တောင်ကိုရီးယားဟာ ၎င်း၏ ပထမဆုံးသော ပြည်တွင်းဖြစ် အာကာသ ဒုံးပျံကို ပြီးခဲ့သည့် ကြာသပပေးနေ့(အောက်တိုဘာ ၂၁ ရက်) တွင် လွှတ်တင်ခဲ့ပါတယ်။
ဒါပေမယ့် ပစ်လွှတ်တဲ့အချိန် ဒုံးပျံ အတွင်းမှာ တင်ဆောင်သွားတဲ့ dummy payload (ဂြိုဟ်တု အတု) ကို ပတ်လမ်း ထဲသို့ ထည့်သွင်းနိုင်ခြင်း မရှိသောကြောင့် အောင်မြင်မှု မရရှိခဲ့ဘူးလို့ သိရပါတယ်။
တောင်ကိုရီးယားအလံ တပ်ဆင်ထားသည့် Nuri ဟု ခေါ်သည့် ကိုရီးယား အာကာသ ပစ်လွှတ်ယာဉ် အမှတ် ၂ ဟာ Goheung မှ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒုံးပျံမှာ ပါဝင်တဲ့ အဆင့် ၃ ဆင့်လုံး အောင်မြင်စွာ အလုပ်လုပ်နိုင်ခဲ့ပြီး အမြင့် ကီလိုမီတာ ၇၀၀ လောက် အထိ ရောက်ရှိကာ ၁ တန်ခွဲလောက် ရှိတဲ့ payload နှင့် အောင်မြင်စွာ ခွဲထွက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီလို ခွဲထွက်အပြီးမှာ ဂြိုဟ်တု အတုကို ကမ္ဘာ့ပတ်လမ်းအတွင်း ထည့်သွင်းမှုမှာတော့ အောင်မြင်မှု မရရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီ လွှတ်တင်မှုကို သမ္မတ Moon Jae-In ပါ ထိန်းချုပ်ရေး စင်တာတွင် လာရောက် ကြည့်ရှုခဲ့ပြီး “ဂြိုဟ်တုအတုကို ပတ်လမ်းထဲကို ရောက်ရှိစေဖို့ မစ်ရှင်ကတော့ မပြီးဆုံးခဲ့ပါဘူး”
“၎င်းရဲ့ ပန်းတိုင်ကို အပြည့်အဝ မရောက်ရှိခဲ့ပေမယ့် ကျွန်တော်တို့ ပထမဆုံး လွှတ်တင်မှုမှာ အရမ်းကောင်းတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်” “အာကာသမှာ ဦးဆောင်နေတဲ့ နိုင်ငံတွေဟာ အနာဂါတ်ကို ဦးဆောင်လာမှာပါ။ ကျွန်တော်တို့အတွက် အရမ်းကြီးနောက်မကျ သေး ပါဘူး” လို့ သမ္မတက ပြောကြားခဲ့ပါတယ်။

ယခုလို အပြည့်အဝ အောင်မြင်မှုမရရှိခဲ့တဲ့ အကြောင်းအရင်းကတော့ အင်ဂျင်၏ တတိယ အဆင့်ဟာ သတ်မှတ်ထားတဲ့ အချိန်ထက် ၄၆ စက္ကန့်လောက်စောပြီး လောင်ကျွမ်းခဲ့လို့ ဖြစ်တယ်လို့ သိပ္ပံရေးရာဝန်ကြီးဖြစ်တဲ့ Lim Hye-sook က ရှင်းပြပါတယ်။
ကမ္ဘာပေါ်တွင် အကြီးဆုံး စမတ်ဖုန်းနှင့် ချစ်ပ် ထုတ်လုပ်သည့် Samsung Electronics အခြေစိုက်ရာ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ပေါ်တွင် စီးပွားရေးအကောင်းဆုံး နိုင်ငံများအနက် နံပါတ် ၁၂ တွင် ရပ်တည်နေပါတယ်။
၁၉၅၇ ခုနှစ် ဆိုဗီယက် ယူနီယံမှ ပထမဆုံး ဂြိုဟ်တုလွှတ်တင်မှုဖြင့် ဦးဆောင် လမ်းပြခဲ့သည့် အာကာဆိုင်ရာ ပျံသန်းမှု ခေါင်းစဉ်အောက်တွင် မြောက်ကိုရီးယားအပါအဝင် နိုင်ငံအချို့တို့ဟာ တောင်ကိုရီးယား၏ ရှေ့မှာရောက်ရှိနေပါတယ်။
ပဲထိန်းတပ် ဒုံးကျည် ballistic missile များနှင့် အာကာသ ဒုံးပျံများဟာ နည်းပညာအားဖြင့် ဆင်တူပြီး ပြုံယမ်းဟာ အမြင့် ၃၀၀ ကီလိုမီတာ မှာရှိတဲ့ ကမ္ဘာ့ ပတ်လမ်းနိမ့်တွင် ၂၀၁၂ လောက်က ဂြိုဟ်တခု တလုံး လွှတ်တင်ခဲ့တယ်လို့ ဆိုပေမယ့် အနောက်နိုင်ငံများကတော့ ဒါဟာ ဒုံးကျည် စမ်းသပ်မှု တခုဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
လက်ရှိတွင် အလေးချိန် ၁ တန်အထက်ရှိတဲ့ payload ကို အာကာသထဲ အောင်မြင်စွာ လွှတ်တင်နိုင်တဲ့ နိုင်ငံဟာ ၆ နိုင်ငံသာ ရှိသေးပြီး မြောက်ကိုရီးယားတော့ မပါဝင်သေးပါဘူး။
အဆင့် ၃ ဆင့်ပါဝင်တဲ့ Nuri ဒုံးပျံကို တည်ဆောက်ဖို့ ဆယ်စုနှစ်တခုခန့် အချိန်ယူခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအတွက် ကုန်ကျ စရိတ် ၂ ထရီလီယံ ဝမ် (အမေရိကန် ဒေါ်လာ ၁.၆ ဘီလီယံ) လောက်အထိ ကုန်ကျခဲ့ပါတယ်။
၎င်းဟာ အလေးချိန် တန် ၂၀၀ လောက်ရှိပြီး ၄၇.၂ မီတာလောက် အရှည်ရှိကာ လောင်စာ အရည်သုံး ရော့ကတ်အင်ဂျင် စုစုပေါင်း ၆ ခုကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား၏ ပထမဆုံး လွှတ်တင်ခဲ့သည့် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များက ဒုံးကျည်များကို ရုရှားနည်းပညာအချို့ အသုံးပြုခဲ့ပြီး ၂ ကြိမ်လုံး အောင်မြင်မှု မရခဲ့ပါဘူး။

ဒုတိယ အကြိမ်မြောက် လွှတ်တင်သည့် ဒုံးပျံဟာ ပျံတက်အပြီး ၂ မိနစ်အကြာမှာပဲ ပေါက်ကွဲသွားလို့ ဆိုးလ် နှင့် မော်စကို အကြား အပြန် အလှန် အပြစ်တင်ခဲ့ကြပါတယ်။
၂၀၁၃ ခုနှစ် လွှတ်တင်ခဲ့တဲ့ ဒုံးပျံကတော့ အောင်မြင်ခဲ့ပြီး အဲဒီ့ ဒုံးပျံမှာ အသုံးပြုခဲ့တဲ့ ပထမအဆင့် အင်ဂျင်ကို ရုရှားမှ ထုတ်လုပ်ထားသည့် အင်ဂျင်ကိုသာ အားကိုးခဲ့ရပါတယ်။
ကြာသပတေး နေ့က လွှတ်တင်ခဲ့တဲ့ ဒုံးပျံကတော့ တောင်ကိုရီးယား၏ ပြည်တွင်းဖြစ် ဒုံးပျံ နည်းပညာ ဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး လာမယ့်နှစ် အတွင်းမှာ Nuri ဒုံးပျံ၏ အင်ဂျင်ကို စစ်ဆေးမှုများ ပြုလုပ်ပြီး လ၏ ပတ်လမ်း ထဲသို့ လွှတ်တင်နိုင်ဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ သမ္မတ Moon Jae-in က ပြောပါတယ်။
၎င်းမှ “တောင်ကိုရီးယား ဒုံးပျံစနစ်တွေ အောင်မြင်မှုနှင့် အတူ အစိုးရက အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းတခုကို တက်ကြွစွာ လုပ် ဆောင်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်တဲ့ အာကာသယာဉ်ကို လပေါ် ဆင်းသက်နိုင်ဖို့ ၂၀၃၀ ခုနှစ်မှာ အကောင်အထည် ဖော်လာနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။