အမေရိကန်၏ လျှို့ဝှက်ထားဖွယ်ရှိတဲ့ အသံထက် ၆ ဆ မြန် SR-72 Dark Star လေယာဉ်

Article Military

Lockheed Martin မှထုတ်လုပ်ခဲ့တဲ့ ကမ္ဘာကျော် SR-71 Blackbird ဟာ အမေရိကန်လေတပ်အတွက်ရော NASA အတွက်ပါ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး မဟာဗျူဟာမြောက် ထောက်လှမ်းရေးဂျက်လေယာဉ်ဖြစ်ခဲ့ပါတယ်။

အမြင့်ပေ ၈ သောင်းခွဲလောက်မှာ အမြန်နှုန်း အသံထက် ၃.၂ ဆလောက်နှင့် ရန်သူ့လေကြောင်းရန် ကာကွယ်ရေးမှန်သမျှကို ရှောင်ရှား နိုင်စွမ်း ရှိခဲ့ပြီး အဲဒီ့တုန်းက ဆိုဗီယက်တွေရဲ့ အမြန်ဆုံး ကြားဖျက် တိုက်လေယာဉ် ဖြစ်တဲ့ MiG-25 တွေ ထက်တောင်မြန်ပါတယ်။

လေတပ်တွင် ၁၉၆၀ နှစ်များမှ စပြီး အနားယူသွားတဲ့ ၁၉၉၈ ကာလအထိ (NASA တွင် ၁၉၉၉) တာဝန် ထမ်းဆောင် နေချိန်တစ်လျှောက်လုံး တစ်ခါမှ ပစ်ချခြင်း မခံခဲ့ရပါဘူး။

မြောက်ကိုရီးယား၊ တရုတ်၊ လာအို၊ ဗီယက်နမ် အပါအဝင် ကမ္ဘာအနှံ့တွင် စစ်ဆင်ရေးပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်သူ့နယ်မြေရှိ လေကြောင်းကာကွယ်ရေးစနစ်များနှင့် ကြားဖြတ်တိုက်လေယာဉ်များကို မထီမဲ့မြင်ပြုလုပ်ခဲ့တဲ့ SR-71 ရဲ့နောက်မျိုးဆက်ကို များမကြာ မီ တွေ့ရနိုင်ဖွယ်ရှိပါတယ်။

SR-71 Blackbird

SR-72 စီမံကိန်းဟာ တကယ်လား

“Son of the Blackbird” လို့ ခေါ်တဲ့ SR-71 ၏ နောက်မျိုးဆက် လေယာဉ်ဖြစ်တဲ့ SR-72 Dark Star ဟာ တကယ့် အစစ် အမှန် စီမံကိန်းတခု ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ Lockheed Martin မှ SR-71 ၏ နောက်မျိုးဆက် လေယာဉ် တည်ဆောက်ဖို့ စတင်နေပြီလို့ မီဒီယာများတွင် ဖော်ပြခဲ့ပြီး ယခုဆိုရင် ဆယ်စုနှစ် တခုစာ ရှိပါတော့မယ်။

ဒီလေယာဉ်သစ်ဟာ တစ်နာရီကို မိုင် ၂၂၀၀ လောက် ပျံသန်းနိုင်တဲ့ SR-71 ထက်ပိုပြီး တစ်နာရီကို မိုင် ၄၅၀၀ ကျော် (အသံ ထက် ၆ ဆ) လောက်အထိ ပျံသန်းနိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။

၎င်းတွင် Dual-mode ramjet ခေါ် scramjet အင်ဂျင်ကို တပ်ဆင်ထားမှာ ဖြစ်ပြီး အသံထက် ၆ ဆလောက် မြန်မှာ ဖြစ်လို့ SR-71 ထက်တောင် ၂ ဆ ပိုမြန်မှာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူများကတော့ ဒီလေယာဉ်ဟာ ကမ္ဘာပေါ်ရှိ မည်သည့် နေရာမဆို တစ်နာရီအတွင်း ရောက်နိုင်မယ် လို့ ခန်မှန်းထားပါတယ်။

Image: Courtesy of Lockheed Martin

ဗုံးကြဲလေယာဉ် ဖြစ်လာနိုင်သလား

SR-72 ကို ယခင်က SR-71 Blackbird များကဲ့သို့ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း နှင့် ကင်းထောက်ခြင်း ခေါ် ISR စစ်ဆင်ရေးများအတွက် အသုံးပြုဖို့ စီစဉ်ခဲ့တာပါ။

ဒါပေမယ့် Lockheed ဟာ ဒီလေယာဉ်ကို ထောက်လှမ်းရေး တာဝန်များသာမက တိုက်ခိုက်ရေး တာဝန်များပါ ဆောင်ရွက်နိုင်တဲ့ လေယာဉ်အဖြစ် တည်ဆောက်ချင်တယ်လို့ ယခင်က ပြောဆိုဖူးပါတယ်။

SR-72 လေယာဉ်များဟာ အာကာသအစွန်းမှ အထိ တက်ရောက်နိုင်ဖွယ်ရှိပြီး တိုက်ခိုက်ရေးအတွက်ပါ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။

အမေရိကန်ဟာ လက်ရှိတွင် B-21 များကို ထုတ်လုပ်လျှက်ရှိနေပြီး SR-72 များဟာ ဗုံးကြဲလေယာဉ် ဖြစ်လာ နိုင်ဖို့ ဆိုတာ လွယ်တော့ မလွယ်ကူပါဘူး။

ဒါပေမယ့် အသံထက် ၆ ဆ မြန်သည့် အမြန်နှုန်းဟာ ရေဒါပျောက် နည်းပညာမဟုတ်တဲ့ ပိုပြီး ကောင်းမွန်သည့် အခြေအနေ တခု ဖြစ်ပြီး လေကြောင်းရန် ကာကွယ်ရေး စနစ်များမှ တားဆီးနိုင်ဖို့ ခက်ခဲပါတယ်။

Image: Courtesy of Lockheed Martin

လက်ရှိအချိန်မှာတော့ Lockheed Martin ရဲ့ အထူး နည်းပညာများကို ထုတ်လုပ်ပေးတဲ့ Skunk Works ဌာနမှ SR-72 နှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။

ယခင်က သတင်းများအရ SR-72 ဟာ F-22 အရွယ်အစားလောက် ရှိမှာဖြစ်ပြီး ကုန်ကျစရိတ် တစ်စီးကို ဒေါ်လာ ၁ ဘီလီယံထက် နည်းမယ်လို့ သိရပါတယ်။

မောင်းသူမဲ့လေယာဉ် ဖြစ်လာနိုင်သလား

၂၀၁၈ ခုနှစ်ကတော့ Palmdale ရှိ အမေရိကန် လေတပ်၏ စက်ရုံ အနီးတွင် မောင်းသူမဲ့ လေယာဉ် အသေးစား တစင်းတော့ စမ်းသပ် ပျံသန်း နိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ဒီလေယာဉ်ဟာ မောင်းသူမဲ့ Hypersonic လေယာဉ် တစ်စီး ဖြစ်ကောင်း ဖြစ်လာ နိုင်ပါသေးတယ်။

အမေရိကန်ဟာ North American X-15 လေယာဉ်တွင် ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် လူလိုက်ပါ စမ်းသပ်ဖူးတာကြောင့် လူကိုယ်တိုင် မောင်းနှင်သည့် ဟိုက်ပါဆိုးနစ် လေယာဉ်တစင်း ဖြစ်လာဖို့ အလားအလာ ပိုများပါတယ်။

ကျွမ်းကျင်သူအချို့ကတော့ အမေရိကန် လေတပ်ဟာ B-21 Raider များကို အာရုံစိုက်နေတဲ့ အတွက် SR-72 လေယာဉ်ဟာ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်သာ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေ ကြပါတယ်။

SR-72

SR-72 နှင့် ပတ်သက်သမျှဟာ လက်ရှိအချိန်အထိ မေးခွန်းပေါင်း များစွာ ရှိနေဆဲ ဖြစ်ပြီး အလွန် တိုးတက်လာတဲ့ စစ်ဘက် ဆိုင်ရာ နည်းပညာများကြောင့် ဒီလေယာဉ်ကို လျှို့ဝှက်ထားဖွယ် ရှိနေပါတယ်။

SR-71 Blackbird များ အနားယူသွားသည်မှာ ဆယ်စုနှစ် ၂ ခုကျော် ရှိနေပြီ ဖြစ်လို့ ၎င်းတို့ကို အစားထိုးဖို့အတွက် စီမံကိန်း ဟာ လွန်ခဲ့သည့် နှစ်တော်တော်များများက စတင်ပြီး ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

တရားဝင် အားဖြင့်တော့ နိုဝင်ဘာ ၂၀၁၈ မှာ Lockheed Martin က SR-72 ရဲ့ ရှေ့ပြေးပုံစံကို ၂၀၂၅ မှာ ပျံသန်းလိမ့်မယ် လို့ ကြေညာခဲ့ပါတယ်။

SR-72 များကို တိုက်ခိုက်ရေးအတွက် အသုံးပြုလာပါက ၎င်းကို ကာကွယ်နိုင်မည့် နည်းပညာ မည်သည့် နိုင်ငံကမှ မရှိသေး တာကတော့ အသေအချာပါပဲ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *