ကမ္ဘာ့ ပတ်လမ်းအတွင်းမှာ ရှိတဲ့ SpaceX ၏ Starlink ဂြိုဟ်တုများဟာ လာမယ့် တနှစ်ခွဲလောက် အတွင်းမှာ ၂ ဆ အထိ ဖြစ်လာမယ်လို့ Elon Musk က ပြောထားပါတယ်။
SpaceX ၏ CEO ဖြစ်တဲ့ Musk ဟာ အဆိုပါ အကြောင်းကို Twitter မှာ မတ်လ အတွင်းကတည်းက ကြေငြာထားပြီး ဖြစ်ပါတယ်။
၎င်းက မတ်လ ၃၀ ရက်နေ့မှာ Starlink ဂြိုဟ်တုပေါင်း ၄,၂၀၀ ကျော်အထိ ၁၈ လအတွင်း ပတ်လမ်းထဲတွင် ရှိလာမှာ ဖြစ်ပြီး ဒါဟာ ကမ္ဘာပေါ်မှ လွှတ်တင်ထားတဲ့ အလုပ်လုပ်နေဆဲ ဂြိုဟ်တုများ၏ ၃ ပုံ ၂ ပုံအထိ ရှိလာမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ Falcon 9 ဒုံးပျံ အစင်း ၆၀ အထိ လွှတ်တင်ဖို့ စီစဉ်ထားတဲ့ SpaceX
Musk တွက်ချက်ထားသလို ဖြစ်လာပါက Starlink ၏ များပြားလှတဲ့ ဂြိုဟ်တုများဟာ ၁၈ လအတွင်းမှာ တကယ်ကို ကမ္ဘာ့ ဂြိုဟ်တုများ၏ တဝက်ကျော် ဖြစ်လာမှာပါ။
ရည်ရွယ်ချက်ကတော့ SpaceX ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူများအတွက် ဂြိုဟ်တု အင်တာနက် စနစ်ကို ပိုမို ထောက်ပံ့ နိုင်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်း၏ ဂြိုဟ်တု အင်တာနက် စနစ်၏ အရည်အသွေးနှင့် အမြန်နှုန်းဟာလည်း တိုးတက်လာမှာပါ။
ယခုလို ဖြစ်လာစေဖို့အတွက် SpaceX ကုမ္ပဏီအနေဖြင့် Starlink မစ်ရှင်များကို ပုံမှန် တိုးတက်အောင် အဆက်မပြတ် လုပ် ဆောင်နေရမှာ ဖြစ်ပါတယ်။
Falcon 9 ဒုံးပျံများဟာ ပြန်လည် အသုံးပြု နိုင်သည့်အတွက် အခြား ဂြိုဟ်တု လွှတ်တင်မှုများနှင့် မတူဘဲ ကုန်ကျစရိတ်နှင့် အချိန်ကို များစွာ သက်သာစေပါတယ်။
ယခုလို Starlink ၏ အောင်မြင်မှုများကြောင့် SpaceX ဟာ Mars-bound Starship ပစ်လွှတ်ယာဉ်၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် လုံလောက်တဲ့ ဘတ်ဂျက်လဲ ရရှိနေပါပြီ။
ဒါ့ကြောင့် အဆိုပါ ယာဉ်ကို ကမ္ဘာ့ပတ်လမ်းထဲသို့ ပထမဆုံး အနေဖြင့် ယခုနှစ် မေလ အတွင်းမှာ လွှတ်တင်နိုင်ဖွယ် ရှိပါတယ်။

NASA ၏ ကြီးမားလှတဲ့ Starlink ဂြိုဟ်တုများ အပေါ် သတိပေးထားမှု
SpaceX ၏ Starlink ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှုဟာ ကမ္ဘာအနှံ့အတွင် သုံးစွဲသူ ၂၅၀,၀၀၀ လောက်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။
လက်ရှိတွင် Starlink အင်တာနက်၏ အမြန်နှုန်းနှင့် latency ဟာ ပိုမို ကောင်းမွန် လာပြီး အမေရိကန်တွင် အသုံးပြု နေသူ များကို အမြန်နှုန်း 100Mbps အထိ ထောက်ပံ့ပေးနေပါတယ်။
ဒီလို ကမ္ဘာအနှံ့ အင်တာနက် ထောက်ပံ့ပေးနိုင်သည့်အတွက် ယူကရိန်း အရပ်သားများနှင့် စစ်ဘက်ကိုလည်း ဆက်သွယ်ရေး ကဏ္ဍ အဆက်မပြတ်အောင် ဖန်တီးပေးထားနိုင်ပါတယ်။
Starlink ဂြိုဟ်တုများဟာ အင်တာနက်ကို လုံခြုံမှု အပြည့်အဝဖြင့် ထောက်ပံ့ ပေးနိုင်ကြောင်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက် နေ့က အီလက်ထရွန်းနစ် လှိုင်းဖိဖျက် တိုက် ခိုက်မှုများနှင့် ဟက်ကာများ၏ တိုက်ခိုက်မှုများ အားလုံးကို တွန်းလှန်နိုင်ခဲ့ခြင်းက သက်သေပြပြီးလည်း ဖြစ်ပါတယ်။

ဒီအကြောင်းကို “ရုရှား၏ အီလက်ထရွန်းနစ် တိုက်ခိုက်မှုကို အံ့အားသင့်ဖွယ် တန်ပြန်နိုင်သည့် Elon Musk ၏ Starlink” အ သေးစိတ် ဖော်ပြပြီး ဖြစ်ပါတယ်။
များပြားလှတဲ့ ဂြိုဟ်တုများဟာ တကမ္ဘာလုံးကို ကောင်းမွန်တဲ့ အင်တာနက်ကို ပေးစွမ်းနိုင်ပေမယ့် အခြား ပြဿနာတွေတော့ ရှိပါတယ်။
အဲဒါကတော့ နက္ခတ္တဗေဒ ပညာရှင်များအတွက် ကမ္ဘာပေါ်မှာ အာကာသထဲသို့ လေ့လာရာမှာ Starlink ဂြိုဟ်တုများကြောင့် အနှောင့်အယှက်တွေ ဖြစ်စေတယ်လို့ NASA က သတိပေးထားတာပါ။
SpaceX ဟာ ပထမဆုံး Starlink ကို လွှတ်တင်သည့် ၂၀၁၉ ခုနှစ် မေလမှ စပြီး ယခု အချိန် အထိ ဂြိုဟ်တုပေါင်း ၂ ထောင်လောက် လွှတ်တင်ပြီး ဖြစ်ပါတယ်။

အဲဒီ့အထဲမှ ၁,၆၀၀ လောက်ဟာ ကောင်းမွန်စွာ အလုပ်လုပ်နေပြီ ဖြစ်ပြီး ကုမ္ပဏီဟာ ဂြိုဟ်တုပေါင်း ၁၂,၀၀၀ လောက်အထိ လွှတ်တင်ဖို့ FCC ကို ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလောက်နဲ့ ရပ်မသွားဘဲ လက်ရှိမှာ ကမ္ဘာပတ်လမ်းထဲကို ဂြိုဟ်တုပေါင်း ၃ သောင်းလောက်အထိ လွှတ်တင်နိုင်ဖို့ ထပ်မံ ခွင့်ပြုချက် တောင်းခံထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။