Apache ရဟတ်ယာဉ်များရဲ့ လွတ်မြောက်နိုင်စွမ်းနဲ့ ပိုမို ကောင်းမွန်လာတဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို အစ္စရေးလုပ် Spike-NLOS တွေက ပေးစွမ်းထားတာပါ။
ဇန်နဝါရီလ ၂၀၂၀ မှာ အမေရိကန် ကြည်းတပ်ဟာ ၎င်းလက်အောက်ရှိ Apache ရဟတ်ယာဉ်များတွင် တပ်ဆင်မည့် ဒုံးကျည်သစ် မရှိသေးခင် အစ္စရေး ကုမ္ပဏီ Rafael ၏ Spike-NLOS ကို ကြားဖြတ် အသုံးပြုဖို့ ရွေးချယ်ခဲ့တာပါ။
အမေရိကန် ကြည်းတပ်ဟာ လာမယ့် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်၏ နောက်ဆုံး ၃ လပတ်မှာ ဝေဟင်မှ တိကျစွာ ပစ်လွှတ် တိုက်ခိုက်နိုင်မယ့် တာဝေးပစ် ဒုံးကျည်များကို မှာယူဖို့ ကြိုးစားနေပါတယ်။
၎င်းနှင့်အတူ အမေရိကန်၏ ရဟတ်ယာဉ်သစ်များတွင် အသုံးပြုသွားမှာပါ။ ဖြစ်နိုင်တဲ့ လေယာဉ်သစ်များ အကြောင်းကို “DEFIANT X နှင့် V-280 သို့မဟုတ် အမေရိကန်၏ အနာဂါတ် ရဟတ်ယာဉ်များ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

Spike ဟာ တာဝေးပစ် အထူးစွမ်းရည်အတွက်သာ အသုံးပြုမှာဖြစ်ပြီး Apache များရဲ့ အဓိက လက်နက်များဖြစ်တဲ့ ကုန်ကျစရိတ် သက် သာတဲ့ AGM-114 Hellfire များ (လေဆာ လမ်းညွှန် R မျိုးကွဲနှင့် ရေဒါလမ်းညွှန် L မျိုးကွဲ) နှင့် ကုန်ကျစရိတ်များတဲ့ လမ်းညွှန်စနစ် ၂ မျိုးသုံး AGM-179 JAGM ဒုံးကျည်များ နေရာမှာ အစားထိုးသွားမှာ မဟုတ်ပါဘူး။
အစ္စရေး လုပ် Spike ဒုံးကျည်ကို အသုံးပြုရတဲ့ အကြောင်းကတော့ ဒုံးကျည်သစ် ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ လေကာ များကို ရှောင်ရှားနိုင်ဖို့ အရေးပေါ် အသုံးပြုလိုက်ပုံ ရပါတယ်။
အကြောင်းကတော့ ပင်တဂွန်ဟာ အလားတူ စွမ်းဆောင်ရည် ရနိုင်မယ့် NetFires ဒုံးကျည်များတွင် ဆယ်စုနှစ် တခုစာနှင့် အမေရိကန် ဒေါ်လာ သန်း ၁ ထောင်လောက်ကို ဖြုန်းတီးခဲ့ပြီး အောင်မြင်မှု မရရှိခဲ့ပါဘူး။
ဒါ့ကြောင့် မျိုးဆက် တခုစာလောက် နောက်ကျသွားပြီး နောက် ကြားဖြတ်ကာလတွင် အသုံးပြုနိုင်ဖို့ Spike-NLOS ၂၀၅ လုံးကို ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၄၃ သန်းဖြင့် ကနဦး ဝယ်ယူမှု စတင်ခဲ့ပါတယ်။
အဆိုပါ ဒုံးကျည်များကို အစ္စရေး ကုမ္ပဏီဖြစ်တဲ့ Rafael အကူအညီဖြင့် အလာဘားမား ပြည်နယ် Troy တွင် Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး ကုန်ကျစရိတ်ဟာ တလုံးလျှင် အမေရိကန် ဒေါ်လာ ၂၀၉,၀၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

အစ္စရေးဟာ Spike ဒုံးကျည်များကို ဆီးရီးယားနှင့် အီဂျစ်ရှိ အကြီးစား တင့်ကားများကို တိုက်ခိုက်နိုင်ဖို့ ၁၉၇၀ ခုနှစ်များက စတင် ထုတ် လုပ် ဖို့ လုပ်ဆောင်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှာတော့ ကနဦီး မျိုးကွဲကို စတင် အသုံးပြုခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ အစ္စရေး နည်းပညာရှင်များဟာ Spike ကို ဝေးကွာတဲ့ ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်မယ့် လက်နက်အဖြစ် ပြောင်း လဲ နိုင်မှန်း လေ့လာမိပြီးနောက် Tammuz သို့မဟုတ် Spike-NLOS မျိုးကွဲကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Tammuz သို့မဟုတ် Spike-NLOS ကို နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့ပေမယ့် မူလ Spike ဒုံးကျည်များကိုတော့ မျိုးဆက် ၅ ဆက်အထိ နှင့် မျိုးကွဲပေါင်း များစွာ ထုတ်လုပ်ခဲ့ပြီး အာရှ၊ ဥရောပ နိုင်ငံများသို့ ကြည်း၊ ရေ၊ လေ ဘက်စုံမှ ယာဉ်များတွင် တပ်ဆင် အသုံးပြုနိုင်အောင် ထုတ်လုပ်ပေးခဲ့ပါတယ်။
Spike နှင့် Apache ရဟတ်ယာဉ်
Spike-NLOS ကို Apache ရဟတ်ယာဉ်များတွင် အဓိကအားဖြင့် လေကြောင်း ကာကွယ်ရေးစနစ်များနှင့် ၎င်းတို့မှ ကာကွယ်ပေးထားသည့် ပစ်မှတ်များကို တိုက်ခိုက်နိုင်ရန် အသုံးပြုမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် Spike ဟာ မိုင် ၂၀ အကွာအဝေးမှ ပစ်ခတ်နိုင်လို့ ၁၀ မိုင်လောက်သာ ကာကွယ်နိုင်တဲ့ ရုရှားလုပ် Tor-M2 သို့မဟုတ် တရုတ်လုပ် HQ-17 လေကြောင်းကာကွယ်ရေး စနစ်များကို မှုစရာ လိုမှာ မဟုတ်တော့ပါဘူး။
အလားတူ နောက်ပိုင်းထွက်ရှိထားသည့် ရုရှားလုပ် Pantsir-S များဟာလည်း (S1 ဟာ ၁၂ မိုင်၊ S1M ဟာ ၁၈ မိုင်၊ SM ၂၄ မိုင်) အကြီး အ ကျယ် မခြိမ်းခြောက်နိုင်ပါဘူး။

အဲဒီ့အတွက် သေချာတာတခုက အမေရိကန်ဟာ အဆိုပါ Pantsir S လေကာစနစ်များကို လက်တွေ့ စမ်းသပ်ပြီးလောက်ပြီ ဆိုတာပါပဲ။
အကြောင်းကတော့ ၂၀၂၀ ဇွန်လ လောက်က လစ်ဗျား စစ်မြေပြင်တွင် ဖမ်းဆီးရရှိခဲ့သည့် Pantsir S လေကြောင်းကာကွယ်ရေး စနစ်ကို အမေရိကန်သို့ သယ်ယူသွားခဲ့လို့ ဖြစ်ပါတယ်။
Pantsir-S1 မှာ 57E-series လမ်းညွှန်မစ်ဇိုင်း ၆ လုံးတပ်ဆင်ထားသည့်အပြင် ၃၀ မီလီမီတာ ရှိတဲ့ ဝေဟင်ရော မြေပြင် အတွက် ရောပါ အသုံးပြုနိုင်တဲ့ စက်အမြောက် ၂ လက်လဲ ပါရှိပါတယ်။
Apache ရဟတ်ယာဉ်၏ နောက်ထပ် အားသာချက်တခုမှ ၎င်း၏ ထိုးထွက်နေသည့် ရေဒါကို တောင်ထိပ်စွန်း သို့မဟုတ် သစ်ပင်စွန်းလေးမှ ဖော်ကာ ကိုယ်ထည်တခုလုံး ထွက်စရာမလိုဘဲ ထောက်လှမ်းကာ တိုက်ခိုက်နိုင်ပါတယ်။
၂၀၁၉ ခုနှစ် အရီဇိုးနားပြည်နယ် Yuma တွင် ပြုလုပ်ခဲ့သည့် စမ်းသပ်မှုဟာ ရုရှားလုပ် Pantsir များကို အဓိကထား တိုက်ခိုက်ရန်ဖြစ်ပြီး ပစ်မှတ်ကို ပေ ၁၆၀၀ လောက်ရှိသည့် တောင်၏ နောက်မှ Spike ဖြင့် ပစ်လွှတ် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ့စမ်းသပ်မှုတွင် ရေဒါ ဖိဖျက်မှုများဖြင့်လည်း စမ်းသပ်ခဲ့ပြီး ဒုံးကျည်ကို လူမှ ထိန်းချုပ်ခြင်း နှင့် နှောင့်ယှက်ခံရပါက ဒုံးကျည် ကိုယ်တိုင်က ပစ်မှတ်ကို lock လုပ်နိုင်စွမ်း ရှိမရှိပါ ပါဝင်ပါတယ်။

စမ်းသပ်မှုတွင် Spike-NLOS များဟာ ကွန်ယက်ချိတ်ဆက်ထားတဲ့ စစ်မြေပြင် တွင် ဒရုန်းနှင့် အခြား မြေပြင်ရှိ တပ်ဖွဲ့များမှ ပေးပို့သည့် အချက်အလက်များ ရရှိမှသာ ထိုကဲ့သို့ ပစ်ခတ်မှုမျိုးကို အောင်မြင်စွာ လုပ်ဆောင်နိုင်မယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
ကံကောင်းတာကတော့ AH-64E Apache မျိုးကွဲ ရဟတ်ယာဉ်များတွင် ဒရုန်းများကို ထိန်းချုပ်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်ထားသည့်အပြင် Spike-NLOS များဟာလည်း အခြား ဒရုန်းကဲ့သို့ ပလတ်ဖောင်းများမှ အချက်အလက်များကို လက်ခံနိုင်သည့် baked-in datalink ကွန်ယက်ချိတ်ဆက်မှု ပါရှိနေတာပဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နောက်ဆက်တွဲ
၂၀၂၁ ခုနှစ်အတွင်းမှာ Spike ဒုံးကျည်များကို ကြည်းတပ်နှင့် လေတပ် ပူးပေါင်း စစ်ဆင်ခြင်းနှင့် သင်္ဘောဖျက် ဒုံးများအဖြစ် အသုံးပြုခြင်းများ တွင် အဓိက စမ်းသပ်ခဲ့ပါတယ်။
အဲဒီ့ စမ်းသပ်မှုများဟာ လက်ရှိ ပစိဖိတ် သမုဒ္ဒရာ အတွင်း တရုတ်နှင့် မဟာဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ ပြိုင်ဆိုင်မှုများ ဖြစ်ပွားနေခြင်းက အစပြုလာတာ ဖြစ်ပါတယ်။
Apache Guardian ဟာ မကြာသေးမီက ပင်လယ်ပြင် တိုက်ခိုက်ရေးအတွက် Increment 6 အဆင့်မြှင့်တင်မှုများ ရရှိထားပြီး ၎င်း၏ AN/APG-78 Longbow ရေဒါ၏ ထိတွေ့နိုင်စွမ်းဟာ ၅ မိုင်မှ ၁၀ မိုင်အထိ ပိုမို ကျယ်ပြန့်လာပြီး ဒရုန်းများနှင့် သင်္ဘောများကို ပိုမိုလွယ်ကူစွာ တိုက်ခိုက်နိုင်တဲ့ ဆော့ဖ်ဝဲ ပါဝင်ပါတယ်။

အနာဂါတ် အတွက်တော့ အမေရိကန် ကြည်းတပ်ဟာ ၂၀၂၂ နှောင်းပိုင်းတွင် ၎င်း၏ ရဟတ်ယာဉ် အမျိုးအစားသစ် ဖြစ်တဲ့ အပေါ့စား တိုက်ခိုက်ရေး နှင့် ကင်းထောက် FARA ရဟတ်ယာဉ်နှင့် အတူ တွဲဖက် အသုံးပြုမည့် တာဝေး တိကျစွာ ပစ်ခတ်နိုင်သည့် ဒုံးကျည်သစ်ကို ထုတ်လုပ်နေပါတယ်။
လက်ရှိမှာတော့ Spike ဟာ ကြားဖြတ်ကာလ အတွက် လိုအပ်တာထက် ကျော်လွန်တဲ့ စွမ်းဆောင်ရည် ရှိနေပြီး ဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။
အမေရိကန်၏ Apache ရဟတ်ယာဉ်များတွင် တာဝေးပစ် ဒုံးကျည်များ လိုအပ်နေကြောင်းကို “Apache ရဟတ်ယာဉ်များအတွက် တာဝေးပစ်ဒုံးကျည်သစ်များ လိုအပ်နေ” ခေါင်းစဉ်ဖြင့် တကြိမ် ဖော်ပြပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။