ကမ္ဘာကြီး၏ ရေရှည် ရပ်တည်မှုကို ခက်ခဲစေမယ့် အာကာသခရီးသွား လုပ်ငန်းများ အကြောင်း

News Science

2022 World Inequality အစီရင်ခံစာမှ အာကာသ ခရီးသွား မစ်ရှင်များမှ ဖြစ်ပေါ်လာနိုင်တဲ့ အံအားသင့်စရာ ဖြစ်ပေါ်လာနိုင်မှုတခုကို တင်ပြလိုက်ပါတယ်။

အဲဒါကတော့ အာကာသအတွင်း ခရီးသွားဖို့ဖြစ်စေ၊ အခြား အာကာသနှင့်ဆိုင်တဲ့ မစ်ရှင်တွေ လုပ်ဆောင်ဖို့ဖြစ်စေ ဒုံးပျံများ လွှတ်တင်ခြင်းဟာ ကမ္ဘာ့ လူဦးရေအများစု၏ တသက်တာ ဖန်တီးမည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုထက် ပိုမို ထုတ်လွှတ်နေကြောင်း သိရှိရတာပဲ ဖြစ်ပါတယ်။

အစီရင်ခံစာ၏ အခြား အစိတ်အပိုင်းများတွင် အလုပ်သမား၊ ဝင်ငွေနှင့် စီးပွားရေး မညီမျှမှုများ အကြောင်းကို အချက်အလက် များနှင့် အသားပေး ဖော်ပြထားပေမယ့် နောက်ဆုံးမှာတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ဖန်တီးသူများနှင့် ၎င်းတို့ကို အများဆုံး ခံစားရသူများအကြား အနေအထားကို စုံလင်စွာ ခြုံငုံ ဖော်ပြခဲ့တာပါ။

“မကြာသေးမီနှစ်များအတွင်း ကြွယ်ဝချမ်းသာမှု မညီမျှမှုနှင့် ဆက်နွယ်သည့် အလွန်အမင်း ပတ်ဝန်းကျင် ညစ်ညမ်းမှု၏ အထင်ရှားဆုံး ဥပမာမှာ အာကာသ ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်နိုင်တယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“၁၁ မိနစ်စာ ပျံသန်းမှုတခုဟာ ခရီးသည် တဦးလျှင် ကာဗွန် ၇၅ တန်ထက်မနည်းကို ထုတ်လွှတ်နိုင်ပြီး ကမ္ဘာပေါ်ရှိ လူ သန်း တထောင်ကျော်ခန့်ဟာ တနှစ်အတွင်း တဦးလျှင် ကာဗွန် ၁ တန် အောက်သာ ထုတ်လွှတ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့ မညီမျှမှု အစီရင်ခံစာ World Inequality Report ဟာ အာကာသ ခရီးသွားမှုလို့သာ ညွှန်းဆိုခဲ့ပေမယ့် ဘယ်ကုမ္ပဏီလဲ ဆိုတာကိုတော့ နာမည်တပ်ပြီး ပြောဆိုခဲ့တာ မဟုတ်ပါဘူး။

ဒါပေမယ့် Gizmodo ဝက်ဘ်ဆိုက်ဒ်၏ ထောက်ပြချက်အရ Jeff Bezos (၎င်း၏ အကြောင်းတွင်ရှု) ၏ ဇူလိုင်လ အတွင်း လူသိရှင်ကြား အများအပြား ပျံသန်းခဲ့တဲ့ အာကာသ ခရီးစဉ်ဟာ ထိုမျှ အချိန်လောက် ကြာမြင့်ပါတယ်။

လက်ရှိမှာ Bezos ရဲ့ Blue Origin တခုထဲ အာကာသခရီးသွားလုပ်ငန်းကို လုပ်ဆောင်နေတာတော့ မဟုတ်ပါဘူး။

Bezos အပြင် အခြား ဂျပန် ဘီလျံနာ တစ်ယောက်ဖြစ်တဲ့ Yusaku Maezawa ဟာ လက်ရှိ နိုင်ငံတကာ အာကာသစခန်းပေါ်တွေ ၁၂ ရက်ကြာာ အာကာသ အပန်းဖြေခရီးထွက်နေပါတယ်။

အဆိုပါ ပျံသန်းမှုကို အမေရိကန် အခြေစိုက် Space Adventures ကုမ္ပဏီက စီစဉ်ပေးခဲ့တာဖြစ်ပြီး အလားတူ Virgin Group ကို တည်ထောင်သူ ဘီလျံနာ Richard Branson ဟာလည်း အာကာသ အစွန်ကို ရောက်ရှိခဲ့ပြီး ပါပြီ။

အဲဒီ့အကြောင်းကိုလည်း “အာကာသအတွင်း အောင်မြင်စွာရောက်ရှိခဲ့တဲ့ အသက် ၇၀ရှိ သူဌေးကြီး ရစ်ချက် ဘရန်ဆန်” ခေါင်းစဉ်ဖြင့် ဖော် ပြပြီး ဖြစ်ပါတယ်။

အာကာသ ခရီးသွားတွင် ပါဝင်လာနိုင်မယ့် စတုတ္ထ ဘီလျံနာတယောက်အကြောင်းကို ကြိုတွေးကောင်း တွေးနိုင်ပေမယ့် Tesla ရဲ့ အမှု ဆောင် အရာရှိချုပ် Elon Musk ကတော့ ၎င်းရဲ့ SpaceX နှင့် အာကာသကို ကိုယ်တိုင်သွားရောက်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် SpaceX ဟာ Bezos ထက်ပိုပြီး ကာဗွန်ထုတ်လွှတ်မှုများတဲ့ အာကာသ ခရီးတွေအတွက် လွှတ်တင်ပြီးလည်း ဖြစ်ပါတယ်။

အဲဒီ့အပြင် လာမယ့် နှစ်အနည်းငယ်အတွင်း စီစဉ်ထားတဲ့ လ ပတ်လမ်းကြောင်းအတွင်းသို့ ဂျပန် ဘီလျံနာ Maezawa အတွက် နောက်ထပ်ခရီးစဉ်တခုကို လွှတ်တင် ပေးဖို့လည်း စီစဉ်နေပါတယ်။

“ဓာတ်ငွေ့ ထုတ်လွှတ်မှုတွင် ကြီးမားသော မညီမျှမှုများကြောင့် ရာသီဥတု မူဝါဒများတွင် ချမ်းသာကြွယ်ဝသော လေထုညစ်ညမ်းမှု ဖြစ်စေသူများကို ပို၍ ပစ်မှတ်ထားသင့်သည် လို့ အကြံပြုထားတယ်” ဟု စာရေးသူက ရေးသားထားပါတယ်။

“ယခုအချိန်အထိ ကာဗွန်ထုတ်လွှတ်မှုနှင့် ပတ်သက်ပြီး အခွန်ဆောင်ခြင်း ကဲ့သို့သော ရာသီဥတု မူဝါဒများသည် ဝင်ငွေနည်းပါး သူများနှင့် အလယ်အလတ်တန်းစား အုပ်စုများကို အချိုးမညီမျှစွာ သက်ရောက်မှုရှိနေပါတယ်” လို့လည်း ရေးသားထားပါတယ်။

ဟုတ်ပါတယ်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့် အကျိုးဆက် ခံစားရသည်မှာ ကမ္ဘာပေါ်ရှိ ဆင်းရဲနွမ်းပါးသူများက အများဆုံးဖြစ်ပြီး မဝေးတော့တဲ့ အနာဂါတ်မှာ ကမ္ဘာကို လူတွေ နေထိုင်နိုင်တဲ့ ဂြိုဟ်တခု အဖြစ် ဆက်ရှိစေဖို့ ဘီလျံနာများအနေဖြင့် ၎င်းတို့၏ အလွန်အကျွံ ကာဗွန်ထုတ်လွှတ်မှုများအပေါ် အမှန်တကယ် တာဝန်ခံမှု ရှိဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *