စတီဖင်ဟော့ကင်း ကြိုတင် သတိပေးခဲ့သည့် လူသားများ ပျက်သုဉ်းစေမယ့် အကြောင်းအရာများ

Article Science

ကမ္ဘာကျော် သိပ္ပံပညာရှင် တဦး ဖြစ်သည့် စတီဖင်ဟော့ကင်း ဟာ တွင်းနက်များနှင့် ဒြပ်ဆွဲအားဆိုင်ရာ လေ့လာမှုများ အ တွက် ကျော်ကြားသည့် အပြင် ၎င်းဟာ လူ့အဖွဲ့အစည်းကို ဖျက်ဆီးနိုင်သည့် အရာများကိုလည်း ကြိုတင် ဟောကိန်း ထုတ် ခန့်မှန်းခဲ့ပါတယ်။

သူဟာ အာရုံကြောဆိုင်ရာ ရောဂါတခုကြောင့် မလှုပ်ရှားနိုင် စကားမပြောနိုင် (voice synthesizer ဖြင့် စကားပြောနေရ) ဖြစ်နေပေမယ့် လူသားတွေ ကြုံတွေ့လာရနိုင်မည့် အန္တရာယ်တွေကို ရအောင် အသိပေးခဲ့ပါတယ်။

အောက်ဖော်ပြပါ အကြောင်းအရာ ၃ ခုကတော့ စတီဖင်ဟော့ကင်း ပြောခဲ့တဲ့ လူ့အဖွဲ့အစည်းကို ပျက်သုဉ်း သွားနိုင်မယ့် အ ကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

Artificial Intelligence (AI) ခေါ် ဥာဏ်ရည်တု

၎င်းဟာ အရမ်း ကောင်းမွန်တဲ့ ဥာဏ်ရည်တု စနစ် AI များနှင့် ပတ်သက်ပြီးလည်း အလွန်အမင်း စိုးရိမ်နေခဲ့ပါတယ်။

သူဟာ ၂၀၁၄ ခုနှစ်က အပြည့်အဝ အလုပ်လုပ်နိုင်မယ့် ဥာဏ်ရည်တုတွေကို တီထွင်ခြင်းဟာ လူသားမျိုးနွယ်တွေရဲ့ နိဂုံးချုပ်ခြင်းကို ပုံဖော်တာ ဖြစ်နိုင်တယ်လို့ ၂၀၁၄ ခုနှစ်က BBC နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အယူအဆများဟာ ယနေ့ အာကာသနှင့် နည်းပညာဆိုင်ရာ လောကတွင် ထိပ်ဆုံးရောက်ရှိနေသည့် ကမ္ဘာ့ နံပါတ် ၁ သူဌေးကြီး Elon Musk တို့ကိုလည်း လွှမ်းမိုးစေခဲ့ပါတယ်။

SpaceX အာကာသ ကုမ္ပဏီနှင့် Tesla ကားကုမ္ပဏီတို့၏ CEO ဖြစ်တဲ့ Elon Musk ဟာ AI ကို “လူသားတွေ ဖြစ်တည်မှု အ တွက် အကြီးမားဆုံးသော အန္တရာယ်” ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

AI နည်းပညာကို လေ့လာနေသည့် သုတေသီ တော်တော်များကတော့ လူသားများဟာ ၎င်းတို့ကဲ့သို့ ဥာဏ်ရည်ရှိတဲ့ စက်ရုပ်တွေကို ဖန်တီးနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် မကြာသေးခင်က Google တွင် ရှိနေသည့် Chatbot ဟာ ၇ နှစ်မှ ၉ နှစ်ကြား ကလေး တယောက်၏ အသိဥာဏ်လောက် ရှိနေပြီလို့ အင်ဂျင်နီယာတယောက်က ထုတ်ပြောဖူးပါတယ်။

လူသားများ၏ ရန်လိုမှု

ဟော့ကင်းဟာ ကျွန်တော်တို့ရဲ့ စက်တွေက လူသားတွေကို အဆုံးမသတ်စေဘဲ လူသားတွေကသာ ကိုယ့်ဟာကို အဆုံးသတ်ဖို့ လုပ်နိုင်ဖွယ် ရှိတယ်လို့ ပြောဖူးပါတယ်။

ဥပမာအားဖြင့် နျူကလီးယား စစ်ပွဲ ဖြစ်ပွားပါက လူသား မျိုးနွယ်တွေကို ကမ္ဘာမြေပေါ်မှာ ပျောက်ကွယ် သွားစေနိုင်ပြီး လူ့အ ဖွဲ့အစည်းကို အဆုံးသတ်သွားနိုင်ပါတယ်။

၂၀၂၂ ခုနှစ် တိုင်းတာချက်များအရ ကမ္ဘာပေါ်တွင် နျူကလီးယား ထိပ်ဖူးပေါင်း ၁၃,၀၈၀ လောက် ရှိမယ်လို့ ခန့်မှန်းရပြီး ထို အရေအတွက်ဟာ ကမ္ဘာကြီးကို လူသားတွေ နေထိုင်လို့ မဖြစ်နိုင်လောက်အောင် ဖန်တီးလို့ရပါတယ်။

ဟော့ကင်းအနေဖြင့် အာကာသအတွင်း ရှာဖွေမှုများ ပြုလုပ်ခြင်းဟာ လူသားမျိုးနွယ် ရေရှည် ရပ်တည်နိုင်ဖို့အတွက် အရေး ကြီးတယ်လို့ ယူဆထားပါတယ်။

၎င်းက “လူသားတွေအတွက် ရေရှည်အနာဂါတ်က အာကာသအတွင်း ရှာဖွေမှုသာ ဖြစ်ပြီး ဒါဟာ အနာဂါတ် အတွက် အာမ ခံချက် ရှိလာနိုင်စေကာ အခြား ဂြိုဟ်များကို နယ်မြေချဲ့ထွင်ခြင်းဖြင့် လူသားမျိုးနွယ်‌ ကွယ်ပျောက်မှုကို ကာကွယ်နိုင်မယ်” လို့ Cambridge သတင်းနှင့် အင်တာဗျူးတွင် ပြောဖူးပါတယ်။

ဂြိုဟ်သားများ၏ ရန်စွယ်

၂၀၁၀ ခုနှစ်လောက်က စတီဖင်ဟော့ကင်းဟာ ဂြိုဟ်သားများနှင့် ပတ်သက်ပြီး သတိပေးဖူးပါတယ်။

၎င်းက တကယ်လို့ အသိဥာဏ်ရှိတဲ့ တခြား ကမ္ဘာမှ သက်ရှိတွေ ရှိနေပါက သူတို့အနေနဲ့ လူသားတွေနဲ့ ရင်းနှီးမှု ရှိလာမှာ မဟုတ်ဘူး လို့ ပြောခဲ့တာပါ။

ထိုသို့ ဖြစ်စဉ်ကို ခရစ်တိုဖာ ကိုလံဘတ် ပထမဆုံး အမေရိကတိုက်ကို ခြေချစဉ်က အမေရိကန် ဌာနေ အင်ဒီယန်း လူမျိုးတွေ ခံစားခဲ့ရသည့် သမိုင်းနှင့် ဟော့ကင်းက နှိုင်းယှဉ်ပြခဲ့တာပါ။

အခြား နေအဖွဲ့အစည်းများမှ အသိဥာဏ်မြင့် ဂြိုဟ်သားများဟာ ကမ္ဘာပေါ်သို့ တကယ်ကို ရောက်လာနိုင်ပါက ၎င်းတို့ဟာ လူသားတွေ လက်လှမ်းမှီသည့် နည်းပညာ၏ အလွန်တွင် သေချာပေါက် ရှိနေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လူသားတွေအနေနဲ့ ၎င်းတို့၏ အခိုင်းအစေ သော်လည်းကောင်း အစမ်းသပ်ခံသော်လည်းကောင်း ဖြစ်မလားဘူး ဆိုတာ ပြောလို့မရပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *