သိပ္ပံပညာရှင်တွေဟာ နိုင်ငံတကာ အာကာသစခန်းတွင် ပျံသန်းနေသော အာကာသယာဉ်မှူး ၁၇ ဦးရဲ့ အရိုးဆုံးရှုံးမှုများကို လေ့လာခဲ့ကြပြီး ၎င်းဟာ လူ့ခန္ဓာကိုယ်အပေါ် အာကာသခရီးရဲ့ အကျိုးသက်ရောက်မှုနှင့် လျော့ပါးသွားနိုင်သည့် ခြေလှမ်းများကို ပိုမိုနားလည်သဘောပေါက်နိုင်စေမည့် အလားအလာကောင်းများ ဖြစ်တယ်ဟု ဆိုပါတယ်။
ဒါဟာ ရည်မှန်းချက်ကြီးသော အနာဂတ် မစ်ရှင်များကို လုပ်ဆောင်နိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။
သုတေသနဟာ အာကာသ ယာဉ်မှူးများရဲ့ အရိုးဆုံးရှုံးမှုဆိုင်ရာ အချက်အလက် အသစ်များကို စုဆောင်းခဲ့တာ ဖြစ်ပြီး အာ ကာသရဲ့ သေးငယ်သော ဆွဲငင်အားအခြေအနေများနှင့် ကမ္ဘာမြေပေါ်ရှိ အရိုးသိပ်သည်းဆကို ပြန်လည်ရရှိနိုင်ဖို့အတွက် ဖြစ်ပါတယ်။
စမ်းသပ်မှုမှာ ပျမ်းမျှအသက် ၄၇ နှစ်ရှိ အာကာသယာဉ်မှူး ၁၄ ဦးနှင့် အမျိုးသမီး သုံးဦးပါဝင်ပြီး အာကာသထဲတွင် လေးလမှ ခုနစ်လအထိ ကြာမြင့်စွာ နေထိုင်ခဲ့သူများ ဖြစ်ပါတယ်။
ပျမ်းမျှအားဖြင့် ကမ္ဘာမြေသို့ ပြန်ရောက်ပြီး တစ်နှစ်အကြာမှာ အာကာသ ယာဉ်မှူးများရဲ့ ခြေထောက် အောက်ပိုင်း အရိုးများထဲမှ တစ်ခုဖြစ်တဲ့ tibia တွင် အရိုးသိပ်သည်းဆ 2.1% လျော့ချပြီး အရိုးကြံ့ခိုင်မှု 1.3% လျော့ကျသွားကြောင်း တွေ့ခဲ့ရပါတယ်။

၎င်းတို့အနက် အာကာသယာဥ်မှူးကိုးဦးဆိုရင် အာကာသပျံသန်းမှုအပြီးတွင် အရိုးတွင်း သိပ်သည်းဆကို ပြန်လည်မရရှိဘဲ ရာသက်ပန်ဆုံးရှုံးခဲ့ရတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
“အာကာသယာဉ်မှူးတွေဟာ ကြာရှည် အာကာသပျံသန်းမှုမှာ အရိုးတွေ ဆုံးရှုံးသွားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။”
“ဒီလေ့လာမှုရဲ့ ဆန်းသစ်ချက်တစ်ခုကတော့ အာကာသယာဉ်မှူးတွေရဲ့ အရိုးတွေ ဘယ်လိုပြန်ကောင်းလာမလဲဆိုတာကို နားလည်ဖို့အတွက် သူတို့ရဲ့ အာကာသခရီးကို တစ်နှစ်ကြာအောင် လိုက်လေ့လာခဲ့တာပါ” ဟု Scientific Reports ဂျာနယ်တွင် ယခုသီတင်းပတ်တွင် ထုတ်ဝေခဲ့သော သုတေသနရဲ့ ဦးဆောင်ရေးသားသူဖြစ်တဲ့ Calgary တက္ကသိုလ်မှ ပရော်ဖက်ဆာ Leigh Gabel မှ ပြောကြားခဲ့ပါတယ်။
အာကာသယာဉ်မှူးတွေဟာ ခြောက်လကြာ အာကာသပျံသန်းမှုအတွင်း သိသာထင်ရှားသော အရိုးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး ဒါဟာ ကမ္ဘာပေါ်ရှိ ဆယ်စုနှစ် နှစ်ခုကျော် သက်ကြီးရွယ်အိုများတွင် မြင်တွေ့ရမည့် ဆုံးရှုံးမှုများဖြစ်ပါတယ်။
၎င်းတို့ဟာ ကမ္ဘာမြေပေါ် ပြန်လည်ရောက်ရှိပြီး တစ်နှစ်အကြာတွင် ယင်းဆုံးရှုံးမှုရဲ့ ထက်ဝက်ခန့်သာ ပြန်လည်ကောင်းမွန်လာခဲ့တာကိုလည်း တွေ့ရပါတယ်။
ကမ္ဘာမြေပေါ်ရှိ ကိုယ်အလေးချိန်များသော အရိုးများက အာကာသထဲတွင် အလေးချိန် မသယ်ဆောင်ရတဲ့ အတွက်ကြောင့် အရိုး ဆုံးရှုံးမှုဖြစ်ရခြင်း ဖြစ်တယ်ဟု ဆိုပါတယ်။

အာကာသအေဂျင်စီများက အရိုးဆုံးရှုံးမှုကို ကာကွယ်ဖို့ လေ့ကျင့်ခန်းစနစ်များနှင့် အာဟာရဆိုင်ရာ တန်ပြန်ကာကွယ်မှုများကို မြှင့်တင်ဖို့ လိုအပ်ကြောင်း Gabel က ပြောကြားခဲ့ပါတယ်။
အာကာသပျံသန်းစဉ်အတွင်း အရိုးအကြောများ ပါးလွှာပြီး အချို့သော အရိုးချောင်းများရဲ့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုတွေဟာ ပြတ်တောက်သွားပါတယ်။
အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ ကျန်ရှိနေတဲ့ အရိုးအဆက်များက ထူပြီး ခိုင်ခံ့လာသော်လည်း အာကာသအတွင်း အဆက်ပြတ်သွားသော အရိုးများကို ပြန်လည်တည်ဆောက်လို့ မရပါဘူး။
ဒါကြောင့် အာကာသယာဉ်မှူးရဲ့ အရိုးတည်ဆောက်ပုံဟာ အမြဲတမ်း ပြောင်းလဲနေတယ် ဟု Gabel က ပြောကြားခဲ့ပါတယ်။
လေ့လာမှုရဲ့ အာကာသယာဉ်မှူးများက လွန်ခဲ့တဲ့ ခုနှစ်နှစ်အတွင်း အာကာသစခန်းတွင် ပျံသန်းခဲ့ကြသူများဖြစ်ကြပြီး ၎င်းတို့ရဲ့ လူမျိုးများကို မဖော်ပြထားသော်လည်း ၎င်းတို့ဟာ အမေရိကန် အာကာသအေဂျင်စီ NASA၊ ကနေဒါ အာကာသ အေဂျင် စီ၊ ဥရောပအာကာသအေဂျင်စီနှင့် ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီတို့မှ ဖြစ်ကြတယ်လို့ သိရပါတယ်။
NASA က အာကာသယာဉ်မှူးများကို လပေါ်သို့ပြန်ပို့ဖို့ ရည်မှန်းထားပြီး၊ ယခု 2025 အတွက် အစောဆုံး စီစဉ်ထားသည့် မစ်ရှင် တစ်ခုဖြစ်ပါတယ်။

၎င်းဟာ အင်္ဂါဂြိုလ်သို့ အနာဂတ်အာကာသယာဉ်မှူး မစ်ရှင်များ သို့မဟုတ် လမျက်နှာပြင်ပေါ်တွင် ကာလကြာရှည်စွာ ရှိနေခြင်းအတွက် ရှေ့ပြေးဖြစ်နိုင်ပါတယ်။ သို့သော်လည်း အာကာသခရီးဟာ လူ့ခန္ဓာကိုယ်အတွက် စိန်ခေါ်မှုအမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။
“မိုက်ခရိုဆွဲငင်အားက ခန္ဓာကိုယ်စနစ်များစွာကို ထိခိုက်စေပြီး ၎င်းတို့ထဲမှာ ကြွက်သားနှင့် အရိုးများလည်း ပါဝင်တယ် ” ဟု Gabel က ဆိုပါတယ်။ “နှလုံးသွေးကြောစနစ်မှာလည်း အပြောင်းအလဲများစွာကို တွေ့ကြုံရပါတယ်။
မြေဆွဲအားက ကျွန်ုပ်တို့ရဲ့ခြေထောက်ဆီ သွေးဆွဲအားမရှိရင်၊ အာကာသယာဉ်မှူးတွေဟာ ခန္ဓာကိုယ်အပေါ်ပိုင်းကို သွေးပိုစုလာစေတဲ့ အရည်အပြောင်းအလဲကို ခံစားရနိုင်ပါတယ်။
ဒါက နှလုံးသွေးကြောစနစ်နဲ့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အာကာသ ယာဉ်မှူးများအတွက် ဓါတ်ရောင် ခြည်ဟာ ကျန်းမာရေးအတွက် ကြီးမားသော စိုးရိမ်စရာတစ်ခုလည်း ဖြစ်တယ် ဟု Gabel က ဆက်လက်ပြောကြားခဲ့ပါတယ်။
လေ့လာမှုအရ အာကာသ မစ်ရှင်များ ပိုမို ကြာရှည် လာခြင်းကြောင့် အရိုးဆုံး ရှုံးမှုနှင့် နောက်ပိုင်းတွင် အရိုးများ ပြန်လည် ကောင်းမွန် နိုင်ခြေ နည်းပါးကြောင်း သိရပါတယ်။

ပျံသန်းမှုလေ့ကျင့်ရေးအနေနဲ့ အာကာသစခန်းတွင် အာကာသ ခုခံလေ့ကျင့်ပေးခြင်းဟာ ကြွက်သားနှင့် အရိုးဆုံးရှုံးမှုကို ကာကွယ်ဖို့ အရေးကြီးကြောင်း သက်သေပြခဲ့ပါတယ်။
သို့သော်လည်း ခြောက်လထက်ကြာတဲ့ အာကာသမစ်ရှင်တွေနဲ့ မိုက်ခရိုဆွဲငင်အားက လူသားတွေရဲ့ ရေရှည် ကျန်းမာရေးအ ပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာ နောက်ထပ် ကျွန်တော်တို့ မသိသေးတာတွေ အများကြီးရှိပါသေးတယ် ဟု Gabel က နိဂုံးချုပ်အနေနဲ့ ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။