တောင်ကိုရီးယားရေတပ်အတွက် Dokdo အတန်းအစား ကုန်းရေ နှစ်သွယ် စစ်ဆင်ရေး ရဟတ်ယာဉ်တင် သင်္ဘောများ ထဲတွင် ဒုတိယမြောက်တစင်း ဖြစ်လာမယ့် ROKS Marado (LPH-6112) ကို တပ်တော်ဝင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
အရှည် ၁၉၉ မီတာ၊ အကျယ် ၃၁ မီတာရှိတဲ့ ဒီ ရဟတ်ယာဉ်တင် သင်္ဘောကို ဂျင်ဟယ် ရေတပ်အခြေစိုက်စခန်းမှာ ဇွန်လ ၂၈ ရက် မှာ တပ်တော်ဝင်ခဲ့တာ ဖြစ်ပါတယ်။
ROKS Marado သင်္ဘောကို ယခင်က ၂၀၁၀ ခုနှစ်မှာ တပ်တော်ဝင်ဖို့ ရည်မှန်းပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၀၈ ခုနှစ် စီးပွားပျက်ကပ်ကြောင့် ဒီ ဒုတိယမြောက် Dokdo အတန်းအစား ရဟတ်ယာဉ်တင် သင်္ဘော စီမံကိန်းကို ဖျက်သိမ်းခဲ့ပါတယ်။
ကိုရီးယား ကျွန်းဆွယ် တင်းမာမှုတွေ ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ဘတ်ဂျက် ပြန်လည်ရရှိခဲ့ကာ ၎င်းနှင့် အတန်းအစားတူ သင်္ဘော၏ နောက် ၁၄ နှစ်အကြာမှ တပ်တော်ဝင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Navalnews မီဒီယာ၏ အချက်အလက်များအရ ဒီသင်္ဘောဟာ တန်ချိန် ၁၄,၈၀၀ (ဝန်အပြည့်နှင့် တန်ချိန် ၁၉,၀၀၀) ရှိပါတယ်။
သင်္ဘောပေါ်တွင် အဖွဲ့သား ၃၃၀ လောက် ပါဝင်ပြီး မရိမ်းတပ်သား ၇၂၀၊ ပင်မတိုက်ပွဲဝင်တင့်ကား ၆ စီး၊ ကမ်းတက် သံချပ်ကာယာဉ် KAAV ၇ စီး၊ ရှပ်ပြေးယာဉ် LCAC ၂ စီး နှင့် အတူ MUH-1 နှင့် မကြာသေးမှီက ရွေးချယ်ခဲ့တဲ့ MAH ရဟတ်ယာဉ် ၇ စီးမှ ၁၂ စီး အထိ တင်ဆောင်စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
သင်္ဘောသစ်၏ လေယာဉ် ပြေးလမ်းတွင် အမေရိကန်လုပ် V-22 Osprey လေယာဉ်များကိုလည်း တင်ဆောင် စစ်ဆင်နိုင် ပါတယ်။
ဒီ သင်္ဘောတွင် ကာကွယ်ရေး အနေဖြင့် ရေပြင်မှ ဝေဟင်ပစ် K-SAAM Sea Bow ဒုံး ကျည် ၁၆ လုံး အထိ ထည့်သွင်း ပစ်ခတ်နိုင်မည့် ဒေါင်လိုက်ပစ် စနစ် ၄ ခု၊ Phalanx Block 1B CIWS (close-in weapon system) အနီးကပ် ကာကွယ်ရေးစနစ် ၂ ခု တပ်ဆင်ထားပါတယ်။
ဒါ့အပြင် မျိုးဆက်သစ် လမ်းလွှဲကာကွယ်ရေးစနစ် (Decoy) များဖြစ်သော SEALEM နှင့် SEALIR များကို အသုံးပြုနိုင်သည့် K-Dagaie NG Decoy ပစ်လွှတ်စနစ်ကိုလည်း သင်္ဘောလုံခြုံရေးအတွက် တပ်ဆင်ထားပါတယ်။

ယခု သင်္ဘောသစ်ဟာ ယခင် အတန်းအစားတူ သင်္ဘောထက် လေကြောင်း ကာကွယ်ရေးစနစ်နှင့် လေယာဉ် ထိန်းချုပ်ရေး စနစ်တွေမှာ သိသိ သာသာ ကောင်းမွန်လာတာကို တွေ့ရပါတယ်။
ရေဒါစနစ်တွေဟာလည်း ပိုမိုတိုးတက်လာပြီး Incheon နှင့် Daegu အတန်းအစား ခေတ်မှီ ဖရီးဂိတ်များမှာ အသုံးပြုနေတဲ့ LIG Nex1’s SPS-550K သုံးဖက်မြင် ရေပြင်နှင့် ဝေဟင် ရှာဖွေရေး ရေဒါစနစ်တွေကို အသုံးပြုထားပါတယ်။
ဒါ့ကြောင့် ဒီသင်္ဘောသစ်ဟာ ယခင် ၎င်းနှင့် အတန်းအစားတူ သင်္ဘောထက် စစ်ဆင်ရေး စနစ် ပိုမိုကောင်းမွန်လာတဲ့ အတွက် လေကာစနစ်ရဲ့ ပစ်မှတ်ရှာဖွေနိုင်နှုန်းဟာ ၂ ဆ အထိ တိုးတက်လာပါတယ်။
Knowledgeworms Copyright © 2021