စကြဝဠာ အတွင်းမှ အထူးဆန်းဆုံး ကြယ်များ

Article Science

ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ စကြဝဠာ အတွင်းမှာ ကြယ်များရဲ့ ၇၀ ရာခိုင်နှုန်းဟာ မှေးမှိန်ပြီး သေးငယ်တဲ့ ကြယ်နီပုများ ဖြစ်ကြပါတယ်။

စကြဝဠာ အတွင်းမှာ အလွန့် အလွန် ကြီးမားလှတဲ့ ပုံမှန် မဟုတ်တဲ့ ကြယ်ကြီးတွေ၊ ဟိုက်ဒရိုဂျင်တွေ လောင်ကျွမ်းနေတဲ့ ကြယ်အစား ဓာတ်ငွေ့ဂြိုဟ်ကြီးတွေလို့တောင် ထင်ရလောက်အောင် သေးငယ်တဲ့ ကြယ်တွေလည်း ရှိပါတယ်။

အချို့ ကြယ်များကတော့ ၎င်းတို့ရဲ့ ဂလက်ဆီ အတွင်းမှာ လုံးဝ ထွက်သွားလောက်အောင် လျှင်မြန်စွာ ရွေ့လျားနေပြီး ရူပ ဗေဒ ဘောင်ကို ကျော်ပြီး တည်ရှိနေနိုင်တဲ့ theoretical star တွေလည်း ရှိပါသေးတယ်။

အဲဒီ့လို ထူးခြားတွေ ကြယ်တွေများထဲမှာ အောက်ပါ ကြယ် ၅ မျိုးကတော့ အထူးခြားဆုံး ဖြစ်နိုင်မယ့် ကြယ်တွေ ဖြစ်ပါတယ်။

အလွန့်အလွန် ကြီးမားသည့် ကြယ်ကြီး

UY Scuti လို့အမည်ပေးထားတဲ့ အနီရောင် ကြယ်ကြီးကတော့ သိရှိသမျှ ကြယ်များထဲမှာ အကြီးဆုံးဖြစ်ပြီး ကျွန်တော်တို့ နေအဖွဲ့အစည်းမှ နေ၏ အချင်းဝက်ထက် အဆပေါင်း ၁,၇၀၀ ရှိပါတယ်။

Image: Courtesy of Philip Park/Wikimedia Commons

ကမ္ဘာ၏ အချင်းဝက်ထက် အဆပေါင်း ၁၁၀ ရှိတဲ့ နေနှင့် အဆိုပါကြယ်ကြီးနှင့် နှိုင်းယှဉ်ပါက အရွယ်အစားဟာ အင်မတန်ကွာခြားနေတာကို သတိပြုမိပါလိမ့်မယ်။

UY Scuti ဟာ Scutum ကြယ်စု၏ တောင်ပိုင်းတွင် တည်ရှိတာဖြစ်ပြီး ကမ္ဘာမှ အလင်းနှစ် ၅,၁၀၀ လောက် ကွာဝေးပါတယ်။

၎င်းဟာ red supergiant ကြယ်အမျိုးအစား Betelgeuse နှင့် ဆင်တူပေမယ့် Betelgeuse ထက် ၃ ဆလောက် ပိုကြီးပြီး ဆူပါနိုဗာ ဖြစ်စဉ်ဖြင့် အဆုံးသတ်သွားဖွယ် ရှိနေပါတယ်။

အလေးလံဆုံး ကြယ်ကြီး

RMC 136a1 ဟာ သိရှိထားသမျှ ကြယ်များထဲမှာ ဒြပ်ထု အများဆုံးသော ကြယ်တလုံး ဖြစ်ပါတယ်။

၎င်းဟာ ကမ္ဘာမှ အလင်းနှစ် ၁၆၃,၀၀၀ လောက် အကွာအဝေးတွင် တည်ရှိပြီး နေ၏ ဒြပ်ထုထက် အဆပေါင်း ၃၁၅ ဆလောက် ပိုများပါတယ်။

Image: Courtesy of ESO/M. Kornmesse

ဒီကြယ်ကြီးဟာ တွေ့ရှိသမျှတွင် အတောက်ပဆုံးဖြစ်ပြီး နေထက် အဆပေါင်း ၉ သန်းလောက် ပိုမိုတောက်ပကာ ၁၀ ဆ ပိုမို ပူပြင်းပါတယ်။ ဒါ့အပြင် သာမန် ခရမ်းလွန်ရောင်ခြည်ထက် ၅၈ ဆ ပိုပြင်းတဲ့ ရောင်ခြည်တွေလည်း ထုတ်လွှတ်နေ ပါတယ်။

အချင်းဟာ မိုင် သန်း ၃၀ လောက်ရှိပြီး နေထက် ၃၅ ဆ ပိုမိုကြီးမားကာ သက်တမ်းအားဖြင့် နှစ် ၁ သန်းလောက် ရှိပြီလို့ ခန့်မှန်းထားရပါတယ်။

၎င်း၏ သဘာဝအရ ဆူပါနိုဗာ ပေါက်ကွဲမှုဖြင့် အဆုံးသတ်သွားဖွယ်ရှိပြီး အဲဒီ့နောက် တွင်းနက် (black hole) ဖြစ်သွားဖို့ ဖြစ်နိုင်ပါတယ်။

အသေးငယ်ဆုံး ကြယ်

ဟိုက်ဒရိုဂျင် နယူးကလိယက် ပေါင်းစပ်မှုမှ ဟီလီယံသို့ ပြောင်းလဲဖို့ လုံလောက်ရုံမျှ ဒြပ်ထုသာ ရှိပြီး စနေဂြိုဟ်ထက် အ နည်းငယ်သာသေးတဲ့ EBLM J0555-57Ab ကြယ်ဟာ တွေ့ရှိသမျှမှာ အငယ်ဆုံး ဖြစ်ပါတယ်။

ဒီကြယ်ဟာ ကြယ် ၂ လုံး စနစ်တခုမှ ကြယ်ဖြစ်ပြီး ကမ္ဘာမှ အလင်းနှစ် ၆၀၀ လောက် အကွာအဝေးတွင် တည်ရှိပါတယ်။

Image: Courtesy of Amanda Smith, University of Cambridge

အလွန်သေးငယ်ပြီး အလင်းရောင်မှိန်တဲ့အတွက် အဆိုပါ ကြယ်ကို တိုင်းတာမှုများ ပြုလုပ်ဖို့ရာ အလွန်ခက်ခဲပါတယ်။

Cambridge တက္ကသိုလ်ကတည်း နေအဖွဲ့အစည်း အတွင်းမှ ကျွန်တော်တို့ နေထက် ၂၀ ရာခိုင်နှုန်းအောက် ဒြပ်ထုနှင့် အရွယ်အစားရှိတဲ့ ကြယ်တွေကို တိုင်းတာဖို့ မလွယ်ကူဖူးလို့ မှတ်ချက်ပေးထားါပတယ်။

အမြန်ဆုံး ရွေ့နေသည့် ကြယ်

ကျွန်တော်တို့၏ နဂါးငွေ့တန်း ဂလက်ဆီထဲမှ အရှိန်ဖြင့် ရွေ့လျားကာ လွတ်မြောက်သွားမည့် ကြယ်များကို Hypervelocity star လို့ ခေါ်ကြပါတယ်။

မကြာသေးခင်က လေ့လာမှု မတိုင်ခင် သုတေသီများဟာ ထိုကဲ့သို့ ကြယ်များဟာ ဂလက်ဆီအလယ်ရှိ ကြီးမားတဲ့ တွင်းနက်များနှင့် ဒွိကြယ်ခေါ် နှစ်လုံးတွဲ ကြယ်စနစ်တို့ တုန့်ပြန်မှုကြောင့် ဖြစ်လာတာလို့ ယူဆခဲ့တာပါ။

ဒါပေမယ့် ၂၀၂၁ ခုနှစ်က Astronomy & Astrophysics တွင် ဖော်ပြခဲ့သည့် စာတမ်းတစောင်တွင် PG 1610+062 ဆိုသည့် ကြယ်ပြာတလုံးကို လေ့လာခဲ့ပြီး ထိုကြယ်ဟာ Carina-Sagittarius spiral arm လို့ခေါ်တဲ့ နဂါးငွေ့တန်း ဂလက်ဆီ လက်တံမှ ထွက်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Image: Courtesy of Centre de Données astronomiques de Strasbourg/SIMBAD/SDSS

စာတမ်း ပြုစုသူဟာ အူတိုင်ပျက်စီးပြီး စူပါနိုဗာ ပေါက်ကွဲမှု ဖြစ်လာတဲ့ အဖော်ကြယ်ကြောင့် PG 1610+062 ကြယ်ဟာ ထိုအမြန်နှုန်းကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

တနည်းအားဖြင့် ကြယ်နှစ်လုံးတွဲများဟာ အခြား ကြယ်များနှင့် တုန့်ပြန်ကာ ပိုမိုသေးငယ်သည့်ကြယ်ကို လောက်လွှဲကဲ့သို့ မြန်နှုန်းမြင့် လမ်းကြောင်းအတိုင်း တွန်းပို့လိုက်တယ်လို့ ဆိုလိုတာပါ။

သီအိုရီအရသာ ရှိသည့် ကြယ်

သီအိုရီအဖြစ်သာ ရှိနေသေးသည့် Thorne-Zytkow objects (TZOs) များဟာ သိပ်သည်းသည့် နျူထရွန်ကြယ်ကို ပျံ့နှံ့နေသည့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များက ဝန်းရံလာတဲ့အခါ ဖြစ်ပေါ်လာတယ်လို့ ၂၀၁၄ ခုနှစ်က Royal Astronomical Society မှ စာတမ်းတခုတွင် ဖော်ပြခဲ့ပါတယ်။

အလွန်ကြီးမားတဲ့ Supergiant TZO များဟာ ကြီးမားတဲ့ ကြယ်နီကြီးများ နှင့် အသွင်အပြင် တူလိမ့်မယ်လို့ ခန့်မှန်းထားပြီး ၎င်း၏ ရောင်စဉ်တွင် ပုံမှန်မဟုတ်သည့် လေးလံသော ဒြပ်စင်များနှင့် လစ်သီယံလိုင်းများ ပါဝင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီကြယ်တွေရဲ့ ဖြစ်တည်မှုကို သီအိုရိုဆိုင်ရာ ရူပဗေဒ ပညာရှင် Kip Thorne နှင့် Anna Zytkow တို့က ၁၉၇၀ ခုနှစ်များ တွင် ပထမဆုံး ယူဆခဲ့တာပါ။

Image: Courtesy of ESA/Hubble

၎င်းတို့ဟာ ကြယ်တလုံး၏ ဆိုပါနိုဗာ ပေါက်ကွဲမှုမှ တဆင့် ကျန်ရစ်သည့် အူတိုင်မှ တဆင့် နျူထရွန်ကြယ် အဲဒီ့နောက် ယခုလို ကြယ်တလုံး ဖြစ်လာတယ်လို့ ယူဆထားပါတယ်။

Van Belle ကတော့ ဒါဟာ အလွန်ကို မဖြစ်နိုင်ပေမယ့် အဖြစ်အပျက်တွေတော့ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

နက္ခဗေဒပညာရှင် Emily Levesque၊ Phil Massey နှင့် အဖွဲ့ဟာ ၂၀၁၄ ခုနှစ်က အလင်းနှစ် ၂ သိန်းလောက်မှာ ရှိတဲ့ HV2112 လို့ခေါ်သည့် TZO ပုံစံ ကြယ်ကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် ၎င်းကို TZO ဟုတ်မဟုတ် အတည်မပြုနိုင်သေးပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *