သိပ္ပံဇာတ်လမ်းတွေထဲမှာ ကမ္ဘာမှ အခြား နေအဖွဲ့အစည်းများဆီသို့ သွားလာရာတွင် လူတွေဟာ ဖန်ပေါင်းချောင်အတွင်းဝင် အိပ်ပြီး သွားတတ်တာကို တွေ့ရမှာပါ။
ဒီလို နည်းလမ်းကို “hibernate” လုပ်တဲ့ နည်းလမ်းလို့ ခေါ်ပြီး ကျွန်တော်တို့ ရင်းနှီးတဲ့ စကားလုံးကို ပြပါဆိုရင် တိရိစ္ဆာန်များ ဆောင်းခိုတဲ့ ပုံစံကို ပြောတာပါ။
hibernate ဆိုသည့် အသုံးအနှုံးဟာ ယနေ့ခေတ် နည်းပညာပိုင်းတွင်လည်း တွင်တွင် ကျယ်ကျယ် အသုံးပြုကြပြီး ဥပမာအားဖြင့် laptop ကွန်ပျူတာတွေမှာ hibernate လုပ်တာမျိုးကိုလည်း ရင်းနှီးကြမယ်ထင်ပါတယ်။
laptop တွေမှာ hibernate လုပ်ခြင်းဟာ လက်တလော အသုံးပြုနေသည့် အချက်အလက်များ နှင့် လုပ်လက်စ အလုပ်များ ပျောက်မသွားစေအောင် စွမ်းအင်ကို အနည်းဆုံး အသုံးပြုထားပြီး ကွန်ပျူတာကို ခေတ္တခဏ ပိတ်ထားတဲ့ သဘောပါ။
တိရိစ္ဆာန်တွေမှာလည်း hibernate လုပ်ခြင်းဟာ အလားတူ သဘောတရားဖြစ်ပြီး ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ခြင်းများကို အနှေးဆုံးဖြင့် အသက်ရှင်နိုင်ရုံလောက် ထိန်းထားတာ ဖြစ်ပါတယ်။
အကြောင်းကတော့ ဆောင်းရာသီတွင် အစားအစာ ရှားပါးသည့်အတွက် ၎င်းတို့တွင် အဆီပိုများ စုဆောင်းကာ ခန္ဓာကိုယ်မျှ ထိုကာလ ကျော်သည်အထိ ချွေတာ သုံးစွဲတာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် ဆောင်းခိုခြင်း သို့မဟုတ် hibernate လုပ်ခြင်း၏ သဘောတရားကို အနည်းငယ် နားလည်ပြီလို့ ယူဆပါတယ်။

ဆောင်းခိုရန် ပြင်ဆင်နေသည့် ရှဉ့်ငယ်တကောင်
သုတေသန အသစ်တခုမှာ လူတွေဟာ တိရိစ္ဆာန်များကဲ့သို့ hibernate လုပ်ပြီး တကယ်ကို အာကာသခရီးသွားနိုင်ဖို့အတွက် သင်္ချာပိုင်းဆိုင်ရာ အခက်အခဲ တခုကို ဖော်ပြခဲ့ပါတယ်။
ဒီသုတေသနကို ချီလီနိုင်ငံရှိ သုတေသီများက ပြုလုပ်ခဲ့တာဖြစ်ပြီး Proceedings of the Royal Society ဂျာနယ်တွင် ဖော် ပြခဲ့တာပါ။
Knowledgeworms ၏ ယခု ဆောင်းပါးကတော့ ဒီသုတေသနကို အခြေခံပြီး hibernate လုပ်ခြင်းနှင့် ပတ်သက်သည့် သ ဘောတရားများကို အချက်အလက်များ ပေါင်းစပ်ပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Hibernate သို့မဟုတ် ဆောင်းခိုခြင်းကို လေ့လာမှု
Hibernation လို့ခေါ်တဲ့ ဆောင်းခိုတဲ့ အလေ့အထဟာ တိရိစ္ဆာန်များတွက် ပြင်းထန်လှတဲ့ ရာသီဥတု အခြေအနေတွေနဲ့ အ စားအစာ ရှားပါးမှုတွေကို ခံနိုင်ရည်ရှိဖို့ စွမ်းအင် သိုလှောင်ပြီး ခိုအောင်း အိပ်စက်တတ်သည့် အလေ့အထ တခုပါ။
ဒီလို ပြုမူသည့်အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အချို့ ဖြစ်ပေါ်စေကာ ခန္ဓာကိုယ်၏ အပူချိန်ကို လျှော့ချပြီး ဇီဝဖြစ်ပျက်မှုတွေကို နှေးကွေးစေပါတယ်။
တိရိစ္ဆာန်တွေအတွက်တော့ မကြာခဏ နိုးထိကြတတ်တဲ့ အတွက် ဒါဟာ ကာလကြာရှည်စွာ အိပ်စက်မှုတခု တော့ မဟုတ်ပါဘူး။
သေးငယ်သည့် ရှဉ့်နှင့် လင်းနို့တွေ ဆောင်းခိုသည့်အခါမှာ ခန္ဓာကိုယ် အပူချိန် လျော့ကျပြီး ဇီဝဖြစ်ပျက်မှု နှေးကွေးလာသည့်အပြင် အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းဟာလည်း လျော့ကျလာပါတယ်။
အလွန့်အလွန် ရာသီဥတု ပြင်းထန်တဲ့ အခြေအနေမျိုးမှာ ဒီလို နည်းလမ်းဟာ ၎င်းတို့အတွက် စွမ်းအင်လိုအပ်မှုကို ၉၈ ရာခိုင် နှုန်း လောက်အထိတောင် လျှော့ချပေးနိုင်ပါတယ်။

Image: Courtesy of ESA
မကြာသေးမီက လေ့လာမှုမှာတော့ မတူညီတဲ့ နို့တိုက်သတ္တဝါတွေမှာ hibernate လုပ်သည့် လုပ်ငန်းစဉ်ကို လေ့လာခဲ့ကြပြီး လူတွေအနေဖြင့် ဖြစ်နိုင်မလားဆိုတာ လေ့လာခဲ့ပါတယ်။
သုတေသီများဟာ အေးခဲပြီး အောက်ဆီဂျင် နဲပါးတဲ့ ပတ်ဝန်းကျင်တွေမှာ ဖြစ်နိုင်တဲ့ ဇီဝဖြစ်ပျက်မှု အနည်းဆုံးကို လေ့လာခဲ့ရာ ပိုမို ကြီးမားတဲ့ ဝက်ဝံလို တိရိစ္ဆာန်တွေဟာ စွမ်းအင်ကို စုဆောင်းနိုင်ခြင်း မရှိဘဲ ဆုံးရှုံးနေတာကို တွေ့ရပါတယ်။
အကြောင်းကတော့ hibernate လုပ်နေစဉ်မှာ ခန္ဓာကိုယ် အရွယ်အစားနှင့်မဆိုင်ဘဲ လင်းနို့တကောင်နှင့် ၎င်းထက် အဆပေါင်းများစွာကြီးသည့် ဝက်ဝံနှင့် ဇီဝ ဖြစ်ပျက်မှုဟာ တူညီနေကာ သုံးစွဲသည့် စွမ်းအင် အချိုး ကလည်း တူညီနေတာကို တွေ့ခဲ့ရပါတယ်။
ဆိုလိုတာကတော့ ခန္ဓာကိုယ်တွင်းမှ ဇီဝဖြစ်ပျက်မှုအတွက် လိုအပ်သည့် စွမ်းအင်ဟာ တိရိစ္ဆာန်၏ ခန္ဓာကိုယ် အချိုးအစားအလိုက် ကိန်းသေ ဖြစ်နေတာကို ပြောတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် သေးငယ်သည့် တိရိစ္ဆာန်များတွင် အများကြီး မသိသာပေမယ့် ကြီးမားသည့် တိရိစ္ဆာန်များတွင်တော့ သိသိသာ သာ ပိုမိုကြီးမားဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။
လူတွေ hibernate လုပ်ရင် ဘာဖြစ်မလဲ
ဒီသုတေသနကြောင့် ဝေးကွာသည့် အခြားနေအဖွဲ့အစည်းသို့ သွားလာမည့် အာကာသခရီးအတွက် လူသားများဟာ ဆောင်းခိုသည့် ပုံစံ အိပ်စက်ခြင်းဟာ စွမ်းအင်ကို မချွေတာနိုင်ဘူးဆိုတာ တွေ့လာရပါတယ်။
တိရိစ္ဆာန်များနှင့် တူညီသည့် သဘောတရားအတိုင်း ကျင့်သုံးခြင်းဟာ အာကာသထဲတွင် အိပ်စက်နေရန်အတွက် တနေ့လျှင် အဆီ ၆.၃ ဂရမ် လိုအပ်ပါတယ်။
ထို့ကြောင့် တနှစ်ခန့် ခရီးသွားလာနိုင်ဖို့အတွက် အနည်းဆုံး ၂ ကီလိုဂရမ်လောက် အလေးချိန် လိုအပ်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီလို နည်းလမ်းဟာ အရမ်း မဝေးသည့် အာကာသ ခရီးစဉ်များအတွက်တော့ အဓိပ္ပါယ် ရှိပေမယ့် အခြား ကြယ်တွေဆီ သွားလာရာမှာတော့ အဆီ ကီလိုဂရမ် ရာဂဏန်းလောက် ရှိနေရမှာပါ။

Image: Courtesy of 20th Century Fox / Everett
ဒါမှမဟုတ်ရင် အဆီများသည့် အစားအစာများကို စားသုံးဖို့အတွက် နေ့စဉ် အိပ်ရာမှ ထရန် လိုအပ်မှာပါ။
ချီလီမှ သိပ္ပံပညာရှင် Roberto Nespolo ကတော့ လူတွေဟာ ဒီလို hibernate လုပ်ဖို့ အရွယ်အစား အရမ်းကို ကြီးလွန်းနေတယ်လို့ ပြောပါတယ်။
University of Tsukuba မှ သုတေသီများဟာ ဆောင်းခိုခြင်းနှင့် ဆင်တူသည့် အခြေအနေကို လှုံ့ဆော် ပေးနိုင်သည့် ကြွက်များ၏ အာရုံကြောများကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် လူသားများဟာ ဆောင်းခိုခြင်း မပြုလုပ်နိုင်သည့်အပြင် လူများကို သုတေ သန ပြုလုပ်ခြင်းဟာ ကျင့်ဝတ်ဆိုင်ရာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။
ယခု နောက်ဆုံး လေ့လာမှု အထိကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ကို အေးစေခြင်း၊ နှလုံးခုန်နှုန်းကို လျှော့ချခြင်းနှင့် အသက်ရှုနှုန်းကို လျှော့ခြင်း အပါအဝင် ဇီဝဖြစ်ပျက်မှု နှေးကွေးစေခြင်းဟာ အန္တရာယ် ရှိစေသည့်အပြင် လိုချင်သည့် ရလဒ်ကို ပေးစွမ်းနိုင်မှာ မဟုတ်ဘူးလို့ သိရှိထားပါတယ်။
ဒါပေမယ့် နည်းပညာများဟာ တိုးတက်နေသည့်အတွက် အနာဂါတ်မှာတော့ hibernate လုပ်ခြင်းကို ထိထိရောက်ရောက် လုပ်နိုင်မလားဆိုတာ စောင့်ကြည့် ရဦးမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 13/5/2022