လွန်ခဲ့သည့် BC ၂,၅၀၀ လောက်က တည်ရှိခဲ့တယ်လို့ ယူဆရတဲ့ Stonehenge လို့ခေါ်တဲ့ စက်ဝိုင်းပုံစံ ဖြစ်နေသည့် ကြီးမားသည့် ကျောက်တုံးကြီးများပါသည့် အထိမ်းအမှတ် အဆောက်အဦးဟာ နွေရာသီနှင့် ဆောင်းရာသီတို့နှင့် လိုက်လျောညီထွေ ရှိသဖြင့် ရှေးခေတ် ပြက္ခဒိန် တခု အဖြစ်ယူဆထားခဲ့ကြပါတယ်။
အထိမ်းအမှတ် အဆောက်အဦးဟာ အင်္ဂလန်နိုင်ငံ ဝစ်ရှိုင်းယား (Wilshire) ခရိုင် အမတ်စ်ဘီရီမြို့ ၏ (Amesbury) မြောက်ဘက် ၂ မိုင်အကွာ စလစ်ဘူရီ (Slisbury) မြို့၏ မြောက်ဘက် ၈.၁ မိုင် အကွာတွင် တည်ရှိပါတယ်။
၎င်း၏ အလုပ်လုပ်ပုံကို အတိအကျ မသိရသေးပေမယ့် လေ့လာမှု အသစ်အရ အီဂျစ်တို့ အသုံးပြုခဲ့သည့် ၃၆၅.၂၅ ရက်ရှိတဲ့ နေကို အခြေခံသည့် ပြက္ခဒိန်လို အလုပ်လုပ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဒါဟာ ဆောင်းရာသီရဲ့ နေဝင်ချိန်တိုင်းကို ပြန်လည် ချိန်ညှိပေးတဲ့ ထာဝရ ပြက္ခဒိန်တခုပါ လို့ လေ့လာမှုကို ဆောင်ရွက်ခဲ့တဲ့ ဗြိတိန် Bournemouth တက္ကသိုလ်မှ Timothy Darvill က ပြောပါတယ်။
ဒီအဆောက်အအုံဟာ ၎င်းနှင့် အနီးတွင် နေထိုင်ကြသည့် ရှေးခေတ်လူများကို တနှစ်ပတ်လုံး နေ့နှင့် လများကို သိရှိနိုင်စေတယ်လို့ သိရပါတယ်။
Sarsen ကျောက်တုံး အများစုကို ၂၅ ကီလိုမီတာ အကွာ တူညီသည့် နေရာများမှ တွေ့ရှိခဲ့ပြီး Stonehenge နှင့် တူညီသည့် အချိန် တခု အတွင်းမှာ ထားရှိခဲ့တာ ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်က တွေ့ရှိ ခဲ့ရပြီးနောက် ပြက္ခဒိန်၏ သော့ချက်ကို သိရှိလာတာ ဖြစ်ပါတယ်။

ကြီးမားသည့် ကျောက်တုံး ၃၀ ကို စက်ဝိုင်း ပုံသဏ္ဍာန် စီရီထားပြီး ထောင့်မှန်စတုဂံ ပုံစံ ကျောက်တုံး ၄ တုံးကို အထိုင်ထားကာ ကျန်ရှိသည့် ကျောက်တုံး ၅ ခုကိုတော့ ဒေါင်လိုက် ကျောက်တုံး ၂ ခုပေါ်တွင် ကျောက်တုံးတတုံး အလျားလိုက် အပေါ်တွင် တင်ထားသည့် ပုံစံဖြင့် စက်ဝိုင်းအတွင်းမှာ တည်ဆောက်ထားပါတယ်။
၃၀၊ ၅ နှင့် ၄ တို့ဟာ ပြက္ခဒိန် သဘောတရားအရ စိတ်ဝင်စားစရာ ကောင်းတဲ့ ဂဏန်းတွေ ဖြစ်တယ်လို့ Darvill က ဆိုပါတယ်။
စက်ဝိုင်းရှိ ကျောက်တုံး ၃၀ ဟာ ရက်တွေကို ကိုယ်စားပြုပြီး ၁၂ နှင့် မြှောက်ပါက ၃၆၀ ကို ရရှိကာ ကျန်ရှိသည့် ကျောက်တုံး ၅ ခု ပေါင်းထည့် လိုက်ပါက ၃၆၅ ရက်ကို ရရှိနိုင်မယ်လို့ ပြောပါတယ်။
အထိုင်ထားသည့် ကျောက်တုံး ၄ ခုကတော့ ၄ နှစ်တိုင်းမှ ဖြစ်ပေါ်လာမယ့် ရက်ထပ်နှစ်၏ အပိုရက် တရက် အနေဖြင့် ယူဆထားပါတယ်။
တလတွင် ရက် ၃၀ ပါဝင်ပြီး ၅ ရက်တလ ထပ်ပေါင်းထားသည့် ပြက္ခဒိန်စနစ်ကို ယနေ့ ခေတ်မှာ မရင်းနှီးပေမယ့် ဒီလို စနစ်မျိုးကို အီဂျစ်များမှ ၂,၇၀၀ ဘီစီလောက်မှာ အသုံးပြုခဲ့ပါတယ်။
အလားတူ နေအခြေပြု ပြက္ခဒိန်များကို ထိုကာလလောက်မှာပဲ မြေထဲပင်လယ် အရှေ့ပိုင်း ဒေသတွင်လည်း အသုံးပြုခဲ့ပါတယ်။

Darvill ဟာ ကျောက်တုံးတွေ ထပ်ထားတဲ့ Trilithon ကျောက်တိုင် ၅ တိုင်ကို ဆောင်းရာသီ အလယ်ပိုင်းမှာ ကျင်းပတဲ့ အ ထိမ်းအမှတ်ရက် ၅ ရက်အဖြစ် ယူဆခဲ့ပါတယ်။
ဒါဟာလည်း ဆောင်းရာသီ အလယ်ပိုင်းမှာ Trilithon ကျောက်တိုင်များမှ အစိတ်အပိုင်းတွေရဲ့ တခုဟာ နေထွက်ချိန်ကို ညွှန် ပြ နေတဲ့အတွက် ခိုင်မာ အားကောင်းသည့် အယူအဆ တခု ဖြစ်ပါတယ်။
Stonehenge ပြက္ခဒိန်နှင့် ရှေးခေတ် အီဂျစ်မှာ အသုံးပြုခဲ့သည့် ပြက္ခဒိန်တို့ကြား ဆင်တူမှုဟာ Stonehenge စနစ် ကို အ ဝေးမှ ရောက်လာတာ ဖြစ်နိုင်တယ်လို့ အရိပ်အမြွက် ပြသနေပါတယ်။
မကြာသေးမီက ရှေးဟောင်း သုတေသန တခုကတည်း ထိုခေတ်က ခရီးဝေး သွားလာခြင်းနှင့် ကုန်သွယ်ခြင်း တို့ကို တွေ့ရှိထားပါတယ်။
ထိုသုတေသနတွင် Amesbury Archer လို့ အမည်ပေးထားတဲ့ Stonehenge နှင့် ၅ ကီလိုမီတာလောက် အကွာတွင် တည် ရှိသည့် Amesbury မြို့အနီးမှ ကြေးခေတ်က လေးသမားတယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ဘီစီ ၂,၃၀၀ လောက်က ထိုနေရာတွင် မြှုပ်နှံခဲ့ပုံပေါ်ပြီး ၎င်းကို အင်္ဂလန်နှင့် ဝေးကွာသည့် Alps တောင်တန်း ဒေသများမှာ မွေးဖွားခဲ့ကာ ဗြိတိန်ကို ဆယ်ကျော်သက်လောက်မှာ ရောက်ရှိခဲ့တယ်လို့ အိုင်ဆိုတုပ် ခွဲခြမ်း စိတ်ဖြာသည့် နည်းလမ်းသုံး လေ့လာမှုမှ တွေ့ရှိခဲ့ပါတယ်။

အလားတူ Stonehenge အနီး ၂ ကီလိုမီတာလောက် အကွာတွင် ဘီစီ ၂,၀၀၀ လောက်က အီဂျစ်တွင် ပြုလုပ်ခဲ့သည့် အနီရောင် ဖန်ပုတီးစေ့ကို တွေ့ရှိခဲ့ရပါတယ်။
ဒီလို တွေ့ရှိမှုတွေကြောင့် Stonehenge စနစ်ဟာ အီဂျစ်က ရောက်ရှိလာတယ်ဆိုတာ ပိုမို ဖြစ်နိုင်စေပေမယ့် အတည်မပြု နိုင်သေးပါဘူး။
မည်သို့ပင် ဆိုစေကာမူ ပဟေဠိ တခု ဖြစ်နေတဲ့ Stonehenge အထိမ်းအမှတ် နေရာအတွက် အကြောင်းပြချက် ခိုင်လုံမှု ရှိ သင့်သလောက် ရှိတဲ့ သုတေသန တခုတော့ ရှိလာပြီ ဖြစ်ပါတယ်။
ယခု သုတေသနကို Cambridge University Press တွင် အသေးစိတ် ဖော်ပြထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။