အာကာသအတွင်း နျူကလီးယား စွမ်းအင်ဖြင့် မောင်းနှင်နိုင်ဖို့ စီမံကိန်း စတင်နေတဲ့ အကြောင်း

Science Tech

၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ အမေရိကန် စစ်ဘက်မှ စဉ်းစားနေခဲ့တဲ့ အာကာသအတွင်း နျူးကလီးယား တွန်းကန် စနစ်ကိုအသုံးပြုဖို့ကို လက်တွေ့ အကောင်အထည် ဖော်နေပါပြီ။

ဒါဟာ အာကာသနှင့် သက်ဆိုင်သည့် နယ်ပယ်အတွင်းမှာ အမေရိကန်၏ ဦးဆောင်နေမှုကို ဆက်လက် ခိုင်မြဲနေစေဖို့ ဖြစ်ပါတယ်။

နျူကလီးယား စွမ်းအင်သုံး အာကာသယာဉ်များကို ဖန်တီး နိုင်ခြင်းအားဖြင့် အမေရိကန်ဟာ တရုတ်နိုင်ငံထက် အာကာသဆိုင်ရာတွင် အားသာမှု ရရှိနိုင်ပြီး အင်္ဂါဂြိုဟ်သို့ ရောက်ရှိဖို့ရာ ၃ လ သို့မဟုတ် ၄ လလောက်သာ အချိန်ယူရမှာ ဖြစ်တယ်လို့ အမေရိကန် အာကာသ အေဂျင် စီက ယူဆထားပါတယ်။

ကာကွယ်ရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု အဖွဲ့ DIU ဟာ နျူကလီးယား စွမ်းအင်သုံး အာကာသယာဉ်၏ ရှေ့ပြေးပုံစံကို တည် ဆောက်နိုင်ဖို့အတွက် ကုမ္ပဏီ ၂ ခုကို ရွေးချယ်လိုက်ပါပြီ။

အဆိုပါ ရှေ့ပြေးပုံစံကို ကုမ္ပဏီ ၂ ခုက ၂၀၂၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးကာ သရုပ်ပြနိုင်ဖို့ မျှော်မှန်းထားပါတယ်။

ရွေးချယ်ခံရသည့် ကုမ္ပဏီ ၂ ခုကတော့ Ultra Safe Nuclear Corp. နှင့် Avalanche Energy Designs တို့ ဖြစ်ကြပြီး အ ဆင့် မြင့် တွန်းကန်စနစ်နှင့် စွမ်းအင် စီမံကိန်းအတွက် အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။

၎င်းတို့ဟာ အသေးစား အာကာသယာဉ်၏ တွန်းကန်စနစ် အတွက် လိုအပ်သည့် အစိတ်အပိုင်းများကို တည်ဆောက်ပေးမှာဖြစ်ပြီး အဆိုပါယာဉ်ဟာ လိုသလို အာကာသထဲတွင် လှုပ်ရှားသွားလာနိုင်ရမှာပါ။

DIU ၏ စီမံကိန်း မန်နေဂျာဖြစ်တဲ့ လေတပ်မှ ဗိုလ်မှူး Ryan Weed က နျူကလီးယား တွန်းကန်စနစ် နည်းပညာဟာ အရပ်ဘက်ကုမ္ပဏီတွေမှာ ရှင်သန်လာပြီး အာကာသအတွင်း စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများနှင့် ပတ်သက်လာပြီလို့ ပြောပါတယ်။

၎င်းက အဆင့်မြင့် နျူကလီးယား နည်းပညာများဟာ အာကာသအတွင်း စစ်ဆင်ရေး အားသာချက်များဖြစ်သည့် အမြန်နှုန်း၊ စွမ်းအင် နှင့် တုန့်ပြန်နိုင်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ ထောက်ပံ့နိုင်မှာ ဖြစ်တယ်လို့ ကြေငြာချက်မှာ ပြောပြခဲ့ပါတယ်။

Image: Courtesy of DARPA

Ultra Safe Nuclear Corp ၏ ဒီဇိုင်းဟာ EmberCore လို့ခေါ်တဲ့ ပြန်လည် အားသွင်းလို့ရတဲ့ ဘတ္တရီကို အခြေခံထားပြီး ၎င်းဟာ အာကာသတွင်း တွန်းကန်စနစ်များတွင် အသုံးချဖို့ သရုပ်ပြသွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ သမားရိုးကျ ပလူတိုနီယမ်သုံး စနစ်ထက် ပိုပြီး စွမ်းအားမြင့်ကာ သက်တမ်းပိုကြာတဲ့ မျိုးဆက်သစ် စနစ်တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Avalanche Energy ၏ ဒီဇိုင်းကတော့ Orbitron လို့ အမည်ပေးထားပြီး အသေးစား အာကာသယာဉ်များအတွက် လိုအပ်သည့် စွမ်းအင်မြင့် တွန်းကန်စနစ်များကို အရွယ်အစား လျှော့ချထားသည့် ဒီဇိုင်း ဖြစ်ပါတယ်။

အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံကိန်း အေဂျင်စီ DARPA နှင့် NASA တို့ဟာလည်း ကမ္ဘာနှင့် လအကြားရှိ cislunar space လို့ခေါ်တဲ့ နေရာအတွင်း သွားလာဖို့အတွက် နျူကလီးယား တွန်းကန်စနစ်တွေကို ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ဆောင် ရွက်နေပါတယ်။

အကြောင်းကတော့ နျူကလီးယား စွမ်းအင်ဟာ ကုန်ကျစရိတ်သက်သာပြီး တွန်းကန်အား ပိုမိုကောင်းမွန်တဲ့ အတွက် ဖြစ်ပါတယ်။

Ultra Safe Nuclear Corp မှ ၎င်းတို့၏ ဒီဇိုင်းအား ပုံဖော်ထားပုံ Image: Courtesy of DIU

ဒါ့အပြင် လျှပ်စစ် သို့မဟုတ် ဓာတု တွန်းကန် စနစ်များထက် အာကာသယာဉ်များ၏ ဦးတည်ရာကို ပြောင်းလဲ လှုပ်ရှား ရာ တွင် ပိုမို လွယ်ကူစေပါတယ်။

ယခုလ အတွင်းမှာ DARPA ၏ Agile Cislunar Operations စီမံကိန်းအတွက် သရုပ်ပြ ရော့ကတ် တည်ဆောက် နေမှုဟာလည်း ဒုတိယ အဆင့်ကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

ဒီရော့ကတ်ဟာ နျူကလီးယား အပူစွမ်းအင်သုံး တွန်းကန်စနစ် ဓာတ်ပေါင်းဖိုနှင့် ၎င်း၏ စနစ်အခွဲများကို သရုပ်ပြဖို့ တည် ဆောက်နေတာ ဖြစ်ပါတယ်။

DARPA ကတော့ အဆိုပါ ရော့ကတ်ဟာ ၂၀၂၆ ခုနှစ်လောက်မှာ တည်ဆောက် ပြီးစီးကာ ပြသနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *