တောင်ကိုရီးယား ပြည်တွင်းဖြစ် ဒီဇယ်အင်ဂျင်သုံး ရေငုပ်သင်္ဘောသစ် တပ်တော်ဝင်

Military News

တောင်ကိုရီးယား သမ္မတနိုင်ငံ ရေတပ် (RoKN) ၏ ပထမဆုံး ပြည်တွင်းဖြစ် ဒီဇယ် လျှပ်စစ်သုံး ရေငုပ် သင်္ဘောကို တပ်တော်ဝင်လိုက်ပြီလို့ သိရပါတယ်။

အဲဒီ့ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ်ဟာ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် ပဲ့ထိန်းဒုံးကျည် (SLBM) များ တင်ဆောင်နိုင်တဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (SSK) အမျိုးအစား ဖြစ်ပါတယ်။

An Chang-ho (SS 083) လို့ အမည်ပေးထားတဲ့ ၈၃.၅ မီတာရှည်ပြီး အကျယ် ၉.၆ မီတာရှိတဲ့ ဒီ ရေငုပ်သင်္ဘောဟာ ကိုရီးယား ရေတပ်မှ ၉ စီးအထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ KSS-III အတန်းအစား ရေငုပ်သင်္ဘောများထဲမှ ပထမဆုံး တစီး ဖြစ်ပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့တွင် ဒေဝူး Daewoo သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီရှိရာ Geoje ကျွန်းရှိ Okpo မြို့ မှာ အဆိုပါ ရေငုပ်သင်္ဘော တပ်တော်ဝင်တဲ့ အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီရေငုပ်သင်္ဘောကို ပြည်တွင်းဖြစ် ခဲအက်စစ် ဘက်ထရီများ၊ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်များ ပါဝင်တဲ့ AIP စနစ်များ ပါဝင်ပါတယ်။

Chang-ho ရေငုပ်သင်္ဘောကို ဩဂုတ်လ အတွင်းမှာ စစ်ဆင်ရေး စွမ်းဆောင်နိုင်မှုနှင့် စွမ်းရည်များကို အကဲဖြတ်ခြင်းများ ဆက်တိုက် ဆောင်ရွက်သွားမယ်လို့ RoKN မှ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

ဆူညံသံ လျှော့ချမှု နည်းပညာ တပ်ဆင်ထားသည့် ဒီ ရေငုပ်သင်္ဘောဟာ ရေပေါ်တွင် တန်ချိန် ၃,၃၅၈ နှင့် ရေအောက်သို့ ငုပ်လျှိုးနေချိန်တွင် ၃,၇၀၅ တန် ရှိမှာ ဖြစ်ပါတယ်။

အမြန်ဆုံး အနေဖြင့် တနာရီလျှင် ရေမိုင် ၂၀ နှုန်းဖြင့် ခုတ်မောင်းနိုင်ပြီး ရေတပ်သား ၅၀ ခန့်ဖြင့် ရေမိုင် ၁ သောင်းလောက်အထိ စစ်ဆင်နိုင်တာကို Janes Fighting Ships စာရင်းအရ သိရှိရပါတယ်။

ဒေဝူး သင်္ဘော ထုတ်လုပ်ရေးမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် စတင် ထုတ်လုပ်လိုက်တဲ့ Dosan An Chang-ho ဟာ တောင်ကိုရီးယား ရေတပ်တွင် အကြီးဆုံး ရေငုပ်သင်္ဘော ဖြစ်လာမှာပါ။

၎င်းဟာ လက်ရှိ တောင်ကိုရီးယား ရေတပ်တွင် တာဝန် ထမ်းဆောင်နေသည့် KSS-II အတန်းအစား တန် ၁၈၀၀ ရေငုပ်သင်္ဘောများ ထက် ၁၈ မီတာ ပိုရှည်ကာ ၂.၂ မီတာ ပိုကျယ်ပါတယ်။

ရေငုပ်သင်္ဘောသစ်တွင် active နှင့် passive ဆိုနာမျိုးစံကို တပ်ဆင်ထားပြီး Hanwha Naval Shield Integrated Combat စီမံခန့်ခွဲရေး နစ် ICMS ကို တပ်ဆင်ထားပါတယ်။

ဒါ့အပြင် Safran တိုက်ခိုက်ရေး ကြည့်ရှုမှန်ပြောင်း၊ optronic mast ကြည့်ရှုရေး မှန်ပြောင်း နှင့် Indra Pegaso ရေဒါ အီလက်ထရောနစ် ထောက်ပံ့ရေး တိုင်းတာခြင်း (RESM) စနစ်များ ပါဝင်ပါတယ်။

တောင်ကိုရီးယား ရေတပ်တွင် လက်ရှိ ရေငုပ်သင်္ဘော ၁၈ စီး တာဝန်ထမ်းဆောင်နေပြီး ၎င်းတို့မှာ Sohn Wonyil SSII အတန်းအစား ၉ စီးနှင့် Chang Bogo SSI အတန်းအစား ၉ စီးတို့ဖြစ်ပါတယ်။

ယခင်လက KS-III အတန်းအစား ဒီ ရေငုပ်သင်္ဘောသစ်ဟာ ပြည်တွင်းဖြစ် ပဲ့ထိန်းဒုံးပျံကို ရေအောက်တွင် စမ်းသပ်ခဲ့ကြောင်းကို ကျွန်တော် တို့ Knowledgeworms မှာ ဖော်ပြခဲ့ပါသေးတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *