၁၉၈၇ ခုနှစ်က မင်းသား အာနိုး သရုပ်ဆောင်ခဲ့သည့် Predator ဇာတ်ကားထဲမှ ဂြိုဟ်သား ဝတ်ဆင်ထားတဲ့ ကိုယ်ပျောက်ဝတ်စုံကို ကြည့်ဖူးသူများ သတိရကြမှာပါ။
ဒီဇာတ်ကားထဲမှာ အာနိုးဟာ ဂြိုဟ်သားဟာ အပူရှာဖွေစနစ်နှင့် ရှာဖွေနိုင်သောကြောင့် ရွံ့နွံထဲမှာ ပုန်းပြီး ဂြိုဟ်သားကို အနိုင်ယူခဲ့တာပါ။
ဒါဟာ ဂြိုဟ်သားရဲ့ အပူရှာဖွေစနစ်ရဲ့ အားနည်းချက်ကြောင့် အာနိုးက အနိုင်ယူသွားနိုင်တာပါ။
တိုးတက်လာသည့် နည်းပညာများနှင့် အတူ အမေရိကန်ကြည်းတပ်ဟာ စစ်သည်များအတွက် ဒီလို ကိုယ်ပျောက် ဝတ်စုံမျိုးတော့ လိုချင်တာမဟုတ်ပါဘူး။
လိုချင်တာက လျှပ်စစ်သံလိုက်လှိုင်းတွေကို ရှောင်ရှားနိုင်ပြီး ရေဒါတွေကနေ မမြင်တွေ့နိုင်တဲ့ ဝတ်စုံမျိုးပါ။

စစ်ရေး ကျွမ်းကျင်သူများက ရေဒါတွေဟာ မြေပြင် စစ်ပွဲမှာ အရေးပါလာပြီးတော့ ပုံးကွယ်ဖို့ရာ ခက်ခဲလာပါတယ်။
ဒါ့ကြောင့် အမေရိကန် ကြည်းတပ်ဟာ ရေဒါမှာ မြင်ရနိုင်မယ့် ဝတ်စုံတွေအစား ရေဒါလှိုင်းတွေကို စုပ်ယူနိုင်မယ့် ဝတ်စုံများကို အလိုရှိနေတာပါ။
ရေဒါလှိုင်းစုပ်ယူမှုနှင့် ကာကွယ်မှု ပြုလုပ်နိုင်တဲ့ နည်းပညာဟာ မကြာသေးမီက အီလက်ထရောနစ် စစ်ပွဲ စနစ်များနှင့် ရန်သူရှာဖွေခြင်းနည်းပညာများ တိုးတက်လာပြီးနောက် စိတ်ဝင်စားမှုမြင့်တက်လာပါတယ်။
အထူးသဖြင့် ခြေလျင် စစ်သားတွေဟာ ဒီလို ရေဒါတွေရဲ့ အန္တရာယ်ကို နီးကပ်စွာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အဆင့်မြှင့်ထားတဲ့ စစ်မြေပြင် ရှာဖွေရေးရေဒါ Advanced battlefield and ground surveillance radar (BSR/GSR) တွေဟာ ရွှေ့ပြောင်းရလွယ်ကူပြီး အလိုအလျှောက် ကျယ်ပြန်တဲ့ဧရိယာကို စောင့်ကြည့်ပေးနိုင်ပါတယ်။

ဒီရေဒါတွေဟာ ကမ္ဘာ့လက်နက် ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်နှင့် နိုင်ငံတော်တော်များများမှ ဝယ်ယူနိုင်နေပါပြီ ဖြစ် ပါတယ်။။
ရေဒါပျောက်စေတဲ့ ပစ္စည်းတွေဟာ ရှိပြီးသား ဖြစ်ပေမယ့် ဒီလို ခြေလျင် စစ်သားတွေ အတွက်တော့ မရရှိနိုင်သေးပါဘူး။
Radar Absorbing Material (RAM) ရေဒါစုပ်ယူပစ္စည်းများထဲမှ Ku နှင့် X ကြိမ်နှုန်း တို့ကို စုပ်ယူနိုင်တဲ့ အဝတ်စမျိုးကို ကြည်းတပ်က အလိုရှိနေပါတယ်။
ဒီလိုအသားမျိုးကို ထုတ်ပေးမယ့် ကုမ္ပဏီဟာ အကြမ်းခံ၊ ဆွဲနိုင်ဆန့်နိုင်၊ အသက်ရှူလို့အဆင့်ပြေနိုင်တဲ့ အနေအထား နှင့် ရှေ့ပြေးပုံစံကို သရုပ်ပြဖို့ ထုတ်လုပ်နိုင်ရမှာဖြစ်ပြီး X နှင့် Ku ကြိမ်နှုန်းနှင့် ၇ မိုင်ခွဲလောက်အကွာမှာ စမ်းသပ်ပေးရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဝတ်စုံဟာ အနှုတ် ၃၀ ဒီဂရီမှ ၁၂၅ ဒီဂရီအတွင်း အပျက်အစီးမရှိစေဘဲ စိုထိုင်းပြီး စွတ်စိုတဲ့ ရာသီဥတုမှာပါ အဆင် ပြေရမှာပါ။

Sputnik သတင်းဌာနအဆိုအရ ရုရှားတို့ဟာ ဒီလို အစမျိုး ထုတ်လုပ်ထားပြီးဖြစ်ပြီး ဝတ်ဆင်ထားတဲ့စစ်သည်များကို ရေဒါမှာ ဖမ်းယူနိုင်ခြေလျှော့ ချနိုင်ဖို့ ကတိပေးထားတယ်လို့သိရပါတယ်။
အဆိုပါ ပေါ့ပါးပြီး ဆွဲနိုင်ဆန့်နိုင် အကြမ်းခံတဲ့ ဒီအထည်ကို ရုရှား နာမည်ကြီး ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Rostec ၏ ကုမ္ပဏီခွဲ တခု ဖြစ်တဲ့ JSC Ruselectronics က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒီအထည်ကို ဆေးဖက်ဆိုင်ရာမှာလဲ အသုံးပြုနိုင်တယ်လို့ ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒီရေဒါစုပ်ယူနိုင်တဲ့ ferrite ကိုအခြေခံတဲ့ အစကို ထုတ်လုပ်ဖို့အတွက်ကို အချိန် ၃ နှစ်ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားဟာ ၂၀၀၈ ခုနှစ်ကတည်းက အဆင့်မြင့်နည်းပညာများတွင် ကွာဟမှုများလာသည့် အမေရိကန်နှင့် ရင်ဘောင်တန်းနိုင်ရန် စစ်ရေးနည်းပညာများတွင် ရင်းနှီးမြှပ်နှံမှုတွေ အဆက်မပြတ်ပြုလုပ်လာတာပါ။
ဒီလိုမျိုး ကြိုးစားခဲ့ပေမယ့် အချို့အရေးပါသည့် နည်းပညာများတွင် အမေရိကန်နောက်ကို တော်တော်ရောက်နေခဲ့ပါတယ်။

အထူးသဖြင့် ရေဒါပျောက်နည်းပညာမျိုးပါ။ ယခုအခါမှာတော့ ရုရှားနှင့်တရုတ်ဟာ ဒီနည်းပညာ ကွာဟမှုကို ကျဉ်းမြောင်းစေဖို့ ကြိုးစားနေကြပါတယ်။
NATO အဖွဲ့ ကလည်း သူတို့ရဲ့ ကိုယ်ပိုင် ရေဒါပျောက် ဝတ်စုံကို တူရကီမှ အသုံးပြုသည့် အဝတ်စကဲ့သို့ စစ်သည်၏ ခန္ဓာ ကိုယ်မှ အပူကို ပျံ့နှံ့စေပြီး အပူရှာဖွေစနစ်ကို ခြေရာဖျောက်နိုင်ကာ ရေဒါမြင်ကွင်းကိုပါရှာဖွေနိုင်မယ့် ယူနီဖောင်းမျိုးကို ထုတ်လုပ်ဖို့ ဆောင်ရွက်နေပါတယ်။
လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်က ဝစ်ကွန်ဆင် မယ်ဒီဆန် တက္ကသိုလ်မှ သုတေသနပညာရှင်များက အနီအောက် ရောင်ခြည်တွေကို တားဆီးနိုင်တဲ့ အလွန်ပါးလွှာတဲ့ အမဲရောင် စီလီကွန်အစကို ပြသခဲ့ပါသေးတယ်။
အမေရိကန်တို့ဟာ ဒီလိုဝတ်စုံသစ်ရဖို့ ယခင်ကတည်းက ကြိုးစားနေတာ ဖြစ်နိုင်ပြီး အလင်းလှိုင်းကို ကွေးစေနိုင်တဲ့ ကွမ်တန်ကိုယ်ပျောက်ဝတ်စုံများကို စိတ်ဝင်စားခဲ့ပြီး နောက်ပိုင်းမှာ ပယ်ဖျက်ခဲ့တယ်လို့ ကနေဒါကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟိုက်ပါစတဲ့လ် ကပြောဖူးပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။