Rolls-Royce ရိုးရွိုက်စ် ကုမ္ပဏီဟာ ၎င်း၏ လျှပ်စစ်စွမ်းအင်သုံး လေယာဉ် တစင်းကို ပထမဆုံး အနေဖြင့် စမ်းသပ် ပျံသန်းခဲ့ကြောင်း သိရပါတယ်။
အဲဒီ့လေယာဉ်ကို “Spirit of Innovation” လို့ အမည်ပေးထားပြီး ကမ္ဘာ့ လျှပ်စစ်စွမ်းအင်သုံး လေယာဉ်များ အမြန်နှုန်းမှတ်တမ်း တခု ရရှိဖို့ရာအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
လေယာဉ်ဟာ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဌာနပိုင် Boscombe Down site မှ ပျံတက်ခဲ့ပြီး ၁၅ မိနစ်ခန့် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီ၏ ထုတ်ပြန်ကြေငြာချက်တွင် Spirit of Innovation လေယာဉ်၏ ပျံသန်းမှုဟာ ပြင်းထန်သည့် ပျံသန်းမှုစမ်းသပ်ခြင်း အဆင့်၏ အစ ဖြစ်တယ်လို့ ဆိုပါတယ်။
စမ်းသပ်ပျံသန်းမှုတွင် လေယာဉ်၏ လျှပ်စစ်စွမ်းအင် နှင့် တွန်းကန်စနစ်တို့နှင့် သက်ဆိုင်သည့် တန်ဖိုးရှိသော စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း လုပ်ငန်းစဉ်များလည်း ပါဝင်ပါတယ်။
အဆိုပါလေယာဉ်တွင် တပ်ဖူးသမျှ လေယာဉ်သုံး ဘက်ထရီများတွင် စွမ်းအား သိပ်သည်းမှု အများဆုံး ဘက်ထရီများကို တပ်ဆင်ပေးထားပြီး ၄၀၀ ကီလိုဝပ် (မြင်းကောင်ရေ ၅၀၀ အထက်) လောက် ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

စွမ်းအင်အပြည့်ဖြင့် Spirit of Innovation လေယာဉ်ဟာ ပျံသန်းမှု အမြန်နှုန်း တနာရီလျှင် ၃၀၀ မိုင် (၄၈၀ ကီလိုမီတာ) ကျော်ဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။
ရိုးရွိုက်စ် ၏ ဆန်းသစ်သည့် ဒီလေယာဉ်သစ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ပျံသန်းမှုများအတွက် ကြီးမားသည့် ခြေလှမ်းကို ပြသနေပါတယ်။
အောင်မြင်မှုနှင့် ကျွန်တော်တို့ မျှော်လင့်ထားတဲ့ မှတ်တမ်းတွေက ဗြိတိန်ဟာ လေကြောင်း တီထွင်ဆန်းသစ်မှုရဲ့ ရှေ့တန်းမှာ ရှိနေသေးတယ်ဆိုတာကို ပြသနေတယ် လို့ စီးပွားရေးဆိုင်ရာ အတွင်းရေးမှူး Kwasi Kwarteng က ပြောကြားခဲ့ပါတယ်။

ဒီလျှပ်စစ်လေယာဉ်ဟာ ACCEL လို့ခေါ်တဲ့ လေယာဉ်များတွင် လျှပ်စစ်စွမ်းအင် အသုံးပြုဖို့ အရှိန်မြှင့်တင်ခြင်း စီမံကိန်း၏ ရလဒ်တခုဖြစ်ပြီး မော်တာ၊ ထိန်းချုပ်ရေးကိရိယာများ နှင့် လျှပ်စစ်လေယာဉ်များ ထုတ်လုပ်သည့် ကုမ္ပဏီ YASA ဟာ အဓိက ပူးပေါင်းပါဝင်ခဲ့ပါတယ်။
စီမံကိန်း ကုန်ကျစရိတ်၏ တဝက်ကို လေကြောင်းနည်းပညာအင်စတီကျုမှ ဗြိတိန် အစိုးရ၏ စီးပွားရေးဌာန၊ စွမ်းအင်နှင့် စက်မှု မဟာ ဗျူဟာနှင့် တီထွင်ဖန်တီးမှု ဌာန များနှင့် ပူးပေါင်းပြီး ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

“Spirit of Innovation” ကို သရုပ်ပြခဲ့တဲ့ ပထမဆုံး ပျံသန်းမှုဟာ ကမ္ဘာ့အကြီးဆုံး စိန်ခေါ်မှုများကို ဘယ်လိုဖြေရှင်းပေးနိုင်မယ် ဆိုတာကို ပြသနေပါတယ် လို့ လေကြောင်း နည်းပညာ အင်စတီကျု၏ CEO ဖြစ်တဲ့ Gary Elliott က ပြောပါတယ်။
ဒါ့အပြင် ၎င်းမှ ဆက်ပြီး လေကြောင်းနည်းပညာ အင်စတီကျူဟာ ACCEL ကဲ့သို့ လေကြောင်း ကာဗွန် ကင်းစင်ရေး စီမံကိန်းများကို ဗြိတိန်မှ ဦးဆောင်နိုင်ရန် ထောက်ပံ့ပေးနေကြောင်း

COP26 ခေါ် ကုလသမဂ္ဂ၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဖရန့်ကို လက်ခံကျင်းပမည့် ယခုနှစ်အတွင်းတွင် ACCEL စီမံကိန်းအား လက်တွေ့အကောင်အထည်ခဲ့သည့် ပါဝင်သူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ရိုးရွိုက်စ် ကုမ္ပဏီ နှင့် လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ Tecnam တို့ဟာ လျှပ်စစ်စွမ်းအင်သုံး လေယာဉ်များ အတွက် လေကြောင်းလိုင်း Widerøe နှင့် ပူးပေါင်းဆောင်ရွက်နေပါတယ်။
နော်ဝေပိုင် Widerøe လေကြောင်းလိုင်းဟာ စကန်ဒီနေးဗီးယား ဒေသ (ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ အိုက်စ်လန်)တွင် အကြီးဆုံးဖြစ်ပြီး အပြည့်အဝ လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင် လေယာဉ်များကို ၂၀၂၆ ခုနှစ်မှာ စတင် ပျံသန်း ပြေးဆွဲနိုင်မယ်လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။