ရှိကြပါတယ်။

ဆင့်ကဲပြောင်းလဲခဲ့သည့် သန္ဓေပြောင်းဖြစ်စဉ်ကြောင့် မြွေပါအချို့ဟာ အဆိုပါ အဆိပ်ကို ထိုက်သင့်သလောက် ခံနိုင်ရည်ရှိကြတာ ဖြစ်ပါတယ်။

အစုံစား သတ္တဝါများဖြစ်

၎င်းတို့ဟာ အဓိကအားဖြင့် အသားစား သတ္တဝါများ ဖြစ်ပေမယ့် အပင်များကိုလည်း စားတတ်ပါတယ်။

မြွေဟောက်လို အဆိပ်ရှိတဲ့မြွေတွေကို တိုက်ခိုက်တတ်ပေမယ့် ၎င်းတို့၏ အဓိကအစာမှာ တီကောင်၊ အင်းဆက်၊ ဂဏန်း၊ ကြွက်၊ ငှက်၊ ပုတ်သင်၊ အချို့ငှက်များနှင့် ဥများဖြစ်ပါတယ်။

ကုန်းတပိုင်း ရေတပိုင်းလည်း နေထိုင်နိုင်

မြွေပါများဟာ ကမ္ဘာအနှံ့တွင် နေထိုင်ကျက်စားကျပြီး သဲကန္တာရများမှသည် အပူပိုင်း သစ်တောများအထိ ၎င်းတို့ကို တွေ့မြင်နိုင်ပါတယ်။

နေထိုင်သည့် ဒေသအပေါ်မူတည်ပြီး အချို့မျိုးစိတ်များဟာ ရေထဲတွင် ကျင်လည်တတ်ကာ ငါးများ၊ ကဏန်းများနှင့် အခြား ရေနေ သတ္တဝါငယ်လေးများကို ဖမ်းယူစားသုံးတတ်ပါတယ်။

၎င်းတို့ဟာ ရေငုပ်နိုင်ကြပြီး ၁၅ စက္ကန့်လောက်အထိ ရေအောက်သို့ ငုပ်ဆင်းနိုင်ပါတယ်။

အချို့က တကောင်ထဲနေပြီး အချို့က အုပ်လိုက်နေ

၎င်းတို့ထဲက အချို့မျိုးစိတ်ဟာ အထီးကျန်စွာ တကောင်ထဲနေထိုင်တတ်ပြီး အချို့ကတော့ အုပ်စုလိုက်နေထိုင်ကြလေ့ ရှိပါတယ်။

အုပ်လိုက်နေတတ်သည့် မြွေပါများထဲတွင် Meerkat ဟုခေါ်သည့် မျိုးစိတ်ဟာ ကျော်ကြားပြီး အကောင် ၅၀ လောက်အထိ စုဖွဲ့နေတတ်ပါတယ်။

အုပ်စုတွင် များသောအားဖြင့် အကြီးအကဲ စုံတွဲ တတွဲကို ဗဟိုပြုထားသည့် မိသားစုများစွာ ပါဝင်ပြီး အုပ်လိုက် အစာစားခြင်း၊ ကလေးငယ်များကို ပြုစုစောင့်ရှောက်ခြင်း သို့မဟုတ် သားကောင်များကို စောင့်ကြည့်ခြင်းများကို လုပ်ဆောင်ကြပါတယ်။

အုပ်လိုက်နေတတ်သည့် Meerkat မျိုးစိတ်

တခုခုဖြစ်ပါက အချက်ပေးပြီး အုပ်စုလိုက် တန်ပြန်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းများကို ပြုလုပ်ကြပါတယ်။

အချင်းချင်း ဆက်သွယ်ခြင်း

အချို့ မြွေပါ မျိုးစိတ်များတွင် အဆင့်မြင့်မားသည့် အချင်းချင်း ဆက်သွယ်သည့် ပုံစံများရှိပြီး Meerkat များဟာ အဓိပ္ပါတယ် အမျိုးမျိုး ရှိသည့် အသံ ၁၀ မျိုးလောက်ကို အသုံးပြုပါတယ်။

banded mongoose မျိုးစိတ်တွေကတော့ လူတွေသုံးသည့် ဗျည်း၊ သရများနှင့် ဆင်တူသည့် သီးခြားအသံများကို ပေါင်း စပ်နိုင်သည့် အသံပြတ်ပုံစံဖြင့် ဆက်သွယ်တတ်ပါတယ်။

“ပထမအသံပြုမှုမှ ထွက်လာတဲ့အသံဟာ ခေါ်လိုက်သည့်သူအား သိရန်ဖြစ်ပြီး ဒုတိယအပိုင်းကတော့ လက်ရှိ ဘာလုပ်နေလဲဆိုတာ ပြောတာ ဖြစ်တယ်” လို့ BMC Biology ဂျာနယ်တွင် သုတေသီများက ဖော်ပြဖူးပါတယ်။

ဒါဟာ လူများကဲ့သို့ ဗျည်း၊ သရ ပုံစံ တိရစ္ဆာန်များတွင် အသုံးပြုမှုကို ပထမဆုံး တွေ့ရှိခဲ့ရတဲ့ ဥပမာ ဖြစ်ပါတယ်။

၎င်းတို့၏ ဇာတိမဟုတ်သည့် ဒေသများကို ပတ်ဝန်းကျင်ကို ဖျက်ဆီးနိုင်

လူများဟာ မြွေနှင့် ကြွက်များကို ထိန်းချုပ်နိုင်ရန်အတွက် အခြားဒေသမှ မြွေပါများကို ၎င်းတို့၏ ဇာတိမဟုတ်သည့် အခြားနေရာများကို သယ်ယူလာတတ်ပါတယ်။

ဒါပေမယ့် မကြာခဏဆိုသလို မြွေပါများဟာ မူလ လူများ ရည်ရွယ်ထားသည့် သတ္တဝါများကို မရှင်းလင်း နိုင်ရုံသာမက ကျူးကျော်မျိုးစိတ်များဖြစ်လာပြီး ပတ်ဝန်းကျင်ကို ဒုက္ခပေးလာတတ်ပါတယ်။

Indian grey မြွေပါမျိုးစိတ်

ဥပမာအားဖြင့် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ ဇာတိဖြစ်သည့် Javan မြွေပါ မျိုးစိတ်ကို ၁၉ ရာစုက ကမ္ဘာအနှံ့ရှိ အပူပိုင်း ကျွန်းမားတွင် ကြံစိုက်ခင်းများရှိ ကြွက်များကို ထိန်းချုပ်ဖို့ အသုံးပြုခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါ မြွေပါများဟာ ဒေသတွင်း ငှက်များကို မျိုးသုဉ်းအောင် ဖမ်းယူစားသောက်ပစ်ပြီး ဖီဂျီမှ ကာရစ်ဘီယံအထိ အလားတူပြဿနာများ ကြုံနေရကာ ဟာဝိုင်အီကျွန်းစုများတွင်လည်း Lanai နှင့် Kauai မှလွဲပြီး ပြဿနာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

၁၉၁၀ ခုနှစ်မှာ Javan မြွေပါမျိုးစိတ်ကို အိုကီနာဝါသို့ အဆိပ်ရှိ habu မြွေ ခေါ် ဒေသတွင်း pit viper မြွေမျိုးကို နှိမ်နင်းရန် သယ်ယူလာခဲ့ပေမယ့် မျိုးသုဉ်းလုနီး မျိုးစိတ်များဖြစ်သည့် Okinawa rail ငှက်မျိုးများကိုပါ ဖမ်းယူ စားသုံးပစ်ခဲ့ပါတယ်။

ဒီလို ဖြစ်စဉ်များကြောင့် အမေရိကန်နှင့် နယူးဇီလန်အပါအဝင် နေရာတော်တော်များများမှာ မြွေပါများကို ၎င်းတို့၏ ကျက် စားရာ ဇာတိမှ အခြားနေရာသို့ သယ်ယူမလာရန် ပိတ်ပင်ထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *