SpaceX ကုမ္ပဏီပိုင်ရှင် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Elon Musk ၏ Starlink အင်တာနက်ဟာ ဖိလစ်ပိုင်မှာ ပထမဆုံး အသုံးပြုနိုင်တော့မှာပါ။
ဒီအကြောင်းကို ယနေ့ မတ်လ ၃၁ ရက် ၂၀၂၂ ခုနှစ် မှာ ဖိလစ်ပိုင် အစိုးရက ကြေငြာခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှတွင် Starlink အင်တာနက်ကို သုံးစွဲနိုင်မည့် ပထမဆုံး နိုင်ငံ တနိုင်ငံ ဖြစ်လာပြီ ဖြစ်ပါတယ်။
ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၏ ကြေငြာချက်တွင် “မှတ်ပုံတင်နိုင်ဖို့ အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင် နေပါပြီ” လို့ ဖော်ပြခဲ့ပါတယ်။
ဖိလစ်ပိုင်ဘက်ကတော့ SpaceX ရဲ့ အင်တာနက်ဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေအတွက် အလွန်အကျိုးကျေးဇူး ရရှိစေမှာဖြစ်ပြီး အင်တာနက် အမြန်နှုန်းလည်း ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။

SpaceX ဟာ လက်ရှိတွင် ၎င်းတို့ ရာနှုန်းပြည့် ပိုင်ဆိုင်သည့် လုပ်ငန်းခွဲဖြစ်လာမယ့် ဒေသတွင်း ဖိလစ်ပိုင် အဖွဲ့အစည်းတခုကို ထူထောင်နေပါတယ်။
အဲဒီ့နောက်မှာတော့ ပထမအဆင့် အနေဖြင့် အင်တာနက်ကို gateway ၃ ခုဖြင့် စတင် ရရှိအောင် လုပ်ဆောင်သွားမှာပါ။
ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၏အဆို အရ SpaceX ဟာ ဖိလစ်ပိုင် နိုင်ငံ၏ တိုးပွားလာသည့် သုံးစွဲသူများနှင့် ပတ် သက်ပြီး အကောင်းမြင်ထားကာ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်ရာတွင် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင် လက်မှတ်ရေးထိုးတာဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။
ဥပဒေသစ်ဟာ နိုင်ငံတွင်းရှိ အဓိက စက်မှု လုပ်ငန်းများ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အပြည့်အဝ ပိုင်ဆိုင်ခွင့် ပေးထားတာဖြစ်တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာရန် တွန်းအားပေးနေပါတယ်။
SpaceX ဟာ ဖိလစ်ပိုင်နိုင်ငံသို့ ၎င်း၏ Starlink နှင့်အတူ ဝင်ရောက်လာခြင်းဟာ ဂြိုဟ်တု Broadband ဝန်ဆောင်မှုတွင် ပြိုင်ဘက်များထက် ခြေတလှမ်း ပိုလှမ်းလိုက်တာပါ။

ကျေးလက်ဒေသနှင့် ဝေးလံခေါင်သီသည့် နေရာများတွင်ပါ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဖိလစ်ပိုင်လို ဖွံ့ဖြိုးဆဲ နိုင်ငံ တနိုင်ငံအတွက်လည်း အလှည့်အပြောင်းတခု ဖြစ်ပါတယ်။
တခုသော စိန်ခေါ်မှုကတော့ ပြည်တွင်း၌ ရှိနေပြီးသော ဂြိုဟ်တု ဆက်သွယ်ရေး မဟုတ်သည့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများနှင့် ယှဉ်ပြိုင်ရမှာပါ။
အမေရိကန် ရင်းနှီးမြှုပ်နှံမှု မစ်ရှင်တခု အပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ကတည်းက ဖိလစ်ပိုင် အစိုးရနှင့် SpaceX အကြား ဆွေးနွေးတွေ ရှိနေခဲ့တာပါ။
အဲဒီ့နောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ကို ပြင်ဆင်ရန် လက်မှတ်ရေးထိုးပြီးနောက်မှာတော့ မတ်လအစောပိုင်းတွင် အွန်လိုင်း အစည်းအဝေးများ မကြာခဏ လုပ်ဆောင်ခဲ့ပါတယ်။

အမှီအခိုကင်းသည့် ICT ဆိုင်ရာ မူဝါဒ လေ့လာသုံးသပ်သူနှင့် Better Internet PH ကို ဦးဆောင်သူဖြစ်တဲ့ Grace Mirandilla-Santos ကတော့
“ဖိလစ်ပိုင်နိုင်ငံကို Starlink ဝန်ဆောင်မှု ရောက်ရှိလာတာဟာ ဖိလစ်ပိုင်အနေဖြင့် အင်တာနက် ချိတ်ဆက်ဖို့ အတွက် ပိုမိုကောင်းမွန်ပြီး အခြား ရွေးချယ်စရာ နည်းလမ်းများအတွက် ရေရှည် တည်တံ့သည့် ဝယ်လိုအားတခု ရှိနေတာကို ကမ္ဘာကြီးကို အပြုသဘောဆောင်တဲ့ သတင်းတခု ပေးလိုက်တာ ဖြစ်တယ်” လို့ ပြောပါတယ်။
SpaceX ၏ Starlink ဖြင့် မကြာသေးခင်ကဘဲ ယူကရိန်းနိုင်ငံကို ဂြိုဟ်တု အင်တာနက် စနစ်များ ထောက်ပံ့ ပေးခဲ့ပါသေးတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။