ပင့်ကူတွေ မိုးပေါ်က သန်းနဲ့ချီပြီး ကျဆင်းလာတာမျိုးကို ဩစတေးလျနိုင်ငံမှာ နှစ်စဉ် ဖြစ်ပေါ်တတ်ပြီး ဒါဟာ အထူးအဆန်းတခုတော့ မဟုတ်ပါဘူး။
ဩစတေးလျနိုင်ငံ တောင်ပိုင်းမှာ spider season လို့ခေါ်တဲ့ ပင့်ကူ ရာသီ ဆိုပြီး တရားဝင်ရှိပြီး ခြေထောက် ရှစ်ချောင်းပါ ပင့်ကူတွေနဲ့ ပင့်ကူအိမ်တွေ အများအပြားကို အိမ်ပတ်ဝန်းကျင်တွေမှာ တွေ့ရတတ်ပါတယ်။
ထိုအချိန်ဟာ အပူချိန် မြင့်တက်လာပြီး ပင့်ကူတွေအတွက် အစာပေါများသည့် အချိန် ဖြစ်တဲ့အတွက် ပင့်ကူများ၏ အရေ အတွက်ဟာ သိသိသာသာ မြင့်တက်လာပါတယ်။
အဆိပ်ရှိသည့် ပင့်ကူများစွာ ဩစတေးလျနိုင်ငံတွင် နေထိုင် ကျက်စား ကြပြီး နိုင်ငံ အနှံ့ မျိုးစိတ်ပေါင်း ၁ သောင်း ကျော်လောက် အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
လူအတော် များများက ပင့်ကူတွေကို ကြောက်တတ် ကြပေမယ့် ၎င်းတို့ဟာ မြွေတွေ နဲ့ ပျားတွေလောက်တောင် လူတွေကို အန္တရာယ် မပြုကြပါဘူး။
ပင့်ကူတွေ ပွားများတတ်တဲ့ ရာသီဟာ နွေဦးတွင် စတင်တတ်ပြီး ပိုမို နွေးထွေးတဲ့ လတွေမှာ အကောင် အရေအတွက်ဟာ သိသိသာသာ ပိုမို များပြားလာပါတယ်။

Image: Courtesy of Snopes
၎င်းတို့ဟာ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး ပြန်လည် ကျဆင်းလာတတ်ကာ နှင်းများ ကျသကဲ့သို့ မြင်ကွင်းမျိုးကို ဖြစ်လာစေပါတယ်။
ထိုပင့်ကူများဟာ ပင့်ကူပေါက်လေးတွေ ဖြစ်တယ်လို့ အချို့က ပြောကြပေမယ့် တကယ်တော့ မဟုတ်ပါဘူး။
၎င်းတို့ဟာ အလွန့်အလွန်ကို သေးငယ်ကြတဲ့ sheet-web weaver သို့မဟုတ် money spider အမျိုးအစား ပင့်ကူတွေ ဖြစ်ကြပါတယ် လို့ Royal British Columbia Museum မှ Robb Bennett က ဆိုပါတယ်။
mass ballooning ဖြစ်စဉ်လို့ ခေါ်တဲ့ ပင့်ကူတွေ လေပေါပျံဝဲ ကြတဲ့ ဖြစ်စဉ်ကို ဖြစ်ပေါ်တတ်တာ ဘာ့ကြောင့်လဲ ဆိုတာ က တော့ အခုထိ မရှင်းလင်းသေးပါဘူး။
ပင့်ကူများဟာ ၎င်းတို့ နေထိုင်ရာ နေရာ၏ အမြင့်ဆုံး နေရာသို့ သန်းပေါင်းများစွာ တွားသွားကြပြီး ခြံစည်းရိုးတိုင် သို့မဟုတ် မြင့်မားသည့် အပင်မှ တဆင့် ပိုးမျှင်များကို လွှတ်လိုက်ကာ လေစီးကြောင်း တလျှောက်သွားလာကြပါတယ်။
ဒါဟာ reverse-parachute effect ခေါ် လေထီးရဲ့ ပြောင်းပြန်ပုံစံ သက်ရောက်မှုလို့ ခေါ်ပြီး ၎င်းတို့ကို မြေပြင်ပေါ်ကနေ လေထဲကို ပင့်တင်ပေးနိုင်တာ ဖြစ်တယ်လို့ Bennett က ရှင်းပြပါတယ်။

Image: Courtesy of Modern Arabesque
များသောအားဖြင့် လေထဲသို့ ရောက်သွားသည့် ပင့်ကူအများအပြားဟာ ၎င်းတို့ကို စားသုံးသည့် တိရိစ္ဆာန်များနှင့် ပြင်းထန်သည့် ရာသီဥတုကြောင့် ဘဝကုန်ဆုံး သွားကြပါတယ်။
အဲဒီ့အထဲမှ အနည်းငယ်လောက်သာ ရှင်သန်ပြီး ၎င်းတို့ရဲ့ အိမ်သစ်မှာ ရှင်သန် နေထိုင် သွားကြပါတယ်။
ယခုလို ဖြစ်စဉ်ဟာ ဩစတေးလျ တနိုင်ငံထဲ ဖြစ်တတ်ဲ့ ဖြစ်စဉ်မဟုတ်ဘဲ Northern Hemisphere ခေါ် အီကွေတာ မြောက်ခြမ်းတွင် ဖြစ်လေ့ ဖြစ်ထရှိပြီး အမေရိကန်နှင့် ဗြိတိန်တို့တွင်လည်း တွေ့ရတတ်ပါတယ်။
ဒါပေမယ့် ဩစတေးလျ ပြင်ပနိုင်ငံများမှာ ဒီဖြစ်စဉ် ဖြစ်ပွားမှုဟာ ရှားပါးပြီး ကြုံတောင့်ကြုံခဲသာ မြင်ရတတ်ပါတယ်။
ဒါဟာ သဘာဝရဲ့ အလှအပ တခုဖြစ်ပြီး ဆင့်ကဲဖြစ်စဉ် များစွာ ဖြစ်ပေါ်လာခဲ့တဲ့ ပင့်ကူမျှင်များ၏ နောက်ထက် လုပ်ဆောင်နိုင်စွမ်း တခုလို့ ဆိုရမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 18/9/2022